RCEP ကုန်သွယ်ရေးစာချုပ် ဗီယက်နမ် အကျိုးမျှော်လင့်


22 November, 2021

ဒေသတွင်း အလုံးစုံ စီးပွားရေးမိတ်ဘက်လို့ အမည်ရတဲ့ RCEP ကုန်သွယ်ရေး သဘောတူညီချက်ဟာ အခုလာမယ့် ဇန်နဝါရီလမှာ အသက်ဝင်မှာမို့ ဗီယက်နမ် အနေနဲ့ အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့ကပဲ ဩစတြေးလျနဲ့ နယူးဇီလန်တို့က ဒီသဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးခဲ့ကြတာပါ။ RCEP လွတ်လပ်တဲ့ ကုန်သွယ်ရေးစာချုပ်မှာ အခုဆိုရင် မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံနဲ့အတူ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်တို့ လက်မှတ်ထိုးထားကြပါပြီ။

RCEP ဟာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူစာချုပ် ဖြစ်လာဖွယ်ရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့အသားတင်ထုတ်ကုန်ရဲ့ ၃၀ ရာခိုင်နှုန်း အကျုံးဝင်ပါတယ်။ ဒေသတွင်း သွင်းကုန်အခွန်ကိုလည်း ၉၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချဖို့ မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်။

ကုန်သွယ်ရေး သဘောတူညီမှု ၁၄ ခုကို သဘောတူထားပြီးတဲ့ ဗီယက်နမ်နိုင်ငံဟာ သူ့ပို့ကုန်တွေကို သွင်းကုန်အခွန်နည်းတဲ့ ဈေးကွက်တွေဆီကို ပိုမိုတင်ပို့ဖို့ မျှော်လင့်ထားတာပါ။

နိုင်ငံတကာ ကုန်သွယ်ရေးအတိုင်ပင်ခံ အဖွဲ့တခုဖြစ်တဲ့ McLarty Associates က အကြီးတန်းအကြံပေး Steven Okun က ဗွီအိုအေကို ပြောတာကတော့ ရေရှည်မှာ RCEP ဟာ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို ကုန်သွယ်ရေးအရ ပိုမိုနီးကပ်သွားစေပြီး ဒေသတွင်း အမေရိကန် စီးပွားရေးကို ကန့်သတ်သလို ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေအတွက် အခွင့်အရေး ပိုလာနိုင်တယ်လို့လည်း ပြောပါတယ်။

ဗီယက်နမ်အတွက် ဈေးပေါတဲ့ သွင်းကုန်တွေ ဝင်လာဖို့ RCEP က လမ်းဖွင့်ပေးမှာဖြစ်ပြီး အထူးသဖြင့် ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝင်လာမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နှစ်စဉ် အာဆီယံနိုင်ငံတွေဆီကနေ ကုန်ကြမ်းနဲ့ ထုတ်လုပ်ရေးပစ္စည်း တန်ဖိုး ဒေါ်လာ ဘီလျံ ၃၀ ကျော် တင်သွင်းနေရတာလည်း ဖြစ်ပါတယ်။

VOA

 

Local News Read 732 times