မြေရှားသတ္တုများ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့‌‌


04 December, 2021

နိုဝင်ဘာလနှောင်းပိုင်းတွင် တရုတ်-မြန်မာနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံမှ မြေရှားသတ္တုများ  တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့‌‌နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက Global Times သို့ ပြောကြားခဲ့ပြီး ရလဒ်အနေဖြင့် တရုတ်နိုင်ငံတွင် မြေရှားသတ္တုများ ဈေးမြင့်တက်နေရာမှ ကျဆင်းလာဖွယ်ရှိကြောင်း လေ့လာသူများက ဆိုသည်။  သို့သော် တရုတ်အစိုးရ၏ ကာဗွန်ထုတ်လွှတ်မှု အဆုံးသတ်ရေး အာရုံစိုက်ခြင်းကြောင့် ရေရှည်တွင် ဈေးမြင့်တက်နိုင်ဖွယ်ရှိသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ် Ganzhou အခြေစိုက် အစိုးရပိုင် မြေရှားသတ္တုကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးဖြစ်သူ Yang က မြန်မာနိုင်ငံမှ မြေရှားသတ္တုများအတွက် အကောက်ခွန် ရှင်းလင်းရေးကို ဆောင်ရွက်ခဲ့ပြီးပြီ ဖြစ်ကြောင်း ပြောကြားသည်။ နယ်ခြားဂိတ်များ ပိတ်ထားသဖြင့် နယ်စပ်တွင် လအတန်ကြာ ထရပ်ကားများ ရပ်ထားခဲ့ကြရပြီး နိုဝင်ဘာလကုန်တွင် နယ်ခြားဖြတ်ကျော်မှုများ ပြန်လည်စတင်ခဲ့သည်။
"Ganzhou မြို့ထဲကို  မြေရှားသတ္တုတွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေ နေ့စဉ် ဝင်လာနေပါတယ်” ဟု Yang က ပြောပြသည်။ 
နယ်စပ် ကုန်းတွင်းဆိပ်ကမ်းတွင် မြေရှားသတ္တု တန်ချိန် ၃,၀၀၀ မှ ၄,၀၀၀ ခန့် စုပုံထားကြောင်း သူက ခန့်မှန်းပြောဆိုသည်။
တရုတ်-မြန်မာ နယ်စပ်ဂိတ်နှစ်ခုဖြစ်သည့် ချင်းရွှေဟော်နှင့် ကျင်စန်းကျော့ တို့ကိုလည်း ၆ လကျော် ပိတ်ထားခဲ့ရာမှ နိုဝင်ဘာလကုန်တွင် ပြန်ဖွင့်ထားလိုက်ပြီဖြစ်သည်။

တရုတ်နိုင်ငံသည် မြေရှားသတ္တု ဖြည့်တင်းပေးရန်အတွက် မြန်မာနိုင်ငံကို မှီခိုနေရသောကြောင့် မြေရှားသတ္တု ကုန်သွယ်မှုကို အချိန်နှင့်တစ်ပြေးညီ ချက်ချင်းပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံရှိ သက်ဆိုင်ရာလုပ်ငန်းများသည် ပြန်လည်စတင်ရန် စိတ်အားထက်သန်မှုကို ထင်ဟပ်ပြသနေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

တရုတ်ပြည်တွင် dysprosium နှင့်  terbium ကဲ့သို့သော မြေရှားသတ္တု အလေးစားများ၏ ထက်ဝက်ခန့်သည် မြန်မာနိုင်ငံမှ လာသည်ဟု သီးခြားရပ်တည်သည့် မြေရှားသတ္တုလုပ်ငန်းကဏ္ဍ ဆန်းစစ်သူ Wu Chenhui က Global Times ကို ပြောကြားသည်။

 

တရုတ်နိုင်ငံတွင် Ganzhou မှာ တည်ရှိသည့် မြေရှားသတ္တု မိုင်းတွင်းများနည်းတူ မြန်မာနိုင်ငံတွင်လည်း မြေရှားသတ္တုမိုင်းတွင်းများ ရှိသည်။

တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် နည်းပညာများစွာကို ဆုပ်ကိုင်ထားသောကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ မြေရှားသတ္တုလုပ်ငန်းကို မသန့်စင်ရသေးသည့် မြေရှားသတ္တုပါသည့် မြေများ အစုလိုက်အပုံလိုက် ရောင်းချခြင်းအစား  သတ္တုအသန့်များ သန့်စင်သည့် လုပ်ငန်းစဉ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေသည့်ကာလ ဖြစ်သည်ဟု Wu က ပြောကြားသည်။

မသန့်စင်ရသေးသည့် မြေရှားသတ္တုပါသည့် မြေများ ပြည်ပတင်ပို့ရန် သင်္ဘောတင်နေစဉ်

 

ယခုလို မြေရှားသတ္တု ကုန်သွယ်မှု ပြန်လည် စတင်သဖြင့် တရုတ်ပြည်တွင်းမှာ မြေရှားသတ္တုများ ဈေးပြန်ကျစေလိမ့်မည်ဟု ကျွမ်းကျင်သူတို့က ပြောကြားကြသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ မြေရှားသတ္တုများ ဈေးတက်လာခဲ့သည်။ မည်မျှ ဈေးကျမည်ကို ကြိုတင်ခန့်မှန်းဖို့ ခက်ခဲသော်လည်း ၁၀~၂၀% အတွင်း ဖြစ်လိမ့်မည်ဟု Wu က ပြောသည်။

တရုတ်နိုင်ငံ၏ အပုံလိုက် ရောင်းဝယ်သည့် ကုန်စည် အချက်အလက် portal ဖြစ်သည့်  100ppi.com မှ အချက်အလက်များအရ praseodymium-neodymium သတ္တုစပ်၏စျေးနှုန်းသည် နိုဝင်ဘာလတွင် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး neodymium oxide ၏ စျေးနှုန်းသည် ၁၆ ရာခိုင်နှုန်းအထိ တက်သွားကြောင်း ပြသသည်။

သို့သော်လည်း အခြေခံအားဖြင့် ဈေးတက်သည့် အလာအလာ မပြီးဆုံးသေးသောကြောင့် လအတော်ကြာပြီးနောက်တွင် ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သည်ဟု ဆန်းစစ်သူများက ပြောကြားခဲ့သည်။

Ganzhou မှ အမည်မဖော်လိုသူ လုပ်ငန်းအကြောင်း အတွင်းကျကျ သိသူက Global Times ကို ပြောကြားသည်မှာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းပေးခြင်း မြန်မြန်ဆန်ဆန် တိုးလာခြင်းက ကာလတို ဈေးကျခြင်းကို ဖြစ်ပေါ်စေမည် ဖြစ်သော်လည်း ရေရှည်အလားအလာမှာ ဈေးတက်ရိပ်ရှိနေသည်။ အကြောင်းမှာ လုပ်ငန်းကဏ္ဍအတွင်း လုပ်သားရှားပါးနေသောကြောင့် ဖြစ်သည်။

 

"ပြည်ပတင်ပို့မှုများကို ခန့်မှန်းတာက အခြေခံအားဖြင့် အရင်အတိုင်းပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ တကယ်လို့ ပြည်ပဝယ်လက်တွေက မြေရှားသတ္တုတွေကို ပမာဏ ကြီးကြီးမားမားဖြင့် ဝယ်ရင် တရုတ်ပြည်မှ တင်ပို့သူတွေက ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး"ဟု အဆိုပါ အတွင်းကျကျ သိသူက ပြောကြားသည်။

မြန်မာမှ တရုတ်သို့ တင်ပို့မှု ပြန်လည်စတင်သည့်အလျောက် တရုတ်ပြည်ရဲ့ မြေရှားသတ္တုများ သန့်စင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များနှင့် ပြည်ပတင်ပို့မှုတို့ ပိုများသွားမည်။ သို့သော် အကျိုးသက်ရောက်မှုမှာ အကန့်အသတ် ရှိသည်ဟု Wu က မှတ်ချက်ပြုသည်။ အကန့်အသတ်ရှိနေရသည်မှာ ကမ္ဘာ့ မြေရှားသတ္တု ဖြည့်သွင်းသည့် ဖွဲ့တည်ပုံတွင် သိသိသာသာ ပြောင်းလဲမှုများ တစ်ခုမှ မရှိသောကြောင့် ထုတ်လုပ်နိုင်စွမ်းမှာ ယခင်အတိုင်းသာဖြစ်သည်ဟု သူက ရှင်းပြပါသည်။

ဈေးနှုန်းများ မြင့်တက်ရခြင်းအတွက် အရေးပါသည့် အချက်တစ်ချက်မှာ အစိုးရက ပတ်ဝန်းကျင် စိမ်းလန်းရေးကို စူးစိုက်ခြင်းနှင့်အတူ မြေရှားသတ္တုရိုင်းနှင့် ထုတ်ကုန်များ လိုအပ်မှု မြင့်တက်လာခြင်း ဖြစ်သည်။ လျှပ်စစ်မော်တော်ယာဉ်များအတွက် ဘက်ထရီများနှင့် လျှပ်စစ်မော်တာများတွင် ထုတ်ကုန် လုပ်ရည်ကိုင်ရည် တိုးမြှင့်ပေးရန်အတွက်  မြေရှားသတ္တုများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြသည်။ 

"ဒါ့အပြင် အစိုးရက မြေရှားသတ္တု သယံဇာတတွေကို ကာကွယ်ဖို့နဲ့ အောက်ဈေးနဲ့ ရောင်းချတာတွေ ရပ်စေဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေကို မြှင့်တင်ပြီးတဲ့နောက်မှာ မြေရှားသတ္တုရဲ့တန်ဖိုး ပြန်ထိန်းသိမ်းရမယ်ဆိုတာ လုပ်ငန်းကဏ္ဍ တစ်ရပ်လုံးက သတိမူမိကြပါတယ်" ဟု သူက ပြောပြသည်။ ။

 

Export, Import Read 853 times