ရုရှားလောင်စာဆီ အာရှဈေးကွက်ထဲသို့ အလုံးအရင်းဖြင့် စီးဝင်


23 September, 2022

ရုရှားလောင်စာဆီ အာရှဈေးကွက်ထဲသို့ အလုံးအရင်းဖြင့် စီးဝင်

ရုရှားသည် လာမည့်လများအတွင်း အာရှနှင့် အရှေ့အလယ်ပိုင်းသို့ လောင်စာဆီ ပိုမိုတင်ပို့နိုင်ဖွယ်ရှိသည်။ 

အိန္ဒိယနှင့် တရုတ်တို့သည်  Morgan Stanley ၏ အဆိုအရ  ပြီးခဲ့သောလက ရုရှားရေနံနှင့်  လောင်စာဆီများ တစ်ရက်လျှင် စည်ပေါင်း 2.7 သန်းကို မှာယူခဲ့ကြောင်း၊ ယခင်နှစ်ထက် ၅၄ ရာခိုင်နှုန်း ပိုများခဲ့ပါသည်။  S&P Global Commodities at Sea မှအချက်အလက်များအရ အိန္ဒိယနှင့် တရုတ်တို့သည် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် ရုရှားရေနံ ဝယ်ယူမှု  တိုးမြှင့်ခဲ့ကြသည်။ 
ဩဂုတ်လတွင် ရုရှား‌ရေနံနှင့် ဓာတ်ငွေ့များအတွက် တရုတ်၏အသုံးစရိတ်သည် စံချိန်တင်ဒေါ်လာ ၈.၃ ဘီလီယံအထိရှိခဲ့ကြောင်း အကောက်ခွန်အချက်အလက်များက ဖော်ပြသည်။

 အာရှမှ နိုင်ငံငယ်များသည်လည်း တင်သွင်းမှု  တစ်ရက်လျှင် ၅၆၁,၀၀၀ မှ စည် ၉၂၆,၀၀၀ သို့ တိုးလာခဲ့ကြောင်း Morgan Stanley ၏ မကြာသေးမီက ထုတ်ပြန်သော ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

မြန်မာ နှင့် သီရိလင်္ကာကဲ့သို့သော နိုင်ငံငယ်အချို့ရှိ ၀ယ်လက်များက   ရုရှားထံမှ လောင်စာဆီ ဝယ်ယူကြောင်း တရားဝင်ပြောကြားခဲ့ကြသည်။ အင်ဒိုနီးရှားသည်လည်း တွင် ရုရှားထံမှ လောင်စာဆီ ဝယ်ယူရန် ဆွေးနွေးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 
 


ရုရှားရေနံနှင့် လောင်စာ ကုန်သွယ်မှုများ ဆက်လက်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ရုရှားရောင်းချသူများသည် တည်ရှိနေသည့် ရုရှားရေနံဈေးကွက်ကို ဖွံ့ဖြိုးကြီးထွားလာစေရန် နည်းပရိယာယ် အမျိုးမျိုးဖြင့် တင်ပို့ပေးလျက် ရှိသည်။ နိုင်ငံတစ်ခုသို့ တင်ပို့ပြီး ၎င်းနိုင်ငံမှ  ပြန်လည်တင်ပို့ခြင်း re-export နည်းလမ်း၊ သင်္ဘောပြောင်းတင်ပေးသည့် ship-to-ship transfer နည်းလမ်း စသည်တို့ကို သုံးစွဲပြီး 'ရုရှား' မူရင်းမူလကို ဖျောက်ကြသည်။ 


၁။ တံဆိပ်ပြောင်းလဲ သုံးစွဲခြင်း

ရုရှားလောင်စာဆီကို ဒေသတွင်း ဖြန့်ဖြူးရေးဗဟိုချက်များမှတစ်ဆင့် အာရှသို့  စီးဆင်းစေသည်။ ထိုဗဟိုချက်တို့တွင် ကုန်းမြေပေါ်မှ လှောင်ကန်ကြီးများအပြင် ပင်လယ်ထဲတွင် အရွယ်အစား ကြီးမားသော ဆီတင်သင်္ဘောကြီးများဖြင့်လည်း လောင်စာဆီအမျိုးမျိုးကို သိုလှောင်ထားရှိပြီး ဈေးကွက်ထဲသို့ ဖြန့်ဖြူးပေးသည်။ ထိုအခါ ဖြန့်ဖြူးသည့် ဗဟိုချက်တည်ရှိရာ နိုင်ငံကို ကုန်စည်အတွက် မူရင်းနိုင်ငံအဖြစ် ဖော်ပြပြီး တင်ပို့သည်။ လေဘယ်တံဆိပ် ပြောင်းကပ်ပေးလိုက်သည်။  ဥပမာ စင်ကာပူတွင် ချက်လုပ်သန့်စင်သည့် လောင်စာဆီအဖြစ်ဖြင့် ဖြန့်ဖြူးမည် ဖြစ်သည်။ 

 

 

Vortexa Ltd. မှ သင်္ဘောခြေရာခံ ဒေတာများအရ အရှေ့အလယ်ပိုင်းနှင့် အာရှရှိ ခရီးစဉ်များတွင်  ရုရှားလောင်စာဆီများ သိသိသာသာ တိုးလာမှုကို ပြသသည်။ ဖြန့်ဖြူးရေး ဗဟိုချက် တစ်ခုဖြစ်သော  Fujairah တည်ရှိရာ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ရေနံနှင့် လောင်စာဆီ ကုန်တင်ကုန်ချခြင်းများသည် ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက ငါးဆနီးပါး ခုန်တက်ခဲ့သည်။ ဖြန့်ဖြူးရေး ဗဟိုချက် တစ်ခုဖြစ်သော  စင်ကာပူသို့  ပို့ဆောင်မှုမှာ ၂၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အီဂျစ်၊ တရုတ်၊ ဆော်ဒီအာရေးဗီးယားနှင့် မလေးရှားသို့ တင်ပို့မှုမှာလည်း သိသိသာသာ မြင့်တက်လာသည်။

 


၂။ သင်္ဘောပြောင်းတင်ခြင်း

သင်္ဘောတစ်စီးမှ အခြားတစ်စီး သို့မဟုတ် တစ်စီးထက်ပိုသော သင်္ဘောများပေါ်သို့ ကုန်စည်ပြောင်းတင်ပေးသော Ship-to-Ship Transfer နည်းလမ်းကိုလည်း အသုံးများသည်။ ရှေးယခင်ကတည်းက သုံးနေကျ နည်းလမ်းဖြစ်သည်။ 

ပထမသင်္ဘောသည် ရုရှားနိုင်ငံမှ ကုန်စည်ကို သယ်ယူလာပြီး နောက်သင်္ဘောတစ်စင်းထံသို့ ကုန်စည်ကို ပြောင်းတင်ပေးသည်။ ဒုတိယသင်္ဘောက ယင်းကုန်စည် တင်သွင်းသည့် နိုင်ငံဆီသို့ ပို့ဆောင်ပေးသည်။

ရုရှားနိုင်ငံ အနောက်ဘက်ရှိ ဆိပ်ကမ်းများမှ ဇွန်လမှ ဩဂုတ်လအတွင်း တင်ဆောင်လာသော ရုရှား  ဒီဇယ်နှင့် လောင်စာဆီများ၏ ၂၀ ရာခိုင်နှုန်းမှ ၂၃ ရာခိုင်နှုန်းကို သင်္ဘောပြောင်းတင်ပေးပြီး ခရီးဆုံးနိုင်ငံသို့ ဆက်လက် ပို့ဆောင်ကြသည်ဟု Vortexa ၏ အာရှရေးရာ ဆန်းစစ်ရေးလုပ်ငန်း Serena Huang ၏ အချက်အလက်များအရ သိရသည်။

မကြာသေးမီက ဥပမာတစ်ခုမှာ ခရီးတာ အလယ်အလတ်သွားသည့် ရေနံတင်သင်္ဘော Sea Pride သည် ဩဂုတ်လကုန်တွင် ရုရှားနိုင်ငံ Tuapse မှ ဆာလဖာပါဝင်မှု မြင့်မားသော လောင်စာဆီ high-sulfur fuel oil  HSFO တင်ဆောင်ခဲ့သည်။
ထို့နောက် ဂရိနိုင်ငံ Kalamata ရှိ ပိုမိုကြီးမားသော Suezmax သင်္ဘော Kriti Breeze သို့ လွှဲပြောင်းပေးခဲ့ကြောင်း Vortex နှင့် Bloomberg အချက်အလက်များအရ သိရသည်။
Kriti Breeze သည် အဆိုပါကုန်စည်ကို တရုတ်နိုင်ငံ Zhoushan သို့ ပို့ဆောင်ပေးခဲ့သည်။


၃။ ထွန်းသစ်စနိုင်ငံများ

အီးယူနိုင်ငံအများအပြားသည် ရုရှား ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ ဝယ်ယူခြင်း မပြုရန်  တင်းကျပ်ထားသဖြင့် အခြား‌ဈေးကွက်များကုိ ရုရှားက ရှာဖွေခဲ့သည်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊  မြန်မာနှင့် အင်ဒိုနီးရှားတို့ထံ တင်ပို့နိုင်မည့် အလားအလာများ ရရှိခဲ့သည်။
အဆိုပါ နိုင်ငံအချို့သည် စျေးပိုကြီးသော လောင်စာဆီတင်သွင်းမှုအတွက် ငွေပေးချေရန် ရုန်းကန်နေရပြီဖြစ်ပြီး စျေးသက်သာသော ရုရှားရေနံနှင့် လောင်စာများကို ငြင်းပယ်ဖို့ ခဲယဉ်းသည်။

အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်သော အင်ဒိုနီးရှားတွင် နိုင်ငံပိုင်ရေနံကုမ္ပဏီ Pertamina နှင့် ရုရှားတို့အကြား ယခုလအတွင်း ရုရှားထံမှ ရေနံ ဝယ်ယူရန် အလားအလာကို ဆွေးနွေးခဲ့ကြသည်။ လောင်စာဆီကို ဝယ်ယူမည် မဟုတ်ဘဲ ရေနံကို ဝယ်ယူပြီး Pertamina ၏ ရေနံချက်စက်ရုံတွင် ချက်လုပ်သန့်စင်မည်ဖြစ်သည်။ 


၄။ ပင်လယ်ပြင်တွင် သိမ်းဆည်းထားခြင်း

ရုရှား၏ လောင်စာဆီ အာရှသို့ စီးဆင်းမှု တိုးလာသည့်အခါ အာရှသည် တိုးလာသမျှ ပမာဏ အကုန်လုံးကို သုံးစွဲနိုင်မည်မဟုတ်ချေ။ စီးပွားရေးများ နှေးနေသဖြင့် အသုံးလျော့ကျမည့် အလားအလာ ရှိနေသည်။
ထိုအခါ ပိုလျှံနေသည့်ပမာဏကို ပင်လယ်ပြင်တွင် ဆီတင်သင်္ဘောကြီးများဖြင့် သိမ်းဆည်းထားကြရမည် ဖြစ်သည်။ 
အာရှဈေးကွက်ထဲတွင် နက်ဖ်သာ naphtha နှင့် ဆာလဖာ ပါဝင်မှု မြင့်မားသည့် လောင်စာဆီ high-sulfur fuel oil  HSFO တို့ ရုရှားမှ အဝင်များသဖြင့် ပိုလျှံနေသည်။ 

ကမ္ဘာတစ်ဝှမ်းတွင် ရုရှားရေနံစိမ်းနှင့် ရေနံထွက်ကုန်များ သိုလှောင်ထားသည့် ပမာဏသည် ယခုနှစ်စတွင် စည် ၂.၉ သန်း ရှိခဲ့ရာမှ စက်တင်ဘာ ၁၁ ရက်အထိ စည် ၅.၆၇ သန်းအထိ မြင့်တက်ခဲ့ကြောင်း Kpler အချက်အလက်များအရ သိရသည်။
Source indiatimes
#MyanmarIndustriesGuide
To join Telegram Channel  https://t.me/Guid4U

Energy News Read 630 times