Revlon လူမွဲအကာအကွယ်ရယူရန် လျှောက်ထား


16 June, 2022

Revlon လူမွဲအကာအကွယ်ရယူရန် လျှောက်ထား

ကော့စမက်တစ် မဟာလုပ်ငန်းကြီး Revlon က ဗုဒ္ဓဟူးနေ့ (ဇွန် ၁၅ ရက်) မှာ လူမွဲအကာအကွယ်ရယူရန် တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
ကုမ္ပဏီက ၎င်း၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ထောက်ပိုးနိုင်ရန် ၎င်း၏လက်ရှိချေးငွေအရင်းမှ မြီရှင်လက်ဝယ်ပိုင်ဘဏ္ဍာငွေ ကန်ဒေါ်လာ  ၅၇၅သန်းရရှိရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ယခုလို အကာအကွယ် ရယူလိုက်တဲ့အတွက် ကုမ္ပဏီအနေဖြင့် ဆယ်စုနှစ်များအတွင်း သုံးစွဲသူများကို ပေးအပ်ခဲ့တဲ့ အထင်ကရ ကော့စမက်တစ်ပစ္စည်းများကို ဆက်လက်ပေးအပ်နိုင်မှာ ဖြစ်ပြီး ကုမ္ပဏီ အနာဂတ် ကြီးထွားဖို့အတွက် ပိုမိုရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခုကို ရရှိမှာ ဖြစ်တယ်လို့ Revlon က ကြာသပတေးနေ့ နံနက် (ဇွန် ၁၆ ရက်)မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

Revlon အနေဖြင့် လက်ရှိအနေအထားမှာ သုံးစွဲသူတွေရဲ့ ဝယ်လိုအားမှာ သုံးပုံတစ်ပုံကို ရောင်ူချပေးနိုင်ခြင်း မရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများ လုံလုံလောက်လောက် ပုံမှန်ရရှိနေအောင် ကုမ္ပဏီအနေဖြင့်  လုပ်ကိုင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေများကို ရင်ဆိုင်နေရကြောင်း၊ Revlon ရဲ့ ကုန်စည်များကို တရုတ်ပြည်မှ အမေရိကန်သို့ ပို့ဆောင်ရာတွင် ၈ ပတ်မှ ၁၂ ပတ်အထိ ကြာမြင့်နေကြောင်း၊ ကုန်ကျစရိတ်မှာ ၂၀၁၉ ခုနှစ်ထက် ၄ ဆ ပိုမိုကုန်ကျကြောင်း စသဖြင့် တရားရုံးသို့ တင်သွင်းသည့် အစီရင်ခံစာ တွင် ဖော်ပြထားပါတယ်။
လက်လီရောင်းချသည့်ကဏ္ဍတွင် အကြီးအကျယ် ဒုက္ခရောက်နေကြသဖြင့် ဒေဝါလီခံတဲ့ ကုမ္ပဏီများ များပြားနေပြီး မဟာလုပ်ငန်းကြီးအနေဖြင့် Revlon က ပထမဆုံး လူမွဲခံယူတာ ဖြစ်ပါတယ်။
Revlon ကို ဘီလျံနာ Ron Perelman ရဲ့ MacAndrews & Forbes က ထိန်းချုပ်ထားပါတယ်။ ၁၉၈၅ ခုမှာ Revlon ကို MacAndrews & Forbes က ကန်ဒေါ်လာ ၁.၈ ဘီလျံဖြင့် ဝယ်ယူသိမ်းပိုက်ခဲ့ပါတယ်။ ၁၁ နှစ်အကြာမှာ ရှယ်ယာများ ရောင်းချပြီး အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။ 

ကုမ္ပဏီ အစုရှယ်ယာများရဲ့ ဈေးကွက်ပေါက်ဈေး စုစုပေါင်းတန်ဖိုးက ဗုဒ္ဓဟူးနေ့ အပိတ်ဈေးအရ ကန်ဒေါ်လာ ၁၂၃ သန်း ဖြစ်ပါတယ်။ ကြာသပတေးနေ့ ဈေးကွက်မဖွင့်ခင်မှာ Revlon ရှယ်ယာ ရောင်းဝယ်ခြင်းကို ရပ်ဆိုင်းထားလိုက်ပါတယ်။

Revlon မှာ မတ်လ ၃၁ ရက်မှာ ကြွေးမြီ ကန်ဒေါ်လာ ၃.၃၁ ဘီလျံ တင်ရှိနေပါတယ်။

Global News Read 684 times