မြေရှားသတ္တုများကဏ္ဍ ထိန်းချုပ်ရန် တရုတ်အစိုးရက ကုမ္ပဏီများ ပြန်လည်ဖွဲ့တည်


26 October, 2021

တရုတ်နိုင်ငံအစိုးရက မြေရှားသတ္တုများ ဈေးကွက်ကို ထိန်းချုပ်ရန် ပြည်တွင်းထုတ်လုပ်မှု၏ ၇၀% ကို နိုင်ငံပိုင်လုပ်ငန်းများ လက်ထဲတွင် ထားရှိမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် မြေရှားသတ္တုများ ထုတ်လုပ်မှု အကြီးမားဆုံး နိုင်ငံ ဖြစ်သည်။

မြေရှားထုတ်လုပ်သည့် လုပ်ငန်း သုံးခုကို နိုင်ငံပိုင် ကုမ္ပဏီ ဖြစ်စေရန် ပြန်လည်ဖွဲ့တည်မည်။
အဆင့်မြင့်နည်းပညာ ထုတ်ကုန်များတွင် မုချလိုအပ်သော သတ္တုများအတွက် မြေရှားသတ္တုများ  ပြည်တွင်းထုတ်လုပ်မှု ဝေစု ၇၀% နီးပါးကို အသစ်ဖွဲ့တည်မည့် နိုင်ငံပိုင် ကုမ္ပဏီက ရရှိမည် ဖြစ်သည်။

မြေရှားသတ္တုများ၏ အရင်းအမြစ်များ ဖွံ့ဖြိုးရေး၊ သန့်စက်ထုန်လုပ်မှု လုပ်ငန်းစဉ်နည်းပညာ ဖွံ့ဖြိုးရေးတို့ကို ပိုတောင့်တင်းသန်မာစေမည် ဖြစ်ပြီး အစိုးရ၏ သတ္တုတွင်းကဏ္ဍအပေါ် ထိန်းချုပ်မှု ပိုမိုရရှိစေမည် ဖြစ်သည်။ သတ္တုတွင်း တူးဖော်မှုမှအစ၊ သန့်စင်ထုတ်လုပ်မှုအလယ်၊ ပြည်ပတင်ပို့မှုအထိ ပစ္စည်းထုတ်လုပ်ပေးသွင်း ကွင်းဆက် အစမှ အဆုံးတိုင် အစိုးရမှ ထိန်းချုပ်ထားနိုင်မည် ဖြစ်သည်။

ဤအပြောင်းအလဲကြောင့် အမေရိကန်နှင့် ဩစတေးလျတို့သည် အခြားမြေရှား ရနိုင်မည့် ရင်းမြစ်များကို ရှာဖွေနေကြသည်။

U.S. Geological Survey မှ အချက်အလက်များအရ ကမ္ဘာ့မြေရှားသတ္တုများ ထုတ်လုပ်မှု၏ ၆၀ % ကို တရုတ်နိုင်ငံမှ ထုတ်လုပ်သည်။ တရုတ်နိုင်ငံမှ မြေရှားသတ္တုများ တင်ပို့မှုတွင် တန်ဖိုးအားဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့မှု အများဆုံးဖြစ်ပြီး 
ပြည်ပတင်ပို့မှု တန်ဖိုးစုစုပေါင်း၏ ၄၉ % ကို တင်ပို့သည်။ ဒုတိယ အများဆုံးမှာ အမေရိကန် ဖြစ်ပြီး ပြည်ပတင်ပို့မှု တန်ဖိုးစုစုပေါင်း၏ ၁၅% ကို တင်ပို့သည်။

မြေရှားသတ္တုများ တင်ပို့မှုကို သံတမန်ရေးရာ အနိုင်ဖဲချပ်အဖြစ် အသုံးပြုနိုင်သည်။
၂၀၁၀ တွင် ဂျပန်အစိုးရက နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစု Senkaku Islands ကို ဂျပန်ပိုင်အဖြစ် သတ်မှတ်ခဲ့ရာ တရုတ်အစိုးရက ကန့်ကွက်သည်။ တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံသို့ ‌မြေရှားသတ္တုအမျိုးမျိုး တင်ပို့နေသည်ကို ရပ်ဆိုင်းထားခဲ့သည်။

ဖွဲ့တည်ပုံအသစ်အရ အစိုးရ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည့်အခါ ဂျပန်နှင့်အမေရိကန်တို့ထံ မြေရှားသတ္တုအမျိုးမျိုး ပေးသွင်းမှုသည် အနိုင်ဖဲချပ်အဖြစ် လိုအပ်လျှင် ထုတ်သုံးဖွယ်ရှိသည်ဟု ဆန်းစစ်သူတို့က သတိပေးကြသည်။

ကမ္ဘာတစ်လွှား လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှု တိုးချဲ့လျက်ရှိရာ မြေရှားသတ္တု အမျိုးမျိုး လိုအပ်ချက် ပိုများလာနေသည်။ 
မြေရှားထုတ်လုပ်မှု အများဆုံး ထိပ်တန်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မြေရှားသတ္တုများ ဖြစ်ကြသည့် dysprosium နှင့် terbium တို့၏ ဈေးနှုန်းများ တရုတ်ပြည်တွင်းဈေးကွက်တွင် ၆၀ မှ ၉၀ % အထိ ထိုးတက်သည်။ 
 
အလယ်အလတ်နှင့် အလေးစား မြေရှားသတ္တုများ ဖြစ်ကြသည့် dysprosium နှင့် terbium တို့သည် စွမ်းဆောင်ရည်မြင့်မားသည့် သံလိုက်များ ထုတ်လုပ်ရန် မုချလိုအပ်သည်။ အဆိုပါ သံလိုက်များကို လျှပ်စစ်မော်တော်ယာဉ်၏ မော်တာများတွင် အဓိကကျသည့်နေရာမှာ သုံးစွဲသည်။ အခြားအစိတ်အပိုင်း အချို့တွင်လည်း သုံးစွဲသည်။ အမေရိကန် စစ်သုံးဒရုံးများ၊ ဒုံးကျည်များတွင်လည်း သုံးစွဲသည်။

အဓိကကျသော နိုင်ငံပိုင် လုပ်ငန်းများဖြစ်ကြသည့် China Minmetals Corporation (CMC) အရင်းအမြစ် ကုမ္ပဏီ၊ China Aluminum Corporation သံသတ္တုမဟုတ်သော သတ္တုများ ကုမ္ပဏီ နှင့် Jiangxi ပြည်နယ်မှ Ganzhou City အစိုးရတို့ကို မဟာဗျူဟာမြောက် ပြန်လည်ဖွဲ့စည်းမည် ဖြစ်သည်။ Ganzhou City တည်ရှိရာ ဒေသသည် မြေရှားသတ္တုများ ထွက်သည့်ဒေသ ဖြစ်သည်။ 

 

asia.nikkei.com

Local News Read 384 times