ထိုင်းဆန်တန်ချိန် ၈ သန်း‌ကျော် တင်ပို့နိုင်မည်ဟု ခန့်မှန်း


22 March, 2022

ထိုင်းဆန်တန်ချိန် ၈ သန်း‌ကျော် တင်ပို့နိုင်မည်ဟု ခန့်မှန်း

ယခုနှစ်မှာ ထိုင်းနိုင်ငံ ဆန်တင်ပို့မှုပမာဏ တန်ချိန်  ၈ သန်းကျော် တင်ပို့နိုင်လိမ့်မယ်လို့ ထိုင်း ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း Thai Rice Exporters Association ဂုဏ်ထူးဆောင် ဥက္ကဋ္ဌဝါရင့်ဆန်ကုန်သည် Chookiat Ophaswongse က ခန့်မှန်းပါတယ်။ ဘတ်ငွေ အားပျော့နေခြင်း နှင့် ကမ္ဘာ့ဈေးကွက်မှာ ဆန်အဝယ်လိုက်နေခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ယခုနှစ် ပထမ ၂ လမှာ ထိုင်းဆန်တင်ပို့မှု တန်ချိန် ၁.၅ သန်းအထိ ရှိခဲ့ပါတယ်။ ယခင် ၂၀၂၁ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ ၂ လမှာ ဆန်တန်ချိန် ၉ သိန်းမျှသာ တင်ပို့ခဲ့ပါတယ်။ 

 

Chookiat Ophaswongse


ယခုနှစ်မှာ ထိုင်းဆန် ပျမ်းမျှအားဖြင့် တစ်လ တန်ချိန် ၇ သိန်း တင်ပို့နိုင်ခဲ့ရင် ယခုနှစ် စုစုပေါင်းတန်ချိန် အနည်းဆုံး ၈ သန်း တင်ပို့နိုင်မှာဖြစ်တယ်လို့ Chookiat Ophaswongse က ပြောကြားပါတယ်။ အသင်းက ခန့်မှန်းတာ တစ်လ တန်ချိန် ၇ သိန်းထက် အများကြီး ပိုလိမ့်မယ်လို့ သူက ပြောကြားပါတယ်။ "ပို့ကုန်တန်ဖိုးကို ဘတ် ၁၃၀ ဘီလျံလို့ ခန့်မှန်းထားတယ်။ ယမန်နှစ်က ဘတ် ၁၁၀ ဘီလျံ ရှိခဲ့ပါတယ်လို့ သူက ပြောကြားပါတယ်။


Mr Chookiat က "ဘတ်ငွေ အားပျော့နေတဲ့အတွက် ထိုင်းဆန်ဈေးနှုန်ူးက ယှဉ်ပြိုင်နိုင်စွမ်း ကောင်းနေတယ်။ ထိုင်းဆန်ဈေးနှုန်း ဗီယက်နမ်ဆန် ဈေးနှုန်းနဲ့ နင်လားငါလား ဖြစ်နေပြီ" လို့ သူက ပြောကြားပါတယ်။

ထိုင်းဆန်ဖြူ ၅% FOB ( free-on-board ) ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄၂၀ ဖြစ်ပြီး ဗီယက်နမ်နှင့် ဈေးအတူတူ ဖြစ်ပါတယ်။ ယခုလဆန်းပိုင်းက အမေရိကန်ဒေါ်လာ ၄၀၀ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ မြင့်တက်ခဲ့ပါတယ်။


"ထိုင်းဆန်ဈေးနှုန်းက ဗီယက်နမ်ဆန်ဈေးနှုန်းနှင့် ဈေးတူသွားတဲ့အခါတိုင်း အာရှမှ ဆန်တင်သွင်းတဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်တို့က ထိုင်းဆန်ကိုပဲ ဝယ်ကြတယ်" လို့ Mr Chookiat က ပြောကြားပါတယ်။

 "ပိုအရေးပါတဲ့အချက်က ဒီနှစ်မှာ အီရတ်၊ အီရန်၊ဆော်ဒီတို့ ပြန်ဝယ်ကြတယ်" လို့ သူက ပြောကြားပါတယ်။

ဟောင်ကောင်နှင့် စင်ကာပူ၊ တရုတ်နိုင်ငံ ရှန်ကျန်း၊ ရှန်ဟိုင်းတို့မှာ Covid-19 ကူးစက်မှုတွေ ဖြစ်ပွားနေပြီး လော့ဒေါင်းချတာကြောင့် လူအများတို့က စူပါမားကက်တွေမှာ ထိုင်းဆန်ကို အိမ်မှာ အပိုဆောင်ထားဖို့ ခါတိုင်းထက် ပိုဝယ်ကြတယ်။ ယူကရိန်းမှာ စစ်ဖြစ်နေလို့ ဂျုံနှင့် ပြောင်း ဈေးတက်တာကြောင့် ထိုင်းဆန်‌ေဈးနှုန်းအပေါ် သက်ရောက်မှု ရှိတယ်။ ထိုင်းဆန်လည်း ဈေးလိုက်တက်တယ်။ ဈေးနည်းနည်းတက်သွားတယ်" လို့ Mr Chookiat က ပြောကြားပါတယ်။

"အခုနှစ် ဒုတိယ ၃ လပတ်မှာ ထိုင်းဆန်ဈေးနှုန်း ၅% တက်မယ်လို့ မှန်းတယ်။ အမေရိကန်ဒေါ်လာ ၂၀ ဈေးတက်လိမ့်မယ်" လို့ သူက ပြောကြားပါတယ်။ 

ဈေးအသင့်အတင့်ပဲ တက်လိမ့်မယ်လို့ သူက မှန်းတယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယမှာ ဆန်တွေ များနေတယ်။ အခုနှစ် ဗီယက်နမ်နှင့် ထိုင်းတို့ နှစ်နိုင်ငံစလုံးမှာ ဆန်အထွက်များမယ်လို့ ခန့်မှန်းကြောင်း သူက ပြောပြပါတယ်။

ယခုနှစ် ရိတ်သိမ်းရာသီမှာ ထိုင်းနိုင်ငံမှာ စပါးတန်ချိန် ၃၀~၃၂ သန်း ထွက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Agriculture & Livestock Read 1751 times