တိုင်ကွန်း ရောဘတ်ကွပ်နှင့် ရှန်ဂရီလာဟိုတယ်များ


29 July, 2018

မလေးရှားနိုင်ငံ၏ အချမ်းသာဆုံး တိုင်ကွန်း ရောဘတ်ကွပ်သည် ရန်ကုန်မြို့လယ်တွင် အထင်ကရ ဖြစ်သော ရှန်ဂရီလာဟိုတယ်ကို အရဲစွန့်ပြီး တည်ဆောက်ခဲ့သူ ဖြစ်သည်။ 

အသက် ၉၄ နှစ်အရွယ်တွင် သူ၏ တစ်သက်တာ မှတ်တမ်းစာအုပ်ကို ပုံနှိပ်ထုတ်ဝေသည့်အခါ ထုတ်ဝေသူက အုပ်ရေ ၄၀၀၀ ရောင်းရမည်ဟု မှန်းထားသည်။ ထုတ်ဝေသောအခါ၌ တစ်လအတွင်းမှာ အုပ်ရေ လေးသောင်းကုန်သွားသည်။ မှန်းထားသည်ထက် ၁၀ ဆ ရောင်းရသည်။ 

ရောဘတ်ကွပ်သည် မီဒီယာကို ဖြစ်နိုင်သရွေ့ကွင်းရှောင်သည့်သူ ဖြစ်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ သူ့ကို အမေရိကန် စာနယ်ဇင်းသမား အင်ဒရူး တန်ဇာက တွေ့ဆုံမေးမြန်းပြီး ရေးသားခဲ့သော စာအုပ်ဖြစ်သည်။

တရုတ်လူမျိုးဖြစ်သော် မလေးရှားတွင် မွေးဖွားခဲ့သော ရောဘတ်ကွပ်သည် မလေးရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့်အပြင် Forbes မှ ထုတ်ပြန်သည့် ဘီလျံနာစာရင်းတွင်လည်း ပါဝင်သူ ဖြစ်သည်။ သူ့ဘဝမှတ်တမ်းတွင် သူ လုပ်ကိုင်လျက် ရှိသည့် Shangri-La Hotels & Resorts စီးပွားရေးအကြောင်း ပါဝင်သည်။ 

ရှန်ဂရီလာဟိုတယ်လုပ်ငန်း၏ အစသည် ၁၉၆၈ ခုနှစ်တွင် စင်ကာပူမှ Orchard Road အနီးရှိ မြေကို ၁၉၆၈ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် ရှန်ဂရီလာ ဟိုတယ် ပေါ်ပေါက်လာခဲ့သည်။ သူ့အဓိကစီးပွားရေးမှာ ကုန်စည်များ ရောင်းဝယ်ဖောက်ကားခြင်း ဖြစ်သော်လည်း ဇိမ်ခံဟိုတယ်လုပ်ငန်းကိုလည်း ခက်ဖြာလုပ်ကိုင်လျှင် အကျိုးရှိမည်ဟု မြင်သဖြင့် ဟိုတယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ပါရမည့် ၃ချက်

************

ဟိုတယ်စီးပွားရေး လောကတွင်ဖြစ်စေ အခြားမည်သည့် စီးပွားရေးလောကတွင် ဖြစ်စေ ပါဝင်ရမည့် အခြင်းအရာ သုံးမျိုးကို မရမနေ ရှာယူရမည်ဟု သူက ဆိုသည်။ ၎င်းတို့မှာ ပင်ကိုအရည်အသွေး၊ ရိုးဖြောင့်ခြင်းနှင့် အလုပ်ကြိုးစားရန် သက်လုံ တို့ ဖြစ်သည်။ ထိုသုံးချက်တွင် တစ်ချက်ချက် လစ်ဟာနေမည်ဆိုပါက ထိုသူကို မေ့ထားလိုက်ပါဟု သူက ဆိုထားသည်။

တန်ရာတန်ကြေး

*********

ဟိုတယ်တစ်လုံးကို တည်ဆောက်သည့်အခါ ၎င်း၏ အမှန်တကယ်တန်ဖိုးထက် ကုန်ကျစရိတ်ကို လျော့နည်းအောင် ဖြတ်တောက်၍ မရနိုင်ပေ။ အရာတိုင်းတွင် အမှန်တကယ်တန်ဖိုးတစ်ရပ် အသီးသီး ရှိနေသည်။ အရည်အသွေးကောင်းသော မာဘယ်ကျောက်ပြားများအတွက် အမှန်တကယ် ကုန်ကျရမည့် စရိတ်စကများ ရှိနေသည်။ အရည်အသွေးရှိသည့် သစ်၊ အရည်အသွေးရှိသည့် တည်ဆောက်သူများ အစရှိသည်တို့တွင် တန်ရာတန်ကြေးများ ရှိနေသည်။ တရုတ်ဂန္ထဝင်ဆိုရိုးစကားတွင် တောင်ဂွမ်ကျန်းလျောင်ဟူသော စကားရပ် ရှိသည်။ လုပ်ငန်းကျွမ်းကျင် နိုင်နင်းမှုကို ခိုခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများကို လျှော့ချခြင်းတို့ကို မပြုအပ်ချေ။ ထိုသို့ပြုရန် ကြိုးစားမည်ဆိုပါက ကိုယ့်နှာခေါင်းကို ကိုယ်တကယ်ဖြတ်ထုတ်ပစ်နေခြင်း မည်ပေသည်။ ဥပမာအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့တို့တွင် အရည်အသွေး စံမမီသော ဘိလပ်မြေများ ရှိနေသည်။ ထိုသို့သော ဘိလပ်မြေမျိုးတို့ကို မသုံးချင်တာ သေချာနေစေရမည်။ ငွေကို ချွေတာရန် အပိုသုံးဖြုန်းရာရောက်မည့် ကုန်ကျစရိတ်များဖြစ်လာစေမည့် အသုံးစရိတ်များ ယိုစီးထွက်ခြင်းကို ကာကွယ်ရန် အာရုံစိုက်ထားဖို့ လိုအပ်သည်။ သင်က ဝန်ထမ်းကောင်းများကို ခန့်ထားခြင်း မပြုလျှင် သူတို့က သင့်ထံမှ ခိုးယူနိုင်သည်။ ပြင်ပ ကန်ထရိုက်များ အမျိုးမျိုးတို့က သင့်ထံမှ ခိုးဝှက်ရယူသည်ကို ပူးပေါင်းကြံစည်လိမ့်မည်။ ထိုအဖြစ်မျိုးတို့ တစ်ချိန်လုံး ဖြစ်ပွားနေသည်ဟု သူက သင်ခန်းစာ ပေးထားသည်။

ငါးအုပ်ရှိရာနေရာကို ရွေး

***********

သင်က ကမ္ဘာ့လမ်းဆုံများထဲမှ တစ်နေရာတွင် ဟိုတယ်တစ်ခုကို တည်ဆောက်သည် ဆိုပါက တည်းခိုသူ များပြားမည်။ အချက်အချာနေရာတွင် တည်းခိုခွင့်ရသည့် တန်ဖိုးကို သင်က ပေးအပ်သည်။ သို့ဖြစ်ရာ တည်းခိုခကို ထိုတန်ဖိုးနှင့် ထိုက်တန်သော နှုန်းထားဖြင့် သင် ရယူနိုင်မည်ဖြစ်သည်။ ရေများ စီးဆင်းရာသို့ ငါးအုပ်များကို ခေါ်ဆောင်သွားသည်။ ထိုသို့ ငါးအုပ်များ ရောက်ရှိပြီး ကူးခတ်နေသည့်နေရာတွင် ဟိုတယ်ကို အခြေချပေးထားရမည်။ ငါးအုပ်ကို ခေါ်ဆောင်လာမည့် ရေစီးကြောင်း မရှိသည့်နေရာတွင် ငါးမမျှားအပ်ပေ။ ထိုနေရာတွင် ငါးများ များများစားစား ရှိမည်မဟုတ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှ ရှန်ဂရီလာ ဟိုတယ်

မတန်တဆနှင့် ထိုက်တန်သရွေ့သာ

***************

မတန်တဆယူတဲ့ ကျင့်ထုံး လုပ်ကိုင်တဲ့ ဟိုတယ်တွေကို ကျွန်တော် မကြိုက်ဘူး။ ရှန်ဂရီလာက ထိုက်တန်သလောက်ပဲ ယူတယ်လို့ ကျွန်တော် ယူဆတယ်။ သူ့မှာ နာမည် ရှိတယ်။ အဆင့်အတန်းရှိတယ်။ ကျွန်တော်တို့က ရေရှည်ကို ကြည့်တယ်။ ကျွန်တော်တို့လည်း နှစ်တိုင်း ပိုက်ဆံရအောင် လုပ်ချင်ပါတယ်။ ကျွန်တော်တို့ နှစ်တိုင်း ပိုက်ဆံရအောင် လုပ်ပါတယ်။ ဒါပေမဲ့ လာရောက်သုံးစွဲသူတွေကို လည်လှီးဖို့ ကျွန်တော်တို့ ရှိနေတာ မဟုတ်ပါဘူး။ သူတို့ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်ဖြင့် ထွက်သွားကြတာကို ကျွန်တော် လိုလားပါတယ်။

ဆွေမျိုးကောင်းစားရေးနှင့် လက်သင့်ရာ ပေးခြင်း

*******************

ဟိုတယ်တွေအတွက် ကျွန်တော် စိတ်မကောင်း အတော်ဖြစ်တာ ဝန်ခံပါတယ်။ ကျွန်တော့ ဟိုတယ်တွေလည်း ပါတယ်။ ထိုက်တန်သလို နှုန်းထား သတ်မှတ်လို့ မရနိုင်ဘူး ဖြစ်နေကြတယ်။ ဘာလို့လဲဆိုတော့ ဟိုတယ်လောကမှာ ယှဉ်ပြိုင်မှှုက အလွန်အကျွံ ထက်သန်နေတယ်။ ပြီးတော့ ဖွံ့ဖြိုးဆဲကမ္ဘာမှာ ဆွေမျိုးကောင်းစားရေးဝါဒ နဲ့ ခရိုနီဝါဒ ရှိနေတယ်။ တစ်ယောက်ယောက်က ဝန်ကြီးချုပ်ဖြစ်လာတယ်။ သမ္မတ ဖြစ်လာတယ်ဆိုရင် သူက အဲဒီ ဝါဒတွေကျင့်သုံးပြီး ငွေရပေါက်တွေကို လက်ကမ်းပြီး ပေးမယ်။ 

အဲဒီအယောင်ဆောင်တွေ အရင်ဆုံး တွေးလိုက်တာက ဇိမ်ခံဟိုတယ် တည်ဆောက်ဖို့ ဖြစ်တယ်။ သူတို့က ငွေကို ရေလို သုံးတယ်။ ရေချိုးခန်းမှာ ရွှေဘုံဘိုင်ခေါင်းတပ်တာမျိုးလို အလှဆင်တာတွေ လုပ်တယ်။ ဘာမှ အဓိပ္ပာယ် မရှိတာတွေကို လျှောက်လုပ်တယ်။ ကျွန်တော့အနေဖြင့် အခန်းတစ်ခန်းအတွက် သုံးစွဲမှာထက် သုံးလေးဆ ပိုကုန်အောင် သူတို့ သုံးတယ်။ ရှန်ဂရီလာ ဟိုတယ်တွေက ကျကျနန ဆင်မြန်းပေးထားတာမှာ ကြယ်ငါးပွင့်ဟိုတယ် အမည်နာမအတွက် အရည်အသွေး ရှိနေစေတယ်။ ဒါပေမဲ့ သူတို့လို ပေါက်တတ်ကရတွေ၊ အလှဆင်တာတွေ မရှိဘူး။ ကျွန်တော်က အိပ်မက်ဆန်တဲ့ ရဲတိုက်ကို မတည်ဆောက်ပါဘူး။

အဲဒီလို မျက်နှာသာပေးခံရတဲ့ စီးပွားရေးသမားတွေက ဟိုတယ်စီမံခန့်ခွဲမှုကို စိတ်မဝင်စားကြဘူး။ သူတို့က ပိုက်ဆံရဖို့ လုပ်ချင်တယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က မန်နေဂျာအလုပ် စီမံခန့်ခွဲမှု မရှိကြဘူး။ သူတို့ဘဝမှာ ဘာကိုမှ စီမံခန့်ခွဲတာ မရှိပါဘူး။ ဒီတော့ သူတို့က ပြည်ပလုပ်ငန်းကို ခေါ်ပြီး ဟိုတယ်ကို စီမံခိုင်းတယ်။ အဲဒီအခါ အဲဒီလုပ်ငန်းတွေက တောင်းဆိုတာတွေက ကြမ်းတယ်။ ဟိုတယ်ပိုင်ရှင်က ဘာမှ သိပ်မသိဘူး။ အဲဒီ သဘောတူညီချက်တွေနဲ့ လုပ်ကြတဲ့အခါ ပိုင်ရှင်က နှစ်အတန်ကြာတဲ့အထိ ရှုံးနေတယ်။ စီမံပေးတဲ့ လုပ်ငန်းကတော့ နှစ်တိုင်း မြတ်နေတယ်။ ပိုင်ရှင် အမြတ်ရတဲ့အချိန်မှာ စီမံပေးတဲ့ လုပ်ငန်းက ဘဏ်မှာ ငွေတွေ အတော်ရောက်နေပြီ။ အဲဒီလို သဘောတူစာချုပ် ကန်ထရိုက်မျိုးတွေ ကျွန်တော် တွေ့နေတယ်။

ရှန်ဂရီလာမှာ ထူးခြားသိသာနေတာက ပိုင်ရှင်တွေက အတော်ကလေး ပါဝင်လုပ်ကိုင်ကြတယ်။ ပညာရှင်ပီသတဲ့ မန်နေဂျာတွေကို ဝင်မရှုပ်မိအောင် ကျွန်တော်တို့ အရမ်းကြိုးစားပြီး ထိန်းတယ်။ တစ်ချိန်တည်းမှာပဲ ပိုင်ရှင်တစ်ဦးအတွက် လိုအပ်ချက်တွေနဲ့ ဦးစားပေးတွေနဲ့ မန်နေဂျာရဲ့ ဦးစားပေးတွေ ကြေကြေညက်ညက် ခွဲခြားထားတယ်။ ဒီတော့ အစောပိုင်းမှာ မူဝါဒတစ်ရပ် အကောင်အထည်ဖော်ဖို့ ကော်မတီ ယန္တရားကို ဟိုတယ်မှာ ကျွန်တော် ထူထောင်တယ်။ ကော်မတီမှာ ဟိုတယ်ရဲ့ အထွေထွေ မန်နေဂျာ ပါတယ်။ ပိုင်ရှင်ဘက်မှ လူ တစ်ယောက် နှစ်ယောက် ပါတယ်။ ကော်မတီက သူ့အလုပ်ကို မှန်ကန်စွာ လုပ်ရင် စီမံခန့်ခွဲမှုနဲ့ ပိုင်ရှင်တို့က ဟိုတယ် တိုးတက်ကောင်းမွန်အောင် အတူတကွ အမြဲလုပ်ကိုင်ကြလိမ့်မယ်။

MMH

How To Read 6910 times