မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း (၂၅) နှစ်ပြည့် ငွေရတုအခမ်းအနား နှင့် နှစ်ပတ်လည်အစည်းအဝေး


21 December, 2018

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းကို ပြည်တွင်းစက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ချက် (၁၇) ရပ်ချမှတ်၍ မြန်မာနိုင်ငံကုမ္ပဏီများမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၂၆(က)အရ ၁၉၉၃ ခုနှစ် တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၂၅ နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။

အသင်း၏ အမှုဆောင်အဆက်ဆက် စည်းလုံးညီညွတ်စွာ တာဝန်ယူဆောင်ရွက်ခဲ့သော လုပ်ငန်းများမှ အောက်ပါအချက်အလက်များအား ထုတ်နှုတ်တင်ပြအပ်ပါသည်။အသင်းစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်သက်တမ်းကာလအထိ ဥက္ကဌ ဦးထိန်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဝင်းတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါသက်တမ်းတွင် မြန်မာ့ကုန်စည်ပြပွဲ ၁၉၉၄ ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သကဲ့သို့ စင်္ကာပူ၊ အစ္စဝရ၊ မလေးရှား၊ အိန္ဒိယနိုင်ငံများနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ သက်တမ်းကာလတွင် ဥက္ကဌ ဦးမြတ်သင်းအောင်၊ အထွေထွေ အတွင်းရေးမှူး ဦးပေါဟိန်းတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းများကို ဖွဲ့ စည်းပေးနိုင်ခဲ့ပြီး ပြည်တွင်းပြည်ပအဖွဲ့ အစည်းများနှင့် တွဲဖက်၍ ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ သက်တမ်းကာလတွင် ဥက္ကဌဦးပေါဟိန်း၊ အထွေထွေအတွင်းရေမှူး ဒေါက်တာပွင့်ဆန်းတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါသက်တမ်းကာလတွင် အသင်းအနေဖြင့် စက်မှုကုန်ကြမ်းသွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ထောက်ခံချက်များစိစစ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး Myanmar Industrial Exhibition 2010 ကို အောင်မြင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သက်တမ်းကာလတွင် ဥက္ကဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်သိန်းတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး Myanmar- Malaysia Innovative Products & Services Expo 2011 ပြပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ပြပွဲများ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သက်တမ်းကာလတွင် ဥက္ကဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးအောင်မင်းတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါသက်တမ်းကာလတွင် နိုင်ငံတော်သမ္မတ၏ အကျိုးအမြတ် မယူသောထူးချွန်စီးပွားရေးအသင်းအဖွဲ့ ပထမဆုကို ရရှိခဲ့သကဲ့သို့ မလေးရှားနိုင်ငံ ERA အဖွဲ့နှင့်ပူးပေါင်း၍ စက်မှု လုပ်ငန်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးနိုင်ခဲ့ပြီး မလေးရှားနိုင်ငံ ACCCIM နှင့်ပူးပေါင်း၍ မြန်မာ-မလေးရှား စက်မှု ကုန်စည်ပြပွဲ ၂၀၁၄ ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်မှ ယနေ့အချိန်ထိ ဥက္ကဌ ဒေါက်တာအောင်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းထင် တို့ ဦးဆောင်သော အလုပ်အမှုဆောင်လက်ထက်တွင် အသင်းကို လုပ်ငန်းကော်မတီ (၁၄) ရပ်ဖွဲ့စည်း၍ အသင်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

အသင်းအနေဖြင့် ဖြတ်သန်းခဲ့သော ၂၅ နှစ်တာကာလအတွင်း လုပ်ငန်းတူအစုအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် မိတ်ဖက်အသင်းအဖွဲ့များတည်ထောင်ပေးခဲ့သည်မှာ လက်ရှိအချိန်တွင် လုပ်ငန်းတူအစုအဖွဲ့ (၅) ခုနှင့် မိတ်ဖက် အသင်းအဖွဲ့ (၈)သင်းအထိ အောင်မြင်စွာဖွဲ့ စည်းပေးနိုင်ခဲ့ပါသည်။ ဆက်လက်၍ ပြည်တွင်းပုဂ္ဂလိက စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရှင်သန်လာစေရေးအတွက် အသင်း၏သင်းဖွဲ့မှတ်တမ်းပါရည်ရွယ်ချက်များနှင့်အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်နေ ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးစက်မှုဇုန်များအဆင့်မြင့်တင်ရေးကြီးကြပ်မှုကော်မတီ၊ အလုပ်အကိုင်ဖန်တီးမ ကော်မတီ၊ နိုင်ငံတော်အစိုးရအဖွဲ့ အစည်းများ၊ ဝန်ကြီးဌာနများ နှင့်ပြည်နယ်အစိုးရအဖွဲ့ အစည်း ကုန်သွယ်မှု နှင့်ဝန်ဆောင်မှုအဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုကိုရယူလျက် ခိုင်မာ တောင့်တင်းသော အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ရန်အတွက် ဆောင်ရွက်သွားမည့်အပြင်မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းချုပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းသွားနိုင်ရေး ဦးတည်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

          

MIA Activity Read 804 times