တရုတ်နယ်စပ် ဖရဲသီးပုပ်များနှင့် ကိုဗစ် စီးပွားပျက်ကပ်ဆိုက်


12 January, 2022

တရုတ်နယ်စပ် ဖရဲသီးပုပ်များနှင့် ကိုဗစ် စီးပွားပျက်ကပ်ဆိုက်

 နယ်စပ်ဂိတ်များတွင် တင်ပို့ခွင့်ရှင်းလင်းရန် ကုန်တင်ကားများ စောင့်ဆိုင်းနေရသည့်အတွက် အဓိကလမ်း‌ေကြာင်းများ ပိတ်ဆို့နေပြီး ကြန့်ကြာနေသဖြင့် ပုပ်သိုးပျက်စီးလွယ်သော စိုက်ပျိုးရေးထုတ်ကုန်ကုန်စည်များ ရောင်းဝယ်ဖောက်ကားမှုမှာ 'မဖြစ်နိုင်လုနီးပါး' အခြေအနေ ဆိုက်ရောက်နေကြောင်း မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားကြသည်။

တရုတ်နိုင်ငံဘက်တွင်လည်း ကာလရှည်ကြာ လော့ဒေါင်းချထားခြင်းများကြောင့် ဟိုတယ်နှင့် စီးပွားရေး လုပ်ငန်းရှင်များသည် အကျိုးအမြတ်များသော တရုတ်နှစ်သစ်ကူး ခရီးသွားရာသီမှာ အလုပ်မဖြစ်သဖြင့် စိတ်ပျက်လက်ပျက် ဖြစ်‌နေကြသည်။

တန်ချိန်ထောင်ချီသော ဖရဲသီးများ တရုတ်-မြန်မာ နယ်စပ်အနီး လမ်းဘေးတွင် အပုံလိုက် စွန့်ပစ်နေကြရသည်။ 
တင်းကျပ်သော Covid-19 ကူးစက်ရောဂါထိန်းချုပ်မှုများကြောင့် ပုပ်သိုးပျက်စီးလွယ်သော ကုန်စည်များ ကုန်သွယ်မှုပြုရန် “မဖြစ်နိုင်လုနီးပါး” ဖြစ်‌ေနစေသည်ဟု ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များက ညည်းညူကြသည်။

ယူနန်ပြည်နယ် ရွှေလီမြို့သို့ ချိတ်ဆက်ထားသော အဓိကကျသည့် လမ်းများသည် တရုတ်ပြည်သို့ ဝင်ထွက်လမ်းများ ဖြစ်ပြီး စစ်ဆေးရေးဂိတ် ဖြတ်သန်းဖို့ စောင့်ဆိုင်းနေကြရသော ရာချီသည့် ထရပ်ကားများ လမ်းတစ်လျှောက် အစီအရီ ရပ်ထားကြသည်။

"ကပ်ရောဂါဘေး မတိုင်ခင်က ကျွန်တော်တို့ တရုပ်ပြည်ကို ကုန်အပြည့်ပါတဲ့ ထရပ်ကားတွေ နေ့စဉ် အစီး ငါးရာကျော် ပေးပို့တယ်။ ဖရဲသီး၊ သခွားမသီး၊ သရက်သီး စတာတွေ ပို့တယ်။ အခု နယ်စပ်ကို တစ်ရက်ကို ထရပ် တစ်ဆယ်စီးအောက်သာ ဖြတ်သန်းခွင့် ရတယ်"
ဟု အသက် ၆၅ နှစ်ရှိ ပို့ဆောင်ရေးကုမ္ပဏီပိုင်ရှင် လီဌေးက ပြောကြားသည်။
ကပ်ရောဂါဘေးကြောင့် ၅ လ ကြာ နယ်စပ်ပိတ်ထားခဲ့ပြီးနောက် ရွှေလီမှ အဂိကကျသည့် ဝမ်တိန်ဂိတ်ကို နိုဝင်ဘာလ ၂၆ ရက်တွင် တရုတ်အာဏာပိုင်တို့က ပြန်ဖွင့်ပေးခဲ့သဖြင့် လုပ်ငန်းများ ပြန်စခါစ ရှိသေးသည်။ ရှင်းလင်းရေး လုပ်ငန်းစဉ်က ဒုက္ခပေးနေသည်အထိ နှေးကွေးနေသဖြင့် နှစ်ဘက်စလုံးမှ ပို့ကုန်လုပ်ငန်းရှင်များ အဆင်မပြေကြချေ။
လီဌေးက "ကျွန်တော်တို့ တရုတ်အစား တခြားနိုင်ငံကို ပို့ရင်ပို့၊ ဒါမှမဟုတ်ရင် ပြည်တွင်းဈေးကွက်တွေထဲမှာ ရောင်းဖို့ ဆိုတာ အချိန်ယူရလိမ့်မယ်။ ဒီတော့ အများစုက ဖရဲသီးတွေကို လွှင့်ပစ်လိုက်ကြတယ်" ဟု ပြောပြသည်။

မန္တလေး-မူဆယ် လမ်းကြောင်းတွင် သစ်သီးများ တင်ဆောင်ထားသည့် ထရပ်ကား အနည်းဆုံး ၂၀၀ အကျပ်ရိုက်နေသည်။ ထိုလမ်းကြောင်းသည် ရွှေလီမှ ဝမ်တိန်နှင့် ကြယ်ခေါင်တို့ထံ ချိတ်ဆက်ထားသည့် အဓိကလမ်းကြောင်း ဖြစ်သည်ဟု လီဌေးက ပြောပြသည်။
အချို့ ယာဉ်မောင်းများသည် ရက်ပေါင်းအတော်ကြာ စောင့်ဆိုင်းပြီးနောက် စိတ်လျှော့လိုက်ကြသည်။ ပုပ်သိုးနေသော ကုန်စည်များကို စွန့်ပစ်လိုက်ကသည်။ ကျောက်စိမ်းနှင့် သစ်ကဲ့သို့သော ပုပ်သိုးကုန် မဟုတ်သည့် ကုန်စည်များ သယ်ပို့ရန် ပြန်သွားကြသည်။ 

ကပ်ရောဂါတစ်ခုတည်းသာ ရင်ဆိုင်နေကြရခြင်း မဟုတ်ချေ။ လက်နက်ကိုင် ပဋိပက္ခလည်း ရှိနေသေးသည်။ ဝမ်တိန်သည် ပန်ဆိုင်မြို့မှ မီတာ ၅၀ (၁၆၄ ပေ) သာ ကွာဝေးသည်။ ထိုနေရာတွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ဩဂုတ်လကတည်းက ဖြစ်သည်။
ထိုစစ်ရေးပဋိပက္ခက ဝမ်တိန်ရှိ စီးပွားရေးကို ထိခိုက်သည်။ ဒဏ်ရာရခြင်း၊ အိုးအိမ် ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားစေသည်။ ပြီးခဲ့သည့်နှစ်ကတည်းက နေထိုင်သူများကို သေနတ်ပစ်သံများ ကြားပါက ဘေးကင်းရာမှာ ခိုလှုံရန် အကြံပေးထားပြီး အပြင်ထွက် သွားလာခြင်းများ အနည်းဆုံး ပြုရန်လည်း အကြံပေးထားသည်။ 

ရန်ကုန်မြို့ရှိ တရုတ်သံရုံး၏ အဆိုအရ ဝမ်တိန်နယ်စပ်ဂိတ်သည် ဂိတ်ပြန်ဖွင့်ပေးပြီး နောက်တစ်လဖြစ်သော ဒီဇင်ဘာလတွင် ကုန်သွယ်မှု တန်ဖိုးပမာဏ စုစုပေါင်း ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း) ရှိခဲ့သည်။ ယခင်နှစ်ထက် ၄၀% လျော့နည်းပါသည်။
တင်းကျပ်သော ကန့်သတ်ထိန်းချုပ်မှုများကြောင့် နယ်စပ်စခန်းသည် နေ့စဉ် ကုန်တင်ကား အစီးရေ ၄၀ ခန့်သာ ဆောင်ရွက်ပေးနိုင်သည်ဟု သံရုံးက ဆိုသည်။
ရွှေလီသည် နယ်ခြားဖြတ်ကျော် ကုန်သွယ်ရေး ရှင်သန်ရာဖြစ်ပြီး ကျောက်စိမ်းကြောင့် ကျော်ကြားသည်။ ပြီးခဲ့သည့်နှစ်တွင် လော့ဒေါင်း ၄ ကြိမ် ကြုံခဲ့သည်။

 မြို့နေသူတို့သည် ရက်ပေါင်း ၃၀၀ ကျော် လော့ဒေါင်းချခံခဲ့ရပြီးသည့်အခါ သူတို့ သည်းမခံနိုင်ကြတော့ချေ။ ပုံမှန် ဝင်ငွေ မရရှိသဖြင့် စုဆောင်းထားသည်များ ထုတ်သုံးကြရသဖြင့် ကုန်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့က မကျေနပ်ချက်များကို လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တင်ပြခဲ့ကြသည်။ သို့သော် အာဏာပိုင်တို့က မတ်လတုန်းက ပြဌာန်းခဲ့သော တင်းကျပ်သည့် ကိုင်တွယ်ပုံကို ဖြေလျော့ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ မြို့နေသူတို့ ထွက်ခွာခွင့်ကို ဆက်လက်တားမြစ်ထားသည်။

ရွှေလီမှ တရုတ်နိုင်ငံသား သစ်သီးတင်သွင်းသူက ပြောသည်မှာ ဝမ်တိန် ကုန်တွင်းဆိပ်ကမ်း ဖွင့်ပေးခြင်းသည် တကယ်တမ်း အထောက်အကူ မဖြစ်၊ ကုန်စည်များကို ကွန်တိန်နာအတွင်း ထည့်သွင်းပြီး တင်သွင်းမှသာ တင်သွင်းခွင့် ပြုထားသည်။ မြန်မာမှ သစ်သီးများသည် ထရပ်ကားထဲ စုပုံပြီး တင်လာခြင်း ဖြစ်သည်။ တင်သွင်းရာတွင် ဇူလိုင်လကတည်းက ပိတ်ထားသော ကြယ်ခေါင်စစ်ဆေးရေးဂိတ်မှ တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
"ကာလတိုအတွင်း ကုန်သွယ်ရေးအခြေအနေ ကောင်းလာမယ်လို့ မထင်ပါဘူး။ ရွှေလီအစိုးရက မြန်မာမှ တင်သွင်းတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေအပေါ် Covid-19 ထိန်းချုပ်တဲ့ အစီအမံတွေကို ဖြေလျော့ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ကုန်သွယ်ရေးအခြေအနေ ကောင်းလာရေးက သူတို့အဖို့ အရေးအကြီးဆုံးထဲမှာ မပါဘူး" ဟု သူက ပြောသည်။ 

မူဆယ်နယ်စပ်ဂိတ်မှာ တရုတ်နိုင်ငံမှ ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးရဲ့ အပူချိန်ကို တိုင်းတာစစ်ဆေးနေပုံ

ရွှေလီတွင် တရားမဝင် လာရောက်နေထိုင်သူများကို ပြန်ပို့သည်။ နယ်ခြားတွင် ခေတ်မီကင်မရာများနှင့်အတူ သံဆူးကြိုးကာရံသည်။
ရွှေလီမှ ကားဖြင့် နေ့ဝက်ခရီးဝေးကွာသော ကျိုင်းဟုံမြို့သည် ခရီးသွားလုပ်ငန်း အချက်အချာမြို့ဖြစ်သည်။ ၂၀၂၀ တွင် ပြည်တွင်းပြည်ပ ဧည့်ခရီးသည် ဦးရေ ၁၁.၅ သန်းနီးပါး လာရောက်လည်ပတ်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် အမျိုးသားနေ့ ရွှေသီတင်းပတ်အတွင်း ဧည့်ခရီးသွား ဦးရေ ၃၄၀,၅၀၀ လာရောက်ခဲ့သည်။ ၂၀၂၀ ထက် ၂၈% နီးပါး ပိုများသည်။
ယခု တရုတ်ပြည်တွင် Covid-19  ကူးစက်မှုများ နေရာအတော်များများတွင် ဖြစ်ပွားနေသဖြင့် တရုတ်နှစ်သစ်ကူး ခရီးသွားရာသီသည် မတင်မကျ‌ ဖြစ်နေသည်။ 
ဒီဇင်ဘာလ ၂၇ ရက်က ရောဂါလက္ခဏငုပ်နေသည့် ကူးစက်မှု နှစ်ဦး ဖြစ်ပွားခဲ့ပြီး မြို့လုံးကျွတ် ဆေးစစ်ခြင်း အနည်းဆုံး နှစ်ကြိမ် ဆောင်ရွက်ခဲ့သည်။
"ဆောင်းက ခရီးသွားလုပ်ငန်း အလုပ်များတဲ့ ရာသီပါ။ လမ်းတွေမှာ လူတွေ ပြည့်နှက်နေတယ်။ ဟိုတယ်အခန်းတွေ အကုန်လုံးလည်း လူပြည့်နေတယ်။ အခုတော့ အခန်း ထက်ဝက်ကျော် လူ မရဘူး" ဟု အသက် ၂၉ နှစ်ရှိ ဟိုတယ်လုပ်ကိုင်သူ Ouyang က ပြောပြသည်။

ယူနန်ပြည်နယ်ရှိ ကျိုင်းဟုံမြို့အပါအဝင် မြို့ကြီး ၁၉ မြို့မှ ထွက်ခွာလိုသူတို့သည် ထွက်ခွာချိန် မတိုင်ခင် ၄၈ နာရီအတွင်း Covid-19 ဆေးစစ်ပြီး ပိုးမတွေ့အဖြေရရှိကြောင်း အထောက်အထာ မဖြစ်မနေ ပြနိုင်ရမည်ဟု ပြဌာန်း ထားသည်။ ပြည်နယ်တွင်း ခရီးသွားလာခြင်း မပြုရန် မြို့ကြီး ၁၉ မြို့ကို ပိတ်ပင်ထားပါသည်။
scmp.com

 

 

Export, Import Read 672 times