ပြည်ပမှ မိသားစုထံ ငွေလွှဲပေးပို့ခြင်း ဝန်ဆောင်ခ အများဆုံးစင်္ကြံများတွင် ထိုင်း-မြန်မာ ပါဝင်


28 November, 2021

၂၀၂၁ တွင် ပြည်ပတွင် အလုပ်လုပ်နေသူတို့က မိခင်နိုင်ငံသို့ ပြန်ပို့သည့် ငွေပမာဏသည် ဝင်ငွေနည်းပါးနှင့် အလယ်အလတ်နိုင်ငံများ low- and middle-income countries (LMICs)သို့ ငွေလွှဲဖြင့် အမေရိကန်ဒေါ်လာ ၅၈၉ ဘီလျံ စီးဝင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း World Bank Group  မှ ထုတ်ဝေသည့် Migration and Development Brief 35 တွင် ဖော်ပြထားပါသည်။

ထိုသို့ ငွေလွှဲငွေပို့ခြင်းသည် ပမာဏ ကြီးမားသဖြင့် အရေးပါသော နိုင်ငံခြားငွေ စီးဝင်မှု ဖြစ်နေသည်။ 
ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု  foreign direct investment(FDI) စီးဝင်မှုများသည် ၂၀၂၁ ခုနှစ်တွင် အခြေအနေပြန်ကောင်းလာသော်လည်း ဝင်ငွေနည်းပါးနှင့် အလယ်အလတ်နိုင်ငံများသို့ ငွေလွှဲပေးပို့သည့်ပမာဏသည် တရုတ်နိုင်ငံမှ အပ အခြားLMIC နိုင်ငံများတွင် အစိုးရဖွံ့ဖြိုးရေး အကူအညီ official development assistance (ODA) နှင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) နှစ်ရပ်ပေါင်း စီးဝင်သည့် ပမာဏထက် ပိုများနေသည်။ ODA ရေချိန်များထက် သုံးဆကျော် ပိုများသည်။ FDI ထက် ၅၀% ပိုများသည်။ 

တောင်အာရှတွင် ငွေလွှဲငွေပို့ခြင်းသည် နိုင်ငံအတွက် နိုင်ငံခြားငွေ ရရှိရာ အရေးပါသည့် ရင်းမြစ်တစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် တောင်အာရှသည် FDI  ၁  အမေရိကန် ဒေါ်လာ ရတိုင်း ငွေလွှဲငွေပို့ခြင်းထံမှ အမေရိကန်ဒေါ်လာ ၂.၉ ရရှိသည့် အချိုးအစားကို တွေ့ကြရသည်။ 

 

LMIC နိုင်ငံများ

 

၂၀၂၁ ခုနှစ်တွင် LMIC နိုင်ငံများအနက် ငွေလွှဲငွေပို့ခြင်း အမေရိကန်ဒေါ်လာအရ အများဆုံးလက်ခံရရှိသည့် ထိပ်တန်း ၅ နိုင်ငံမှာ
အိန္ဒိယ
တရုတ်
မက္ကဆီကို
ဖိလစ်ပိုင်
အီဂျစ်တို့ ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် LMIC နိုင်ငံများအနက် ငွေလွှဲငွေပို့ခြင်းပမာဏကို ဂျီဒီပီတွင် ပါဝင်သည့်ရာခိုင်နှုန်းဝေစုအရ ကြည့်လျှင် အများဆုံးလက်ခံရရှိသည့် ထိပ်တန်း ၅ နိုင်ငံမှာ 
တွန်ဂါ
လက်ဘနွန်
ကာဂျစ်သမ္မတနိုင်ငံ၊ 
တာဂျစ်ကစ္စတန်
ဟွန်ဒူးရပ်စ်တို့ဖြစ်သည်။


ငွေလွှဲပေးပို့သည့် မူရင်းနိုင်ငံများတွင် အမေရိကန်နိုင်ငံမှ ပေးပို့ခြင်းပမာဏ အများဆုံး ဖြစ်သည်။ ထိုနောက်တွင် ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ဆွစ်ဇာလန်တို့ အစဉ်အလိုက် အများဆုံး ဖြစ်ပါသည်။

ပစိဖိတ်နှင့် အရှေ့အာရှဒေသ

ပစိဖိတ်နှင့် အရှေ့အာရှဒေသတွင် ငွေလွှဲငွေပို့ခြင်း အမေရိကန်ဒေါ်လာအရ အများဆုံးလက်ခံရရှိသည့် ထိပ်တန်း ၅ နိုင်ငံမှာ
တရုတ်
ဖိလစ်ပိုင်
ဗီယက်နမ်
အင်ဒိုနီးရှား
ထိုင်း တို့ ဖြစ်ပါသည်။ 
မြန်မာသည် ဆဌမနေရာတွင် ဖြစ်ပါသည်။ 

၂၀၂၁ ခုနှစ်တွင် ငွေလွှဲငွေပို့ခြင်းပမာဏကို ဂျီဒီပီတွင် ပါဝင်သည့်ရာခိုင်နှုန်းဝေစုအရ ကြည့်လျှင် အများဆုံးလက်ခံရရှိသည့် ထိပ်တန်း ၅ နိုင်ငံမှာ 
တွန်ဂါ
ဆာမိုအာ
မာရှယ်ကျွန်း
ဖိလစ်ပိုင် 
တီမော တို့ ဖြစ်ပါသည်။ 

တောင်အာရှဒေသ

တောင်အာရှဒေသတွင် ငွေလွှဲငွေပို့ခြင်း အမေရိကန်ဒေါ်လာအရ အများဆုံးလက်ခံရရှိသည့် ထိပ်တန်း ၅ နိုင်ငံမှာ
အိန္ဒိယ
ပါကစ္စတန်
ဘင်္ဂလားဒေ့ရှ်
နီပေါ
သီရိလင်္ကာ တို့ ဖြစ်ပါသည်။

တိုင်းပြည်တိုင်းပြည်စီးပွားရေး၏ ဂျီဒီပီနှင့် ငွေလွှဲငွေပို့ခြင်းတို့၏ အချိုးအစားကို ကြည့်လျှင်
အိန္ဒိယ သည် အများဆုံး ရရှိသော နိုင်ငံဖြစ်သော်လည်း အိန္ဒိယ စီးပွားရေး ဂျီဒီပီ၏ ၃ % သာ ရှိသည်။ 
ပါကစ္စတန် သည် ပါကစ္စတန်စီးပွားရေး ဂျီဒီပီ၏ ၁၄ % ရှိသည်။
ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာ တို့သည် ၆~၈% ရှိသည်။
တောင်အာရှဒေသတွင် တိုင်းပြည်စီးပွားရေး၏ ဂျီဒီပီအရ ငွေလွှဲငွေပို့ခြင်း အရေးပါမှု ကွဲပြားသည်။ ၂၀၂၁ တွင် ငွေလွှဲငွေပို့ခြင်းမှ ဝင်လာသော နိုင်ငံခြားငွေသည် နီပေါနိုင်ငံအတွက် အလွန်အမင်း အရေးပါသည်။ ဂျီဒီပီ၏ ၂၅ % ခန့် ရှိသည်။ ပါကစ္စတန်သည် ၁၂.၆% ၊ သီရိလင်္ကာသည် ၃.၈% အချိုးအစား ဖြစ်သည်။ 

ပြည်ပတွင် သွားရောက်၍ အလုပ်လုပ်ကိုင်ခြင်းသည် မိမိဘဝ တိုးတက်ကြီးပွားရေးအတွက်ဟု ဆိုနိုင်သော်လည်း မိခင်နိုင်ငံတွင် ကျန်ရစ်သည့် မိသားစုကို ငွေကြေးအထောက်အပံ့ပေးဖို့သည်လည်း တန်းတူ အရေးပါသည်။ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူတို့သည် ကိုဗစ်ကာလတွင် မိသားစုထံ ငွေလွှဲပေးပို့မှုများ ပမာဏ ပိုများလာသည်။ အထူးသဖြင့် COVID-19 Delta  မျိုးကွဲ ကူးစက်မှုကြောင့် ထိခိုက်သော နိုင်ငံများရှိ မိမိ၏ မိသားစုထံ ငွေလွှဲပေးပို့မှု ပိုများလာသည်။
တောင်အာရှဒေသတွင်းရှိ နိုင်ငံများသို့ ငွေလွှဲပေးပို့ခြင်းများသည် ၂၀၂၁ ခုနှစ်တွင် သိသိသာသာ ပိုများသည်။
ငွေလွှဲပေးပို့ခြင်း အများဆုံး လက်ခံရရှိသည့် အိန္ဒိယ နိုင်ငံသည် ၄.၆ % ပိုများမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၇ ဘီလျံအထိ ရှိလိမ့်မည်ဟု ခန့်မှန်းသည်။ COVID-19 Delta  မျိုးကွဲ ကူးစက်မှု ပြင်းထန်နေပြီး သေဆုံးနှုန်းလည်း မြင့်မားနေချိန်တွင် အသည်းအသန် လိုအပ်သော အောက်ဆီဂျင်ဆလင်ဒါ ဝယ်ယူခြင်းကဲ့သို့သော လူမှုရေးကိစ္စ အကူအညီအတွက် ငွေလွှဲပေးပို့ လှူဒါန်းခြင်းများ စီးဝင်ခဲ့သည်။

 

ပင်လယ်ကွေ့ဒေသ

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ Gulf Cooperation Council (GCC) ‌ဒေသတွင် ပြည်ပလုပ်သားဈေးကွက်မှာ လိုအပ်ပုံ ပြောင်းလဲနေသည်။ တတ်ကျွမ်းမှုနည်းပါးနိမ့်ကျသော လုပ်သားများထက် တတ်ကျွမ်းမှုမြင့်မားသော လုပ်သားများ ပိုပိုလိုအပ်နေသည်။ 
ဆော်ဒီအာရေဗျသည် ယခင်နှစ် ပထမ ၃လပတ်ထက် ယခုနှစ် ပထမ ၃ လပတ်တွင် လုပ်သားဗီဇာ ထုတ်ပေးသည့် အရေအတွက် ၁၂ % လျော့ကျသည်။ အိုမန်တွင် ဘင်္ဂလားဒေ့ရှ်လုပ်သားဦးရေ ၁၅% လျော့ကျသည်။ ဘာရိန်းသည် ပြည်ပလုပ်သားများအတွက် ထုတ်ပေးသည့် ပါမစ်သည် ၂၀၂၀ တွင် ၄၇,၀၀၀ ရှိခဲ့ပြီး ၂၀၂၁ တွင် ၂၄,၀၀၀ သာ ရှိတော့သည်။ ကူဝိတ်က ပုဂ္ဂလိကကဏ္ဍတွင် နိုင်ငံသား ၁၀၀၀,၀၀၀ ကို လာမည့် ၄ နှစ်တာအတွင်း အလုပ်ခန့်ထားမည် ဖြစ်သည်။ 
ပြည်ပလုပ်သားတို့အတွက် အလုပ်အကိုင် လျော့နည်းလာခြင်းနှင့် ဝင်ငွေလျော့ကျခြင်းတို့ကြောင့် ပြည်တော်ပြန်သည့် ပြည်ပလုပ်သားဦးရေ များလာသည်။ မလေးရှားသည် စာရွက်စာတမ်း မခိုင်လုံသော မလေးရှားနိုင်ငံသားများကို ၂၀၂၀ နိုဝင်ဘာလမှစ၍ ပြန်ခေါ်ခဲ့ရာ ၉၀,၀၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။  ကပ်ရောဂါကြောင့် ၂၀၂၀ မေလမှ ၂၀၂၁ ဇူလိုင်အထိ ကာလအတွင်း ဖိလစ်ပိုင်လုပ်သား ဦးရေ ၆၁၂,၀၀၀  ပြည်တော်ပြန်ခဲ့ကြသည်။ အလားတူပင် အင်ဒိုနီးရှား လုပ်သားဦးရေ ၁၈၀,၀၀၀ မိခင်နိုင်ငံသို့ ပြန်ခဲ့ကြသည်။

 

အလုပ်ရဖို့ ပေးရသည့်ငွေ 

ရွှေ့ပြောင်းလုပ်သားများ ပြည်ပတွင် အလုပ်ရဖို့ ပေးရသည့် ပမာဏသည် မတန်တဆ များပြားနေသည်များ ရှိနေသည်။ ဆော်ဒီအာရေဗျတွင် အလုပ်တစ်ခု ရဖို့ ဘင်္ဂလားဒေ့ရှ်လုပ်သားများသည် အမေရိကန်ဒေါ်လာ ၅,၀၀၀ ဝန်းကျင် ပေးရသည်။ သူတို့ရမဉ့် နိုင်ငံခြားငွေလစာ လပေါင်း ၂၀ စာနှင့် ညီမျှသည်။ တောင်ကိုရီးယားတွင် အလုပ်တစ်ခု ရဖို့ ဗီယက်နမ်လုပ်သားများသည် အမေရိကန်ဒေါ်လာ ၉,၂၀၀ ကျော် ပေးရသည်။ သူတို့ရမည့် လစာ ၉ လခနီးပါးရှိသည်။ 

 

ငွေလွှဲခနှုန်းထားများ

ငွေလွှဲခနှုန်းထားများသည် မြင့်မားနေဆဲ ဖြစ်သည်။ ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်တွင် ပျမ်းမျှ ၆.၄ % ကုန်ကျသည်။
ငွေလွှဲပေးပို့သည့်အခါ ဘဏ်များမှတစ်ဆင့် ပေးပို့သည်က ဒစ်ဂျစ်တယ်လမ်းကြောင်းများ၊ ငွေသားဖြင့်ယူ ငွေသားဖြင့် ပေးသည့် ဟွန်ဒီငွေလွှဲများဖြင့် ပေးပို့သည်ထက် အကုန်အကျ ပိုများသည်။

အမေရိကန်ဒေါ်လာ ၂၀၀ ကို အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် ငွေလွှဲပေးပို့သည့် ကုန်ကျစရိတ် အနည်းဆုံးစင်္ကြံများတွင် စင်ကာပူ၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ယူအေအီးတို့မှ ဖိလစ်ပိုင်သို့ ပေးပို့ခြင်းသည် ကုန်ကျစရိတ် အနည်းဆုံး ဖြစ်ကြောင်း တွေ့ရသည်။ 

ကုန်ကျစရိတ် အများးဆုံးစင်္ကြံများတွင် ထိုင်းနိုင်ငံမှ ဗီယက်နမ်၊ မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား တိုထံ ပေးပို့ခြင်းသည် ကုန်ကျစရိတ် အကြီးမားဆုံး ဖြစ်သည်။ 

 

 

 


 

Banking & Loan Industry Reviews Read 3360 times