Robert Kuok ရဲ့ ဆူးလေ ရှန်ဂရီလာ


14 January, 2021

ဟိုတယ်လောကထဲမှာ   . . .   မည်သည့်စီးပွားရေးလောကထဲမှာမဆို  ခင်ဗျားတို့ ဝန်ထမ်း ခန့်ထားတဲ့အခါ  ကြည့်ရမယ့် အခြင်းအရာ သုံးခု ရှိတယ်။   ပင်ကိုအရည်အသွေး၊ တည်ကြည်မှုနဲ့  အလုပ်ကြိုးစားဖို့အတွက် သက်လုံ။ အဲဒီ သုံးချက်မှာ တစ်ချက် လိုနေတယ်ဆိုရ Robert Kuok မလေးရှားနိုင်ငံမှ အချမ်းသာဆုံးပုဂ္ဂိုလ် တိုင်ကွန်း

မလေးရှားနိုင်ငံဖွား မလေးရှားနိုင်ငံသား ဘီလျံနာ တိုင်ကွန်း Robert Kuok က အသက် ၉၄ နှစ်မှာ ဘဝတစ်သက်တာ မှတ်တမ်း စာအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ အခန်း တစ်ခန်းက သူ့ရဲ့ Shangri-La Hotels & Resorts တွေအကြောင်းကို ဖော်ပြထားတယ်။ ရန်ကုန်မြို့လယ်မှာ တည်ရှိတဲ့ ဆူးလေရှန်ဂရီလာ အကြောင်းလည်း ပါတယ်။ 

စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ မြန်မာ နိုင်ငံတို့မှာ ရှန်ဂရီလာ ဟိုတယ်တွေ တည်ဆောက်ဖို့ သူ လုပ်ကိုင်ခဲ့ပုံတွေကို အနှစ်ထုတ်ပြီး ရေးသားတင်ပြထားတယ်။

ဟိုတယ်တစ်လုံး ဆောက်လုပ်တာနဲ့ ပတ်သက်လို့ သူ့အယူအဆကို တင်ပြထားတယ်။

“ဟိုတယ် ဆောက်လုပ်တဲ့အခါ တန်ဖိုးအမှန်ရဲ့ အောက်ကို ရောက်အောင် ကုန်ကျစရိတ်ကို ခင်ဗျား ဖြတ်တောက်လို့ မရနိုင်ဘူး။ အရာတိုင်းမှာ တန်ဖိုးအမှန် ရှိတယ်။ အရည်အသွေးကောင်းတဲ့ မာဘယ်ကျောက်ရဲ့ ကုန်ကျစရိတ်၊ အရည်အသွေးကောင်းတဲ့ သစ်လုံးရဲ့ ကုန်ကျစရိတ်၊ အရည်အသွေးရှိတဲ့ ဆောက်လုပ်ရေးသမား ကုန်ကျစရိတ်။ တရုတ်ဂန္ထဝင် စကားအသုံးအနှုန်း ရှိတယ်။ ထုံးကုံး ကျန်းလျောက် တဲ့။ လက်ရာကို ခို၊ ဆောက်လုပ်ရေးပစ္စည်းတွေ လျှော့ချ။ အဲဒါကို ခင်ဗျား ကြံစည်အားထုတ်ရင် ခင်ဗျားရဲ့ နှာခေါင်းကို ခင်ဗျား တကယ်လှီးပစ်တာနဲ့ အတူတူပဲ။ ဥပမာ ပြောမယ်၊ ဖွံဖြိုးဆဲနိုင်ငံတချို့မှာ အရည်အသွေး မပြည့်မီတဲ့ ဘိလပ်မြေတွေ ရှိတယ်။ အဲဒီဟာကို ခင်ဗျား မသုံးချင်တာ တကယ်သေချာရမယ်။ ငွေကုန်သက်သာအောင် ကုန်ကျစရိတ် ပိုပိုသာသာ ပြထားတဲ့ ကုန်ကျစရိတ်တွေကနေ ယိုထွက်တာကို ခင်ဗျား အာရုံစိုက်ဖို့ လိုတယ်။ ခင်ဗျားက ဝန်ထမ်းကောင်းတွေ မခန့်ထားရင် သူတို့က ခင်ဗျားဆီကနေ ခိုးနိုင်တယ်။ ဒါမှမဟုတ် ပြင်ပအလုပ်အပ်နှံတဲ့ ကန်ထရိုက်တာတွေနဲ့ ပူးပေါင်းကြံစည်ပြီး ခင်ဗျားကို ရိတ်ခိုင်းမယ်။ အဲဒါ တစ်ချိန်လုံး အမြဲတမ်း ဖြစ်နေကျပဲ”

မြန်မာနိုင်ငံတွင် ဟိုတယ် ဆောက်လုပ်ခဲ့ပုံကိုလည်း ရေးသား ဖော်ပြထားသည်။

၁၉၉၃ ခုနှစ်တွင် ကျွန်ုပ်၏ ဒုတိယမြောက်သား Ean နှင့် Kuok Singapore မှ ဝန်ထမ်းတစ်ဦးတို့သည် စင်ကာပူအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ လိုက်ပါခဲ့ကြသည်။ တိုင်းပြည်ကို ပထမဆုံး တံခါးဖွင့်လိုက်သည့် ခေတ်ကာလ ဖြစ်သည်။ သူ ပြန်ရောက်လာသောအခါ ကျွန်ုပ်တို့ အတူထိုင်ပြီး စကားစမြည် ပြောဆိုကြသည်။ သူက ကျွန်ုပ်တို့ မိသားစုကို တိုက်တွန်းသည်မှာ တိုင်းပြည် ရှေ့သို့ ရွေ့ဖို့ အထောက်အကူဖြစ်စေရန်အတွက် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု ပြုရန် ဖြစ်သည်။ မြန်မာကို ဆန်ကုန်သွယ်မှုမှ ကျွန်ုပ် သိထားသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ (Robert Kuok ၏ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ အပါအဝင် ကုန်စည်များ ရောင်းဝယ်ဖောက်ကားခြင်း ဖြစ်ပြီး ထင်ရှားသော ကုန်သည်ကြီးတစ်ဦးဖြစ်သည်။ ဟိုတယ်လုပ်ငန်းသည် ကွဲပြားခြားနားသော စီးပွားရေးလုပ်ငန်း အမျိုးအစားတစ်ခုအဖြစ် တိုးချဲ့လုပ်ကိုင်ခြင်း ဖြစ်သည်) မြန်မာပြည်သို့ ကျွန်ုပ် နောက်ဆုံး ရောက်ခဲ့သည်မှာ ၁၉၆၀ ဝန်းကျင်တွင် ဖြစ်သည်။ မြန်မာသည် စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်အတန်ကြာ ရှိနေခဲ့ပြီး ထိုကာလတစ်လျှောက်လုံးနီးပါး စီးပွားရေး တန့်သေနေခဲ့သည်။ 

ကျွန်ုပ်တို့ ရန်ကုန်သို့ လူများ စေလွှတ်သည်။ နောက်နှစ်တွင် မြန်မာပြည်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကောင်းမွန်သော ဆက်နွှယ်မှုများ ထူထောင်ထားပြီး ဖြစ်သည်။ သူတို့က ရန်ကုန်မြို့ မြို့လယ်ပိုင်းတွင် မြေနေရာ အချို့တို့ကို  ကျွန်ုပ်တို့ ရင်းနှီးမြှုပ်နှံမှုရာ၌ ကူညီပေးကြသည်။ 

၁၉၉၄ ခုနှစ်တွင် ဟိုတယ်နှင့် လူနေတိုက်တာများကို ကျွန်ုပ်တို့ စတင်ဆောက်လုပ်သည်။ Traders Hotel ကို ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်သည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ နီးပါး ဖြစ်သည်။ သို့သော် မြန်မာပြည်ကို အနောက်နိုင်ငံတို့က  စီးပွားရေး ပိတ်ဆို့ အရေးယူထားသည့် အဓိကအကြောင်းရင်းကြောင့် စီးပွားရေးသည် ကြာရှည်ကျဆင်းသွားသည်။ ဟိုတယ်မှာ ရုန်းကန်နေရပြီး အမြတ်အစွန်း မရရှိချေ။ 

လူနေတိုက်တာ နှစ်လုံး နေရာတစ်ခု (ကန်တော်ကြီးအနီး)တွင် ဆောက်လုပ်သည်မှာ မပြီးစီးနိုင်တော့ချေ။ သို့သော် မြန်မာနိုင်ငံသည် တစ်နေ့နေ့တွင် ပြောင်းလဲသွားမည်ဟု ကျွန်ုပ် သိနေသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ မြန်မာပြည်တွင် ဆက်ရှိနေသည်။ 

ထိုတစ်နေ့နေ့သည် ၂၀၁၁ ဧပြီလတွင် ရောက်ရှိသည်။ ဦးသိန်းစိန်က သမ္မတ တာဝန်ရယူသည်။ မြန်မာပြည်ကို တဖြည်းဖြည်းချင်း ဖွင့်ပေးသွားသည့် လုပ်ငန်းစဉ်ပေါ်သို့ ရောက်ရှိသည်။ နိုင်ငံရေးအရနှင့် စီးပွားရေးအရ နှစ်ခုစလုံး ဖွင့်ချပေးခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် တည်ရှိသည့် ကျွန်ုပ်တို့၏ Traders Hotel ကို အမည်ပြောင်းလဲလိုက်သည်။ ၂၀၁၄ ခုနှစ်တွင် Sule Shangri-La ဟု အမည်အသစ် ပေးလိုက်သည်။ အခန်းငှားရမ်းနေထိုင်မှုများ ကောင်းလာသည်။ ရင်းနှီးမြှုပ်နှံမှုများနှင့် ခရီးသွားများ စတင်ဝင်လာသည်။  

၂၀၁၃ ခုနှစ်တွင် လူနေတိုက်တာ နှစ်လုံးကို ကျွန်ုပ်တို့ အပြီးသတ် တည်ဆောက်သည်။ ၁၉၉၇ ခုနှစ်တုန်းက စတင်ဆောက်လုပ်ခဲ့သည့် အဆောက်အဦ နှစ်ခု ဖြစ်သည်။ အခန်းပေါင်း ၂၄၀ ဖြင့် လုပ်ကိုင်လည်ပတ်နေပြီ ဖြစ်သည်။ 

Sule Shangri-La နှင့် ကပ်လျက်တွင် ၂၃ ထပ် ရုံးအဆောက်အဦတစ်ခုကို ကျွန်ုပ်တို့ စတင်ဆောက်လုပ်သည်။ လာမည့် သုံးလေးနှစ်တွင် ကျွန်ုပ်တို့သည် နောက်ထပ် Shangri-La ဟိုတယ်တစ်လုံးကို လူနေတိုက်ခန်း အဆောက်အဦနှင့် ကပ်လျက်တွင် ဖွင့်လှစ်မည်။

ထို့အပြင် ကျွန်ုပ်တို့သည် စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို  Wilmar International မှ တစ်ဆင့် လုပ်ကိုင်ရန် တက်တက်ကြွကြွဖြင့် လေ့လာစူးစမ်းနေသည်။ ကျွန်ုပ်တို့သည် ရန်ကုန်အပြင်ဘက် နိုင်ငံတစ်လွှားတွင် အခွင့်အလမ်းများကို ကြည့်ရှုသည်။

"Robert Kuok, a Memoir" (Landmark Books, 2017)

DICA How To Investment/Divestment Read 1094 times