ဆော်ဒီအာရေဗျက မီးစက်များအတွက် ရုရှားလောင်စာဆီများ ၂ ဆတိုး တင်သွင်း


15 July, 2022

ဆော်ဒီအာရေဗျက မီးစက်များအတွက် ရုရှားလောင်စာဆီများ ၂ ဆတိုး တင်သွင်း


ကမ္ဘာ့အများဆုံး ရေနံတင်ပို့သည့်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျသည် နွေရာသီတွင် အအေးဓာတ် လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် နိုင်ငံတော်၏ ကိုယ်ပိုင်ရေနံစိမ်းကို ပိုမိုတင်ပို့နိုင်စေရန်အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံမျာတွင် သုံးစွဲရန်အတွက် ဒုတိယသုံးလပတ်တွင် ရုရှားလောင်စာဆီပမာဏကို နှစ်ဆကျော် တင်သွင်းခဲ့ကြောင်း တွေ့ရှိရသော အချက်အလက်များနှင့် ကုန်သည်များ၏ ပြောကြားချက်များအရ သိရသည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအပေါ်  နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားသည် လောင်စာဆီများကို လျှော့ဈေးဖြင့်  ရောင်းချနေခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျသို့ ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုသည့် လောင်စာဆီ ရောင်းချမှု တိုးလာခြင်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ရုရှားကို အထီးကျန်စေရန်နှင့် ၎င်း၏ စွမ်းအင် တင်ပို့မှု ၀င်ငွေများကို ဖြတ်တောက်ရန် ကြိုးပမ်းနေချိန်တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုကို ပြသနေပါသည်။ နိုင်ငံအများအပြားတို့သည် ရုရှားထံမှ ရေနံနှင့် လောင်စာဆီများ ဝယ်ယူခြင်းကို တားမြစ်ပိတ်ပင်ထားသော်လည်း တရုတ်၊ အိန္ဒိယနှင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ရုရှားထံမှ ဝယ်ယူတင်သွင်းမှု တိုးလာခဲ့သည်။

ဘိုင်ဒင်သည် သောကြာနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ငွေကြေးဖောင်းပွမှုကို ဆိုးရွားစေသော ရေနံစျေးနှုန်း မြင့်တက်နေခြင်းကို လျှော့ချရန်အတွက် ဆော်ဒီအာရေဗျမှ ကမ္ဘာ့ဈေးကွက်များသို့ ရေနံရောင်းချမှု တိုးမြှင့်ရန် ကြိုးပမ်းခဲ့သည်။

ကာလတိုအတွင်း ဆော်ဒီအာရေဗျနှင့် အခြားရေနံတင်ပို့သည့် နိုင်ငံများအဖို့  တိုးမြှင့်ထုတ်လုပ်ရန်အတွက် ထုတ်လုပ်နိုင်စွမ်း အနည်းမျှသာ တတ်နိုင်ကြသည်။ 

 ဆော်ဒီအာရေဗျသည် OPEC အဖွဲ့ဝင်များ၏ ဦးဆောင်သူ နေရာတွင် ရှိနေပြီး အိုပက်အဖွဲ့ဝင်မဟုတ်သော ရေနံတင်ပို့သည့် နိုင်ငံများအကြားတွင် ရုရှားသည် ဦးဆောင်သူ နေရာတွင် ရှိနေသည်။ သို့ဖြစ်ရာ ဆော်ဒီအာရေဗျအနေဖြင့် OPEC+ တွင် ပါဝင်နေသော ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါသည်။

သင်္ဘောခရီးစဉ်များကို မှတ်တမ်းတင်ပေးနေသည့် Refinitiv Eikon မှတစ်ဆင့် ရိုက်တာသတင်းဌာန ရရှိသော အချက်အလက်များအရ ဆော်ဒီအာရေဗျသည် ရုရှားထံမှ လောင်စာဆီ တန်ချိန် ၆၄၇,၀၀၀ တန်ကို  အက်တိုးနီးယားရှိ ဆိပ်ကမ်းများမှ တစ်ဆင့် ဧပြီလမှ ဇွန်လအတွင်း တင်သွင်းခဲ့သည်။ ယမန်နှစ် အလားတူကာလတွင်  တန်ချိန် ၃၂၀,၀၀၀ တင်သွင်းခဲ့သည်ထက် ၂ဆ နီးပါး တင်သွင်းခဲ့ခြင်း ဖြစ်သည်။ 

၂၀၂၁ တစ်နှစ်လုံးတွင် ဆော်ဒီအာရေဗျက ရုရှားထံမှ လောင်စာဆီ တန်ချိန် ၁.၀၅ သန်း တင်သွင်းခဲ့သည်။ 

စွမ်းအင်ဆန်းစစ်လေ့လာရေးလုပ်ငန်း Vortexa က ရုရှားမှလာသော လောင်စာဆီကုန်စည်များသည် အီဂျစ်နှင့် အက်စ်တိုနီးယားတို့မှတစ်ဆင့် ဆော်ဒီအာရေဗျသို့ ရောက်ရှိလာကြသည်ဟု ပြောကြားသည်။ 
အီဂျစ်ထံမှ ဆော်ဒီအာရေဗျ တင်သွင်းသည့် လောင်စာဆီသည် ဇွန်လတွင် စံချိန်သစ်တင်ခဲ့ရာ တစ်ရက်လျှင် စည်ပေါင်း (barrel per day - bpd) ၁၁၀,၀၀၀ ရှိခဲ့သည်။ ၎င်းလတွင် ရုရှားထံမှ အီဂျစ်တင်သွင်းသည့် လောင်စာဆီပမာဏသည် တစ်ရက်လျှင် စည်ပေါင်း ၇၀,၀၀၀ အထိ စံချိန်သစ်တင် ခုန်တက်သွားခဲ့သည်။ 

"ရာသီအလိုက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ထုတ်လုပ်ရေးအတွက် လိုအပ်နေတဲ့ လောင်စာဆီတင်သွင်းမှုသည် ဇွန်လတွင် တစ်ရက်လျှင် စည်ပေါင်း ၃၂၀,၀၀ သို့ ရောက်အောင် တွန်းတင်ခဲ့ပြီး ၂၀၂၀  နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးဖြစ်သည်" ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျသည် ရုရှားလောင်စာဆီကို တင်သွင်းနေသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ဆော်ဒီအာရေဗျမှ ထွက်သည့် ရေနံစိမ်းကို ချက်လုပ်သန့်စင်သော လောင်စာဆီကို သုံးစွဲခြင်းအစား ရုရှားလောင်စာဆီကို သုံးစွဲသဖြင့် ရေနံစိမ်းများ အကုန်သက်သာနေပြီး ပြည်ပသို့ တင်ပို့ကာ နိုင်ငံတကာဈေးကွက်ထဲတွင် ပိုမြင့်မားသောဈေးနှုန်းများဖြင့် ရောင်းချနိုင်နေစေသည်။ 

ဆော်ဒီအာရေဗျမှ မြို့ကြီးများသည် သဘာဝဓာတ်ငွေ့သိုက်များနှင့် ဝေးကွာနေသဖြင့် မီးစက်များကို လောင်စာဆီဖြင့်သာ မောင်းနှင်ကြသည်။ 

နွေရာသီ လများတွင် စည်ပေါင်း ၆၀၀,၀၀ ခန့် သုံးစွဲပြီး ဆောင်းရာသီ လများတွင် စည်ပေါင်း ၃၀၀,၀၀၀ သုံးစွဲရသည်။ အလှမ်းမီသော နေရာများတွင် သဘာဝဓာတ်ငွေ့ကို မီးစက်များအတွက် ပိုမိုသုံးစွဲပေးခြင်းဖြင့် ၂၀၁၀ တွင် မီးစက်များအတွက် သုံးစွဲသော လောင်စာဆီ ပမာဏသည် စည်ပေါင်း ၁ သန်း အထိ လျော့ကျခဲ့သည်။ 
အရှေ့အလယ်ပိုင်း လောင်စာအချက်အချာ Fujairah ဆိပ်ကမ်းမြို့ထံမှလည်း ဆော်ဒီအာရေဗျက ရုရှားလောင်စာဆီများကို တင်သွင်းလျက် ရှိသည်ဟု ကုန်သည်များက ပြောကြားသည်။ 

ယူအေအီး ရှိ ဆိပ်ကမ်းမြို့ကြီး Fujairah သည် ယခုနှစ်တွင် ယခုအထိ ရုရှားလောင်စာဆီ တန်ချိန် ၁.၁၇ သန်း လက်ခံရရှိခဲ့ပြီးပြီ ဖြစ်သည်။ ယမန်နှစ် အလားတူကာလတွင် ရုရှားလောင်စာဆီ တန်ချိန် ၀.၉ သန်းမျှသာ ရယူခဲ့သည်။ 
ဇူလိုင်လတွင် နောက်ထပ် တန်ချိန် ၀.၉ သန်း ရောက်ရှိလာနိုင်သည်ဖြစ်ရာ စုစုပေါင်း တန်ချိန် ၂.၁ သန်းအထိ ရှိလာမည် ဖြစ်သည်။ ၂၀၂၁ တစ်နှစ်လုံး ရယူခဲ့သည့် ရုရှားလောင်စာဆီ ပမာဏမှာ ၁.၆၄ သန်းမျှသာ ရှိသည်။ ယခု တစ်နှစ်မပြည့်သေးသည့် ကာလတွင် တင်သွင်းထားသည်က ပိုများနေသည်။ 
Fujairah တွင် အများဆုံး ရောင်းချသည်မှာ သင်္ဘောများအတွက် လောင်စာများများ ဖြစ်ပြီး အချို့ကို အိမ်နီးနားချင်းနိုင်ငံများသို့  တင်ပို့သည်။ 
Fujairah မှ ရုရှားလောင်စာဆီ မည်ရွေ့မည်မျှ ဆော်ဒီအာရေဗျသို့ တင်ပို့သည်ကို ရှင်းရှင်းလင်းလင်း မသိရချေ။
#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U
Source: Reuters

Export, Import Energy News Read 8599 times