ရုရှားရေနံဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များ အမေရိကန်သို့ အိန္ဒိယပေးပို့ဟုဆို


20 August, 2022

ရုရှားရေနံဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များ အမေရိကန်သို့ အိန္ဒိယပေးပို့ဟုဆို

 

ရုရှားရေနံဖြင့် ထုတ်လုပ်ကြောင်း ဖုံးကွယ်ထားသည့် လောင်စာဆီများကို အိန္ဒိယက အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ပေးပို့နေသည်ဟု အမေရိကန်က ပြောကြားကြောင်း အိန္ဒိယဗဟိုဘဏ်က ပြောကြားပါသည်။


အိန္ဒိယနိုင်ငံတွင် မကြာသေးမီက ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင်  အိန္ဒိယနိုင်ငံ ဗဟိုဘဏ်ဖြစ်သည့် Reserve Bank of India ၏ ငွေကြေးမူဝါဒဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ် ပက်ထရာက အမေရိကန်ဘဏ္ဍာရေးဌာနမှ အဆိုပါကိစ္စကို အကြောင်းကြားထားသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း  Bloomberg က သတင်းဖော်ပြခဲ့သည်။

အိန္ဒိယမှ ရေနံတင်သင်္ဘောသည် ရုရှားရေနံသယ်ယူလာသည့် ရေနံတင်သင်္ဘောနှင့် ပင်လယ်ပြင်တွင် ဆုံတွေ့ပြီး ရုရှားရေနံများကို သင်္ဘောပြောင်းတင်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနမှ ပြောကြားခဲ့သည်။
ရုရှားရေနံ ရယူထားသည့် သင်္ဘောသည် အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်း‌ခြေရှိ ဂူဂျာရပ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး ရုရှာရေနံများကို ချပေးကြောင်း၊ ၎င်းရေနံစိမ်းများဖြင့် တစ်ခါသုံး ပလတ်စတစ် ထုတ်လုပ်ရာတွင် သုံးစွဲသည့် ကုန်ကြမ်းအဖြစ်သို့ ပြောင်းလဲကြောင်း ပက်ထရာက ပြောကြားသည်။  ထိုကုန်ကြမ်းများကို သင်္ဘောပေါ် တင်ပေးပြီး ၎င်းသင်္ဘောက သွားရောက်ရမည့် ဆိပ်ကမ်း မသိရဘဲ ပင်လယ်ပြင်သို့ ထွက်ခွာသည်။ ပင်လယ်ထဲရောက်မှ သွားရမည့် ဆိပ်ကမ်းမှာ နယူးယောက်ဆိပ်ကမ်း ဖြစ်ကြောင်း အကြောင်းကြား အသိပေးသည်ဟု ၎င်းက ပြောကြားသည်။


ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့်  ရုရှားစွမ်းအင်ထုတ်ကုန်တတင်သွင်းမှုကို အမေရိကန်က တားမြစ်ထားသဖြင့် မူရင်းနိုင်ငံ ရုရှားကို ခြေရာဖျောက်ပြီး ရုရှားရေနံမှ ရရှိသည့် ထုတ်ကုန်ကို အမေရိကန်သို့ အိန္ဒိယမှ တင်ပို့နေခြင်းဖြစ်သည်။

အိန္ဒိယနှင့် တရုတ်တို့သည် ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လူသိရှင်ကြား ဝေဖန်ရှုံ့ချခြင်း မပြုချေ။ ပိတ်ဆို့အရေးယူခြင်း မပြုကြချေ။ 
နှစ်နိုင်ငံသည်  ချိုသာသော ဈေးနှုန်းများဖြင့် ရောင်းချနေသည့် ရုရှားရေနံကို စိတ်အားထက်သန်စွာ ဝယ်ယူလျက်ရှိသည်။ ယခုနှစ်အတွင်း ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းချမှုမှ အံ့မခန်းဝင်ငွေများ ရရှိအောင် ကျေးဇူးပြုပေးခဲ့ကြသည်။

 ရုရှားသည် အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ ရေနံရောင်းချမှုမှ သုံးလအတွင်း ဒေါ်လာ ၂၄ ဘီလီယံ ရရှိခဲ့ပြီး ယခုနှစ်တွင် ဝင်ငွေ ဒေါ်လာ ၂၈၅ ဘီလီယံ ရရှိမည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။ ၎င်းနှစ်နိုင်ငံ ယမန်နှစ်က မှာယူမှုပမာဏထက် ၂၀ ရာခိုင်နှုန်း ကျော်လွန်သွားသည်။
 #MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U
 Source: businessinsider

Global News Read 493 times