ယူကရိန်းဂယက် စံချိန်သစ်တင် ဈေးအတက်နှင့် ဈေးအကျများ ဖြစ်ပေါ်


25 February, 2022

ယူကရိန်းဂယက် စံချိန်သစ်တင် ဈေးအတက်နှင့် ဈေးအကျများ ဖြစ်ပေါ်

ယူကရိန်းဂယက်ကြောင့် အခြားစားသောက်ကုန်ပစ္စည်းများနည်းတူ စားအုန်းဆီကြမ်းcrude palm oil (CPO) ဈေးနှုန်လည်း ဈေးခုန်တက်ပြီး တစ်တန်လျှင် ရင်းဂစ် ၇,၀၀၀ ဝန်းကျင်သုိ့ မကြုံစဖူး ရောက်ရှိခဲ့ပါတယ်။ 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မတ်လအတွက် CPO တစ်တန် ကြိုပွိုင့်ဈေးနှုန်း ရင်းဂစ် ၇၀၉၃ ဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ဈေးပိတ်ခဲ့ပါတယ်။ ၂၀၂၂ ဧပြီလအတွက် CPO တစ်တန် ကြိုပွိုင့်ဈေးနှုန်း ရင်းဂစ် ၆,၇၈၆ ဖြင့် ဈေးပိတ်ခဲ့ပါတယ်။ 
မေလကြိုပွိုင့်ဈေးနှုန်း ရင်းဂစ် ၆,၄၅၈ ဖြင့် ဈေးပိတ်ခဲ့ပါတယ်။

စားအုန်းဆီကြမ်း ဈေးတက်တာက ကာလတို ရင်းနှီးမြှုပ်နှံသူများနှင့် ဈေးကစားသူများက စားအုန်းဆီကြမ်း ထုတ်လုပ်မှုလျော့ကျပြီး မလုံမလောက် ဖြစ်နေတာကို အခွင့်ကောင်းယူဖို့ ဝယ်ယူကြတာကြောင့် ဈေးခုန်တက်ကုန်ကြောင်း Rakuten Trade Sdn Bhd မှ သုတေသနဌာန ဒုဌာနမှူး Thong Pak Leng က ပြောကြားပါတယ်။
"CPO အကျပ်အတည်း ဆက်ရှိနေဦးမှာ ဖြစ်ပြီး ကာလတိုနှင့် ကာလလတ် ဝယ်ယူလိုမှုများ ဆက်ရှိနေဦးမယ်" လို့ ၎င်းက ပြောပြပါတယ်။
"စိုက်ခင်းသမားတွေအဖို့ ဈေးကောင်းရလို့ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်" လို့ ၎င်းက ပြောပြပါတယ်။
CPO ဈေးအမြင့်က ကာလရှည် တည်တံ့မှာ မဟုတ်ဘူးလို့ ၎င်းက သုံးသပ်ပါတယ်။

အလူမီနီယမ်
ရုရှားက အလူမီနီယမ် အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်တာကြောင့် လန်ဒန် သတ္တုအိပ်ချိန်းမှာ အလူမီနီယမ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃,၄၄၉ ဖြင့် စံချိန်သစ်တင်ပါတယ်။


စတော့ရှယ်ယာများ ဈေးကျ
အာရှမှာ စတော့ရှယ်ယာများ ထုတ်ရောင်းကြလို့ ၄% ဈေးကျပါတယ်။ ဂျာမနီမှာ ၅% ကျဆင်းပါတယ်။ အမေရိကန်မှာလည်း အလားတူ ကျဆင်းနေပါတယ်။
ရုရှားမှာလည်း ၄၀% ဈေးကျပါတယ်။ စံချိန်တင်ဈေးထိုးကျမယ့်အရေးကို ထိန်းဖို့ မော်စကို စတော့အိပ်ချိန်းကို ရပ်ဆိုင်းထားခဲ့ပြီး ပြန်စချိန်မှာ ထိန်းမနိုင်အောင် ကျဆင်းခဲ့တာဖြစ်ပါတယ်။

ငွေကြေး
ရုရှားနိုင်ငံသုံးငွေ ရူဘယ်ရဲ့ အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်း၊ ယူရိုဒေါ်လာနှင့် ငွေလဲနှုန်းတို့ ကျဆင်းခဲ့ပါတယ်။
ဘယ်လာရူနိုင်ငံသုံးငွေ ရူဘယ်လည်း စိုက်ဆင်းနေပါတယ်။

ခရစ္စပတို
ဘစ်ကွိုင် ၆% ကျဆင်းတယ်။ အီသာ ၉% ကျဆင်းတယ်။


ရေနံနှင့် ဓာတ်ငွေ့
ရေနံစိမ်း ဈေးနှုန်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်သို့ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နောက်ပိုင်း အမေရိကန်ဒေါ်လာ ၁၀၀ ကျော် ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ Brent ရေနံစိမ်း ကြိုပွိုင့် တစ်စည်ဈေးနှုန်း ၁၀၅ အမေရိကန်ဒေါ်လာအထိ မြင့်တက်တယ်။ 
အမေရိကန်ရေနံစိမ်း ကြိုပွိုင့် တစ်စည်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀ နီးပါးသို့ ရောက်ရှိတယ်။ သဘာဝဓာတ်ကွေ့လည်း ဈေးတက်တယ်။
ရုရှားက ကမ္ဘာပေါ်မှာ ရေနံစိမ်း ဒုတိယအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ရေနံစိမ်း တစ်ရက် လျှင် စည် ၅ သန်း ပြည်ပတင်ပို့ပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီရဲ့ အချက်အလက်များအရ  ကမ္ဘာ့ရေနံစိမ်းကုန်သွယ်မှုပမာဏ စုစုပေါင်းရဲ့ ၁၂% က ရုရှားရေနံစိမ်း ဖြစ်ပါတယ်။


ရွှေ
၂၀၂၀ နှစ်လယ်နောက်ပိုင်း အတက်ဆုံးဈေးသို့ ရောက်ရှိသွားပြီး တစ်အောင်စ ၁,၉၆၀ အမေရိကန်ဒေါ်လာကျော်သည်အထိ မြင့်တက်နေတယ်။

ဂျုံနှင့် ပြောင်း
ရုရှားက ကမ္ဘာပေါ်မှာ ဂျုံအများဆုံးတင်ပို့နေတဲ့ နိုင်ငံဖြစ်ပြီး ယူကရိန်းက ဂျုံနှင့်ပြောင်း အမြောက်အမြားတင်ပို့တဲ့နိုင်ငံဖြစ်တာကြောင့် ဂျုံဈေး ၆% ခုန်တက်ပါတယ်။ ၂၀၁၂ နောက်ပိုင်း အမြင့်မားဆုံး စံချိန်သစ်တင်တယ်။ ပြောင်းဈေးနှုန်းက ၅% တက်ပါတယ်။

 

 

Global News Read 25974 times