နိုင်ငံခြားအရန်ငွေကြေး ခြောက်ဘီလျံ အသုံးပြု၍ ငွေကြေး တည်ငြိမ်ရေးအတွက် အတတ်နိုင်ဆုံးကြိုးစားနေဟုဆို


20 October, 2021

နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကိုအသုံးပြု၍ မြန်မာငွေကြေး တည်ငြိမ်ရေးအတွက် အတတ်နိုင်ဆုံးကြိုးစားနေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း မြန်မာကျပ်ငွေတည်ငြိမ်ရေးနှင့် အခက်အခဲကြုံနေရသော စီးပွားရေးကို ထောက်ပံ့ရေးအတွက် မြန်မာတပ်မတော်အစိုးရက ခန့်အပ်ထားသော အာဏာပိုင်များက အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာကျပ်ငွေနှင့် စီးပွားရေးတို့တွင် ယခုကဲ့သို့ အခက်အခဲများကြုံတွေ့နေရခြင်းမှာ အတိုက်အခံများအား ပြည်ပကထောက်ခံနေသူများကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုသည် ငါးရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး မြန်မာ့နိုင်ငံခြားအရန်ငွေသည် မြန်မာကျပ်ငွေ ၁၁ ထရီလီယံ သို့မဟုတ် ဗဟိုဘဏ်တရားဝင်နှုန်းအရ အမေရိကန် ဒေါ်လာ ၆ဒသမ ၀၄ ဘီလျံ နှင့်ညီမျှသော ပမာဏတွင် ရပ်တည်နေသည်ဟု တပ်မတော်အစိုးရက ခန့်အပ်ထားသော ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဦးအောင်နိုင်ဦးက ရိုက်တာသတင်းဌာနနှင့် ပြုလုပ်သောအင်တာဗျူးတွင် ဖြေကြားခဲ့သည်။

မြန်မာ့စီးပွားရေးအခက်အခဲများသည် အဖျက်အမှောင့်လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ပြီး အဆိုပါ အဖျက်အမှောင့်ဗျူဟာများကို ပြည်ပနိုင်ငံအချို့က ကျောထောက်နောက်ခံပြုထားသည်ဟု ပြောကြားခဲ့သော်လည်း အဆိုပါနိုင်ငံနာမည်များကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ဒေါ်လာစျေး ပြန်လည်ကျဆင်းလာကာ အောက်တိုဘာ ၁၉ ရက်တွင် တစ်ဒေါ်လာကျပ် ၂၀၅၀ ဝန်းကျင် ရှိနေသည်။


ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင် ၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ ဖြစ်သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖွင့်လှစ် ဆောင်ရွက်နေသည်။

ဗဟိုဘဏ်စျေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေ လဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံး လဲလှယ်နှုန်းနှင့် အနိမ့်ဆုံး လဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေ ဝယ်ယူရန်၊ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် ဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် တစ်ရက်အတွင်း ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ  ကျပ် ၁၈၂၀ ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာလအတွင်း ဒေါ်လာ ၆၃ သန်း ရောင်းချခဲ့သည်။

 

news-eleven.com    

Export, Import Read 10473 times