မြိုင်မြို့နယ်ရှိ ဒေသန္တရ ရေနံချက်ဖိုများ လုပ်ကိုင်ခွင့်ရရန်တောင်းဆိုမည်


24 September, 2018

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်ရှိ ဒေသန္တရ ရေနံချက်ဖိုများကို (အသေးစား၊အလတ်စား - SME)လုပ်ငန်းများအဖြစ် လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း မြိုင်မြို့နယ် ဒေသခံများထံက သိရသည်။
မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့သည် လွန်ခဲ့သော နှစ်(၂၀) နှစ်(၂၅)နှစ်ခန့်ကတည်းက ရေနံတွင်းတိမ်များထွက်ရှိရာ ဒေသများဖြစ်ကြောင်း မြိုင်မြို့နယ်မှ ဒေသခံဦးသန့်ဇင်က ပြောသည်။

"မကွေးတိုင်းမှာ မြိုင်မြို့နယ်က လက်ယက်တွင်းတိမ် ရေနံအထွက်အများဆုံးဖြစ်တယ်။ ရေနံရဲ့ စွန့်စားမှု အကျိုးစီးပွား မခံစားရဘူး၊ အကာအကွယ်မရဘူး။ ပြီးခဲ့တဲ့လက ချက်ဖို(၇၀)ကျော် အဖမ်းခံရတယ်။ဒါကြောင့် တရားဝင်လုပ်ချင်ကြတယ်။ ဒီဒေသမှာ တရားဝင်ရေနံချက်ဖိုမရှိတဲ့အတွက် ဈေးကွက်ချုပ်ကိုင်မှုနဲ့ ဈေးနှိမ်တာတွေခံနေရပြီး ရေနံစိမ်းလုပ်ငန်းလုပ်ကိုင်သူတွေ ထိုက်သင့်သလောက် အကျိုးအမြတ်မရရှိကြဘူး"ဟု ဦးသန့်ဇင်က ပြောသည်။

ရေနံတွင်းတစ်တွင်း၏ ကုန်ကျစရိတ်သည် ကျပ်သိန်း(၃၀၀) မှ ကျပ်သိန်း(၄၀၀)ခန့် အထိ ကုန်ကျမှုရှိပြီး တစ်ဦးတည်း မလုပ်နိုင်သောကြောင့်အစုအဖွဲ့နှင့်သာ လုပ်ကြရပြီး တွင်းတိမ်များဖြစ်သောကြောင့် ရွေ့ပြောင်းလုပ်ကိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီနယ်ကနေ တစ်နေ့ ပေပါ(၂၀၀)လောက်ပါတဲ့ ဘောက်ဆာယာဉ် အစီးရေ(၃၀)လောက် ဖြတ်ပြီး မုံရွာဘက်က ချက်ဖိုတွေကို ပို့နေရတယ်။ တစ်နေ့ ဂါလံသိန်းချီထွက်တယ်လို့ မှန်းဆပြောလို့ရပါတယ်။ သယ်ယူစရိတ် မြောက်များစွာ အကုန်ကျခံပြီး မုံရွာကျောက္ကာ ရေနံချက်ဖိုတွေကို ပို့ဆောင်နေရတယ်။ ချက်ဖိုလုပ်ငန်း တရားဝင်ခွင့်ပြုပေးမယ်ဆိုရင် ယခင် ထမ်းဆောင်နေတဲ့ အခွန်အပြင် သတ်မှတ်တဲ့ အခွန်အခကိုလည်း တာဝန်ကျေအောင် ထမ်းဆောင်မှာပါ။ ချက်ဖိုလုပ်ငန်းက နိုင်ငံတော်နဲ့တိုင်းဒေသကြီးအတွက် အခွန်ဝင်ငွေတွေ တိုးလာမယ့်အပြင် ဒေသအတွက် အလုပ်အကိုင် အခွင့်လမ်းကောင်းတွေ ရရှိပြီး ဝင်ငွေတွေ ကောင်းလာမှာပါ။ ဒေသထွက်ရေနံတွေကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကို အကာကွယ်ပေးမဲ့အပြင် နိုင်ငံခြားထွက်ငွေလည်း လျော့နည်းသွားမယ် ဦးသန့်ဇင်က ပြောသည်။

မြိုင်မြို့နယ်တွင် ချက်ဖို့များ ခွင့်ပြုပေးမည်ဆိုပါက ဒေသခံများအတွက် အလုပ်အကိုင် စာဝတ်နေရေး အဆင်ပြေနိုင်ကြောင်း လက်ရှိတွင် မြိုင်မြို့နယ်ထွက် ရေနံစိမ်းများကို မုံရွာမြို့နယ် ကျောက္ကာဘက်ရှိ ချက်ဖိုများသို့ သွားရောက်ရောင်းချနေရ၍ ဈေးကွက်လက်ဝါးကြီးအုပ် ချုပ်ကိုင်ခံရခြင်း ဈေးကွက်နှိမ်ခြင်းတို့ ခံနေရကြောင်း ဆိတ်ချေးကျေးရွာမှ ကိုထွန်းဇော်ဝင်းက ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း လျှပ်စစ်နဲစွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနဲ့ ဓာတုဗေဒလုပ်ငန်းမှ အသေးစား ရေနံချက်လုပ်ငန်း (Mini Refinery) လုပ်ကိုင်လိုသူများကို လိုင်စင်လျှောက်လွှာခေါ်ယူခဲ့ပြီး မကွေးတိုင်းအစိုးရ၏ ထောက်ခံမှ ရတာပါ တိုင်းအစိုးရက ထောက်ခံချက် လိုအပ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ရေနံချက်ဖိုတွေ မစဉ်းစားတော့ဘူး။ ရေနံချက်စက်ရုံအသေးစားလေးတွေကို ပြည်ထောင်စုဝန်ကြီးဌာနက ခွင့်ပြုမှာပါ။ ပြည်ထောင်စုဝန်ကြီးဌာနကပဲ နည်းပညာပေးပြီး ဘယ်နည်းပညာနဲ့ချက်မယ် စက်တွေ ဒီဇိုင်းတွေကို ဘယ်လိုထားမယ်ဆိုတာ ပြည်ထောင်စုက စီစစ်ပြီးခွင့်ပြုမှာပါ။ တိုင်းဒေသကြီးအစိုးရက မြေနေရာသက်မှတ်ပေးမယ်။ လျှပ်စစ်ရအောင်ဆောင်ရွက်ပေးရမှာပါ"ဟု မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် သယံဇာတ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

မြိုင်မြို့နယ်တွင် ဒေသန္တရ ရေနံချက်ဖိုလုပ်ငန်းအမှန်တကယ်လုပ်ကိုင်လိုသူ များစွာရှိနေပြီး လက်ရှိတွင် လူ၁၀၀ကျော်မှ လက်မှတ်ရေထိုး၍ စွမ်းအင်ဝန်ကြီးဌာနနှင့် မကွေးတိုင်းအစိုးရထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

mizzima

Local News Read 515 times