ဆော်ဒီအာရေဗျ အာရှအတွက် ဧပြီရေနံစိမ်းဈေးနှုန်း တိုးမြှင့်


07 March, 2023

ဆော်ဒီအာရေဗျ အာရှအတွက် ဧပြီရေနံစိမ်းဈေးနှုန်း တိုးမြှင့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိပ်တန်းရေနံတင်ပို့သူ ဆော်ဒီအာရေးဗီးယားသည် ဧပြီလတွင် အာရှသို့ ရောင်းချမည့် အထင်ကရ ရေနံအကြဲစား Arab light ရေနံစိမ်း၏ ဈေးနှုန်းများကို အိုမန်/ဒူဘိုင်း ပျမ်းမျှအထက် တစ်စည်လျှင် ဒေါ်လာ ၂.၅၀ အထိ မြှင့်တင်ခဲ့ကြောင်း နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းကြီး Aramco က တနင်္ဂနွေနေ့ (မတ်၅) ညတွင် ပြောကြားခဲ့သည်။

Aramco ၏ အမှုဆောင် အရာရှိချုပ် Amin Nasser က လွန်ခဲ့သည့် သီတင်းပတ်က အလှည့်အပြောင်းရှိလိမ့်မည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်ထံမှ ဝယ်လိုအားက အရမ်းအားကောင်းနေတယ်" ဟု သူက မတ်လ ၁ ရက်တွင် Bloomberg မီဒီယာကို ပြောကြားခဲ့သည်။

 မတ်လအတွက် တရားဝင်ရောင်းဈေး official selling price (OSP) ထက် တစ်စည်ကို ဆင့် ၅၀ မြှင့်တင်ပြီး ဈေးတက်လိုက်ခြင်း ဖြစ်ပါသည်။
ဤသည်မှာ ဆော်ဒီရေနံစိမ်းဈေး ဆက်တိုက်လစဉ်မြင့်တက်မှု ဒုတိယမြောက်လ ဖြစ်ပါသည်။

 

 

Aramco သည် ယခင်လ ဖေဖော်ဝါရီတွင် မတ်လအတွက် ရေနံစိမ်း ဈေးနှုန်းများကို သတ်မှတ်ခဲ့ရာ၌ ခြောက်လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးမြှင့်ခဲ့သည်။ နိုင်ငံတကာဈေးကွက်တွင် ရေနံစိမ်းဈေးများ ကျဆင်းနေချိန်တွင် မတ်လအတွက် စျေးနှုန်းတက်ခဲ့ခြင်း ဖြစ်နေသဖြင့် ထိုသို့  စျေးတက်ခြင်းအပေါ်  အံ့အားသင့်ကြရသည်။

တရုတ်နိုင်ငံသည် ၎င်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော အမျိုးသားပြည်သူ့ကွန်ဂရက်တွင် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုကို ၅% ဝန်းကျင်ဟု အသင့်အတင့်သာ ရည်မှန်းထားသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှုကြောင့် ကမ္ဘာ့ထိပ်တန်း ရေနံတင်သွင်းသူ တရုတ်နိုင်ငံထံမှ လောင်စာဆီဝယ်လိုအား တက်လာမည်ဟု ဆော်ဒီက မျှော်လင့်ထားသည်။

ထည့်သွင်းစဉ်းစားစရာ အချက်တစ်ချက်မှာ PetroChina သည် တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်တွင် တစ်နေ့လျှင် စည် ၄၀၀,၀၀၀ ရေနံချက်စက်ရုံကို စတင်ရန် ပြင်ဆင်နေသည်။ ၎င်းရေနံချက်စက်ရုံသည် Arab Heavy ကဲ့သို့သော ရေနံအပျစ်စားအတွက် ဒီဇိုင်းထုတ်ထားသည့် စက်ရုံ ဖြစ်သည်။ သို့ဖြစ်ရာ ရေနံအပျစ် ဝယ်လိုအား မြင့်တက်မည် ဖြစ်သည်။ 

ဆော်ဒီအာရေးဗီးယားသည် Arab Light ထက် ဆာလဖာ ပါဝင်နှုန်း ပိုများသည့် ရေနံစိမ်း အပျစ်စား Arab Heavy ကို အိုမန်/ဒူဘိုင်း ပျှမ်းမျှ အထက် တစ်စည်ကို ၇၅ ဆင့်ဖြင့် တရားဝင်ရောင်းစျေး (OSP) ကို သတ်မှတ်ခဲ့သည်။ မတ်လထက် ၂.၅ ကန်ဒေါ်လာ မြှင့်တင်ပြီး ဈေးတက်လိုက်ခြင်း ဖြစ်ပါသည်။

Arab Medium နှင့် Arab Heavy ကဲ့သို့သော ရေနံအပျစ်စားများသည် ဆော်ဒီအာရေဗျ ရေနံစိမ်း ထုတ်လုပ်မှု စုစုပေါင်း၏ ၃၀% ခန့် ရှိသည်။

ကူဝိတ်သည် ရေနံစိမ်း တင်ပို့မှု လျှော့ချရန် မျှော်မှန်းထားသည်။ အဓိကအားဖြင့် အလယ်အလတ်အပျစ်စား  Kuwait Export Crude (KEC) တင်ပို့ မှု လျှော့ချမည်။ ကူဝိတ်မှ Al Zour ရေနံချက်စက်ရုံသည် ယခုနှစ်ကုန်ပိုင်းတွင် အပြည့်အဝ လည်ပတ်တော့မည် ဖြစ်သဖြင့် ရေနံထွက်ပစ္စည်းများ ပိုမိုတင်ပို့မည် ဖြစ်သည်။
KEC သည် Arab Heavy နှင့် အရည်အသွေး ဆင်ဆင်တူပါသည်။ သို့ဖြစ်ရာ KEC တင်ပို့မှု လျှော့သဖြင့် ဈေးကွက်ထဲတွင် ရေနံ အလယ်အလတ်အပျစ်စား ဈေးတက်ရန် အလာအလား ရှိနေသည်။

ဆော်ဒီရေနံစိမ်း အာရှဈေးနှုန်းသည်  Oman/Dubai ပျမ်းမျှနှင့် +/- ကွာခြားချက်ဖြင့် ဈေးနှုန်းကို သတ်မှတ်ပြောဆိုပါသည်။

ဆော်ဒီအာရေးဗီးယားသည် ကမ္ဘာ့အကြီးဆုံးရေနံတင်ပို့သည့်နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံနှင့်အတူ OPEC+ အုပ်စုကို ဦးဆောင်လျက်ရှိသည်။

၂၃ နိုင်ငံ မဟာမိတ်အဖွဲ့ OPEC+ က ထုတ်လုပ်မှုကို အနည်းဆုံး လာမည့်နှစ်အထိ မြှင့်တင်မည်မဟုတ်ကြောင်း အကြံပြုထားသည်။ 

Aramco သည် ၎င်း၏ ရေနံစိမ်းတင်ပို့မှု၏ ၆၀% ခန့်ကို အာရှသို့ ရောင်းချပြီးအများစုမှာ နှစ်ရှည်စာချုပ်များဖြင့် ရောင်းချပါသည်။ စျေးနှုန်းကို လစဉ်သုံးသပ်ပြီး သတ်မှတ်ပါသည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အများဆုံး ဝယ်ယူသည်။

Aramco ၏ စျေးနှုန်းဆုံးဖြတ်ချက်များကို အီရတ်နှင့် ကူဝိတ်တို့ကဲ့သို့ အခြားသော ပင်လယ်ကွေ့မှ ရေနံတင်ပို့သည့် နိုင်ငံများက လိုက်နာလေ့ရှိပါသည်။

Source Reuters, Bloomberg, Oilprice
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 192 times