အာရှအတွက် နိုဝင်ဘာ ရေနံစိမ်းဈေး ဆော်ဒီအာရေဗျ မြှင့်တင်


09 October, 2023

အာရှအတွက် နိုဝင်ဘာ ရေနံစိမ်းဈေး ဆော်ဒီအာရေဗျ မြှင့်တင်

ရေနံစိမ်း ကမ္ဘာ့အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်သော ဆော်ဒီအာရေဗျသည် ၎င်း၏ အထင်ကရ ရေနံစိမ်းအကြဲ Arab Light ကို အာရှမှ ဝယ်လက်များအတွက် နိုဝင်ဘာလ ဈေးနှုန်းကို ထပ်တိုးလိုက်သည်။ ယခုအခါ ဈေးထပ်တိုးသည်မှာ ၅ လ ဆက်တိုက် ရှိသွားပြီဖြစ်သည်။

ဆော်ဒီအာရေဗျသည် လစဉ်လတိုင်း လဆန်း ၅ ရက်နေ့တွင် လာမည့်လအတွက် ရေနံစိမ်း ဈေးနှုန်းများကို ကြေညာသည်ဖြစ်ရာ အောက်တိုဘာလ ၅ ရက်နေ့တွင် နိုဝင်ဘာလအတွက် တရားဝင် အရောင်းဈေးနှုန်းများ official selling prices (OSP) ကို ထုတ်ပြန်ခဲ့သည်။ ရေနံစိမ်း ထုတ်လုပ်မှု အစီအစဉ်ကိုလည်း ထပ်မံအတည်ပြုခဲ့သည်။

 
နိုင်ငံပိုင် ရေနံလုပ်ငန်းကြီး Saudi Aramco သည် နိုဝင်ဘာလတွင် အာရှသို့ သင်္ဘောတင်မည့် Arab Light အတွက် တရားဝင်ရောင်းဈေး (OSP) ကို  တစ်စည်ကို ဆင့် ၄၀ ထပ်တိုးပြီး အိုမန်/ဒူဘိုင်း ပျမ်းမျှရေနံစိမ်း တစည်ဈေးနှုန်းအထက် ၄ ကန်ဒေါ်လာဟု သတ်မှတ်သည်။


ဆော်ဒီအာရေဗျသည် ၎င်း၏ဆန္ဒအလျောက် တစ်နေ့လျှင် စည်တစ်သန်း (barrels per day bpd) လျှော့ချ ထုတ်လုပ်သည်ကို   နိုဝင်ဘာနှင့် ၂၀၂၃ ဒီဇင်ဘာကုန်အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့ဖြစ်ရာ  နှစ်ကုန်အထိ တစ်နေ့လျှင် စည်ကိုးသန်း ထုတ်လုပ်မည် ဖြစ်သည်။ 

Saudi Aramco သည် အာရှသို့ တင်ပို့မည့် Extra Light ရေနံစိမ်းဈေးကိုလည်း ဈေးမြှင့်တင်သည်။  နိုဝင်ဘာလအတွက် ဆင့် ၅၀ ထပ်တိုးပြီး အိုမန်/ဒူဘိုင်း ပျမ်းမျှရေနံစိမ်း တစည်ဈေးနှုန်းအထက် ၃.၃၅ ဒေါ်လာဟု သတ်မှတ်သည်။
Arab Medium နှင့်  Arab Heavy တို့၏ OSP ကို မပြောင်းလဲပါ။

Source zawya
 

Energy News Read 360 times