ရော်ဘာဈေးနှုန်းကျဆင်းခြင်းကြောင့် ရော်ဘာခြံအချို့ လုပ်ငန်းရပ်နား


06 April, 2018

ရော်ဘာအစေးခြစ်ရာသီ မကုန်ဆုံးသေးသော်လည်း ဈေးနှုန်းကျဆင်းနေသဖြင့် ရော်ဘာခြံအချို့ လုပ်ငန်းရပ်နားခဲ့ကြောင်း သထုံမြို့ရှိ ရော်ဘာခြံပိုင်ရှင်များက ပြောခဲ့ပါသည်။

ယခင်နှစ် အစေးခြစ်ရာသီအစ စက်တင်ဘာတွင် တစ်ပေါင် လျှင် ကျပ် ၁,၀၀၀ ခန့်မှဈေးနှုန်းမှ ဆက်တိုက် ကျဆင်းလာပြီး သင်္ကြန်မတိုင်မီ မှိုင်းခံပြီး ရော်ဘာတစ်ပေါင်လျှင် ကျပ် ၇၀၀ ခန့်ဖြစ်သောကြောင့် တွက်ခြေမကိုက်၍ လုပ်ငန်းရပ်နားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောခဲ့သည်။

နှစ်စဉ် စက်တင်ဘာ ပထမပတ်မှ မေလပထမပတ်အထိ ရော် ဘာအစေးခြစ် လုပ်ငန်းကို လုပ်ကိုင်သော်လည်း ယခုနှစ်တွင် ရော်ဘာဈေးနှုန်း ကျဆင်းခြင်း၊ အပူချိန်မြင့်မား၍ အစေးထွက်မကောင်းခြင်းနှင့် အလုပ်သမားရှား ပါးခြင်းတို့ကြောင့် မတ်လကုန်၌ တစ်နိုင်တစ်ပိုင် ရော်ဘာခြံအချို့ လုပ်ငန်းရပ်နားခဲ့ကြောင်း ကမာစိုင်ကျေးရွာရှိ ရော်ဘာပြားရောင်း ဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်ဒိုင်ကြီးတွေချပေးသော ဈေးနှုန်းအတိုင်း နယ်မှာလက်ခွဲဝယ်ပြီး တင်ပို့လေ့ရှိကြောင်း ကိုယ်ပိုင်ခြံများရှိသော်လည်း ယခုနှစ်ရော်ဘာဈေးမတည်ငြိမ်သဖြင့် ကျွန်တော်တို့လို အောက်ခြေဝယ်ရောင်းတွေမှာ အခက်အခဲတွေရှိတာကြောင့် ရန်ကုန်နဲ့ အမြဲချိတ်ဆက်နေရသလို ကိုယ်ပိုင်ခြံ ကလည်း အလုပ်သမားခလောက်ပဲ ရရှိတော့ ဒီနှစ်မတ်လကုန်မှာပဲ ပိတ်လိုက်တယ်ဟု ၎င်းက ပြောသည်။

၂၀၁၂ က စတင်၍ ရော်ဘာဈေးကွက်မတည်ငြိမ်မှုကြောင့် ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ရော်ဘာစိုက်တောင်သူများ စိတ်ပါဝင်စားမှုလျော့နည်းလာကြောင်း၊ အစေးအထွက်နည်းသည့် ပင်အိုပင်ဟောင်းများခုတ် လှဲမှုများလာပြီး ရော်ဘာ အစားထိုး အခြားနှစ်ရှည်သီးနှံများ ပြောင်းလဲစိုက်ပျိုးကြောင်း ကမာစိုင်ကျေးရွာနေ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ရော်ဘာခြံလုပ်ငန်းအတွက် အလုပ်သမားရရှိမှုခက်ခဲ၍ လုပ်ငန်းလုပ်ကိုင်လိုသူများကို အကျိုး အမြတ်တစ်ဝက်ပေးသည့်ပုံစံဖြင့် ဆောင်ရွက်နေသော်လည်း တွက်ခြေမကိုက်သည့်အပြင် ရော်ဘာပင်ထိခိုက်သဖြင့် အစေးခြစ်ခြင်းကို ပုံမှန်ထက်စော၍ ရပ်နားခဲ့ကြောင်း ဘီးလင်းမြို့နယ် ရွှေအင်ဒုံကျေးရွာမှ ရော်ဘာခြံစိုက် တောင်သူတစ်ဦးက ပြောကြားသည်။

Source: 7day daily

 

Local News Read 590 times