မြန်မာနိုင်ငံသည် တံခါးဖွင့်ဝါဒ ပြန်လည်ကျင့်သုံးပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ စီးပွားရေးဖွံ့ဖြိုးမှုအရှိန် တဖြည်းဖြည်းတက်လာခဲ့သည်။
ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်နှင့်အတူ နိုင်ငံတကာအကူအညီများ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းသည်လည်း ၂ဝ၁၃ ခုနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ခဲ့သည်။ ထို့နောက်နှစ်များတွင် ပြည်တွင်း ရေကြီးမှုဖြစ်စဉ်များ၊ ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲပြီးကာလ စောင့်ကြည့်ရေးအခြေအနေများ၊ NLD အစိုးရသစ်တက်အပြီး မူဝါဒအပြောင်းအလဲများနှင့်အတူ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင် ၆ ဒသမ ၃၇ ရာခိုင်နှုန်းဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။
ထိုသို့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းအရှိန် ပြန်လည်ကျဆင်းလာခဲ့သော်လည်း ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တစ်လျှောက် ခွင့်ပြုလုပ်ဆောင်ခဲ့မှုများက အလားအလာကောင်းများစွာကို ဖြစ်ပေါ်စေသည်။ ယခုလတ်တလော မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေက ရခိုင်ပြဿနာကြောင့် နိုင်ငံတကာ၏ ဖိအားဒဏ်ခံနေရသည့်ကြားက ရုန်းကန်နေရသည့်အချိန်လည်း ဖြစ်သည်။ ထိုအခြေအနေများကြားမှ ရှေ့လာမည့်နှစ်များတွင် အလားအလာ ပိုရှိလာမည့် စီးပွားရေးကဏ္ဍ ငါးခုကို ထုတ်နုတ်ရေးသားလိုက်သည်။
ဖွံ့ဖြိုးမှုအရှိန် ကောင်းနေဦးမည့် တယ်လီကွန်းကဏ္ဍ
*******************************
မြန်မာနိုင်ငံ၏ တယ်လီကွန်းကဏ္ဍသည် လာမည့် ၂ဝ၁၉ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် တိုးတက်ပြောင်းလဲမှုများ ပိုဖြစ်လာမည်ဟု ပြည်တွင်း နည်းပညာလုပ်ငန်းရှင်များနှင့် ဆက်သွယ်ရေးအော်ပရေတာ တာဝန်ရှိသူများက သုံးသပ်ကြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ မိုဘိုင်ဖုန်းအသုံးပြုမှု ရာခိုင်နှုန်းသည် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် တန်းတူဖြစ်နေပြီး အင်တာနက်အသုံးပြုမှုတွင်လည်း အတူတူပင်ဖြစ်ကြောင်း Errison ကုမ္ပဏီက ထုတ်ပြန်ထားသော နည်းပညာစစ်တမ်းအရ သိရသည်။
• မြင့်တက်လာ
ပြီးခဲ့သည့် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ပြည်တွင်း မိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက်သည် ၅၆ ဒသမ ၃ သန်း ရှိခဲ့ရာ ၂ဝ၁၇- ၁၈ ဘဏ္ဍာနှစ်တွင် ၅၆ ဒသမ ၈ သန်းအထိ မြင့်တက်လာခဲ့သည်။
ဆက်သွယ်ရေးအော်ပရေတာလေးခုက ရောင်းချထားသော မိုဘိုင်းဖုန်းဆင်းကတ် အရေအတွက်သည်လည်း ပြည်တွင်းလူဦးရေ ၅၄ သန်းထက် ကျော်လွန်နေကြောင်း စစ်တမ်းများက ဖော်ပြထားသည်။
• ပြင်ဆင်နေ
သို့သော်လည်း ဝေးလံခေါင်သီသော ကျေးလက်ဒေသများတွင် ဆက်သွယ်ရေးကွန်ရက်ကို ယခုအချိန်ထိ အသုံးပြုနိုင်ခြင်းမရှိသေး၍ အဆိုပါနေရာများတွင် အသုံးပြုနိုင်ရေးအတွက် အစိုးရနှင့် အော်ပရေတာလေးခုတို့ ပူးပေါင်းလုပ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်သည်။
• ပေါများလာ
မြန်မာနိုင်ငံတွင် ပြည်ပအခြေစိုက် ဆက်သွယ်ရေးအော်ပရေတာ သုံးခုနှင့် နိုင်ငံပိုင် ဆက်သွယ်ရေးအော်ပရေတစ်ခု စုစုပေါင်း အော်ပရေတာလေးခုထိရှိလာပြီး အင်တာနက် ဝိုင်ဖိုင်လုပ်ငန်းများ၊ အင်တာနက် ဖိုက်ဘာ လုပ်ငန်းများလည်း ပေါများလာသည်။
''မြန်မာနိုင်ငံရဲ့ တယ်လီကွန်းကဏ္ဍရော၊ အင်တာနက်ကဏ္ဍရော တိုးတက်လာဖို့ ရှိပါတယ်။ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကလည်း ဖြေလျှော့ပေးမှုတွေ ရှိလာတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်ရောက်လာတယ်။ လုပ်ကိုင်တဲ့သူများလာတဲ့အတွက် ဈေးကွက်ပြိုင်ဆိုင်မှုတွေ ရှိလာတယ်။ Internet Player တွေ ဝင်ရောက်လုပ်ကိုင်လာလို့ အသုံးပြုတဲ့သူတွေအတွက် အခွင့်အရေးတွေလည်း အများကြီးရလာနိုင်ပါတယ်'' ဟု MIH ကုမ္ပဏီဒါရိုက်တာ ဦးသီဟသူရမွန်က ပြောသည်။
MIH (Myanmar Information Highway) ကုမ္ပဏီ၊ NTT Communication ကုမ္ပဏီ၊ Capana ကုမ္ပဏီ၊ True International Gateway (TIG) ကုမ္ပဏီ၊ Ananada စသည့် ကုမ္ပဏီများသည် ပြည်တွင်း၌ ပုံစံအမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးဖြင့် အင်တာနက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။
''အင်တာနက်ဒေတာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်ကလည်း ပြည်တွင်းရဲ့ တယ်လီကွန်းကဏ္ဍကို ပိုပြီးတိုးတက်စေမယ့်အချက် ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂ဝ၁၉ ရဲ့ တယ်လီကွန်းကဏ္ဍဟာ အွန်လိုင်းရေစီးကြောင်း အရှိန်အဟုန်ကောင်းလာတဲ့အတွက် ဒေတာအသုံးပြုမှု တိုးတက်လာမှာ ဖြစ်ပါတယ်။၂ဝ၁၉ မှာ ဒေတာအသုံးပြုမှုဟာ အကြီးမားဆုံး တိုးတက်လာမယ့်အခြေအနေမှာ ရှိပါတယ်''ဟု အိုပိုကုမ္ပဏီ၏ Communication Manager ကိုဝေဖြိုးအောင်က ပြောသည်။
• လိုင်စင်ထုတ်ပေး
ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက တယ်လီနော၊ အူရီဒူးနှင့် မိုင်တဲလ်တို့ကို ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် (Nationwide Telecommunication) ထုတ်ပေးခဲ့ပြီး အခြားအင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၁၄ဝ ကျော်ကို (Internet Services Provider ISP) လိုင်စင်ထုတ်ပေးထားကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်းမှာ ဆက်သွယ်ရေးကဏ္ဍက တိုးတက်ပြောင်းလဲလာတယ်။ အရင်တုန်းက မိုဘိုင်းထိုးဖောက်မှုဟာ ၁ဝ ရာခိုင် နှုန်းဝန်းကျင်ပဲရှိတာ အခုဆိုရင် ၁ဝဝ ရာခိုင်နှုန်းတောင် ကျော်သွားပြီ။ အင်တာနက်ထိုးဖောက်မှုဆိုရင်လည်း ၉ဝ ရာခိုင်နှုန်း ကျော်သွားပြီ။ ဆက်သွယ်ရေးကွန်ရက်ဆိုရင်လည်း ၉ဝ ရာခိုင်နှုန်း ကျော်နေပြီ။ ဒါတွေက တိုးတက်ပြောင်းလဲလာတာပါ''ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိမ်းက ပြောသည်။
• ပူးပေါင်းလုပ်ကိုင်
တယ်လီနောနှင့်အူရီဒူးတို့သည် ပြည်တွင်းသို့ ၂ဝ၁၄ ခုနှစ်ကတည်းက ဝင်ရောက်လာပြီး လက်ရှိအချိန်တွင် ရင်နှီးမြှုပ်နှံမှု ပမာဏမှာ နှစ်ဘီလျံကျော်ထိ ရှိလာပြီဖြစ်သည်။ MPT ကလည်း ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော KDDI Coporation နှင့် Sumitomo Coporation နှင့် ပူးပေါင်းလုပ်ကိုင်သည့် KDDI Summit Global Myanmar (KSGM) အကျိုးတူပူးပေါင်း ကတိကဝတ် စာချုပ်ကို ၂ဝ၁၄ ခုနှစ် ဇူလိုင်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပူးပေါင်းလုပ်ကိုင်မှု ၁ဝ နှစ်သက်တမ်းအတွင်း အမေရိကန် ဒေါ်လာ နှစ်ဘီလျံကျော်ကို ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ မိုင်တဲလ်ကလည်း အမေရိကန်ဒေါ်လာ နှစ်ဘီလျံထိ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
''မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဆိုရင် ပြည်ပကလူတွေက သိပ်စိတ်ဝင်စားကြတယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်ကြတယ်၊ ဒီမှာ မရသေးတဲ့ ဝန်ဆောင်မှုတွေပေးချင်ကြတယ်၊ ဘာဖြစ်လို့လဲဆိုရင် တယ်လီကွန်းကဏ္ဍက အကျိုးအမြတ်အလွန်ရပါတယ်။ ဝန်ဆောင်မှုပေးနိုင်ရင် ပေးနိုင်သလောက်ကို အကျိုးအမြတ်က ပြန်ရတာပါ'' ဟု ပြည်တွင်း အင်တာနက်ဝန်ဆောင်မှု လုပ်ကိုင်နေသူ ကိုဇင်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် အော်ပရေတာအရေအတွက်တိုးလာခြင်း၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ ပေါများလာခြင်းတို့နှင့်အတူ ပြည်တွင်း တယ်လီကွန်းကဏ္ဍသည် လာမည့် ၂ဝ၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အသစ်များဖြင့် ဆက်လက်တိုးတက်နေမည်ဟု နည်းပညာလုပ်ငန်းရှင်များက ပြောသည်။
အလားအလာကောင်းများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ
**************************************
ကမ်းလွန်လုပ်ကွက်များ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်နိုင်မည့်အခြေအနေရှိကြောင်း အတည်ပြုပြီးပါက လာမည့်နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာနိုင်ဖွယ်ရှိကြောင်း သြဂုတ်လကုန်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌဦးသောင်းထွန်းက ပြောဆိုခဲ့သည်။
၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၉ဝဝ ခန့် လျော့နည်းကျဆင်းခဲ့ရသည့် အချက်များတွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခု ရှိသည့်အနက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မရှိခဲ့ခြင်းသည် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။
• ရင်းနှီးမြှုပ်နှံ
လက်ရှိ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း အတည်ပြုပြီးပါက လာမည့်နှစ်တွင် ရင်းနှီးမြှုပ်နှံမှု တိုးလာဖွယ်ရှိနေသည်။
ကုန်တွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် မြေပြင်အခြေအနေ တိုင်းတာခြင်းများ၊ ရှာဖွေရေးတွင်း တူးဖော်မှုများ၊ လေ့လာမှုလုပ်ငန်း၊ ဘူမိဗေဒဆိုင်ရာ အချက်အလက် လေ့လာမှုများ စသည်တို့ကို ကုမ္ပဏီများက လုပ်ဆောင်နေကြသည်။ ကုမ္ပဏီပေါင်း ၂ဝ ခန့်က လုပ်ကွက်ပေါင်း ၂ဝ ကျော်တွင် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
• စီမံကိန်းများ
ကမ်းလွန်လုပ်ကွက်များဖြစ်သည့် ရတနာ၊ ရွှေ၊ ဇောတိကနှင့် ရဲတံခွန် လုပ်ကွက်များသည် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကို အဓိကထုတ်လုပ်ပေးနေသော စီမံကိန်းများ ဖြစ်သည်။
လက်ရှိ ရှာဖွေရေး လုပ်ဆောင်နေသော A6 နှင့် AD 7 လုပ်ကွက်များသည် စီးပွားဖြစ် ထုတ်လုပ်နိုင်မှု ရှိမရှိကို အတည်ပြုရန်အတွက် လုပ်ငန်းစဉ်များ ဆက်လက်လိုအပ်နေသေးသည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စီမံကိန်းဌာန၊ အမှုဆောင် ဘူမိဗေဒအရာရှိ ဦးကျော်သူရက ပြောဆိုထားသည်။ ယင်းလုပ်ကွက်များသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် စောင့်ကြည့်ရမည့် အလားအလာကောင်းတစ်ခု ဖြစ်သည်။
• တိုးတက်လာနိုင်
ထို့ပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လာမည့် ၂ဝ၁၉ ခုနှစ်အစောပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမည်ဖြစ်ပြီး ကမ်းလွန်၊ ကမ်းတွင်းလုပ်ကွက်ပေါင်း ၃၁ ကွက်ကို တင်ဒါခေါ်ယူရန် အလားအလာရှိနေရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တိုးတက်လာနိုင်မည် ဖြစ်သည်။
ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လာမည့် ပညာရေးကဏ္ဍ
******************************************
ပြီးခဲ့သည့်ဧပြီလတွင် အစိုးရက ပညာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် စင်ကာပူ၊ သြစတြေးလျနှင့် နယူးဇီလန် စသည့်နိုင်ငံများက ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လျက် ရှိသည်။
လာမည့်နှစ်များတွင် ပညာရေးဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာရန် မျှော်မှန်းထားသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။
• ပညာရေးဝန်ဆောင်မှု တိုးချဲ့
ပြီးခဲသည့် ဇွန်လအတွင်းက အမေရိကန်နိုင်ငံအခြေစိုက် ပညာရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Kaplan Inc က ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်မြို့တွင် ၎င်းတို့၏ ပထမဆုံးသော ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ နိုင်ငံခြားပညာရေးဝန်ဆောင်မှုလုပ်ငန်းက တစ်နှစ်အတွင်း ကျောင်းသား ၁,ဝဝဝ ခန့် ရရှိရန် မျှော်မှန်းထားပြီး သုံးနှစ်အတွင်း ၎င်းတို့ကျောင်းခွဲများကို ပြည်တွင်းမြို့ကြီးများတွင် ဆက်လက်ဖွင့်လှစ်ရန် ရည်ရွယ်နေသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ပညာရေးဝန်ဆောင်မှု လုပ်ငန်းများအနက်မှ တစ်ခုဖြစ်သော ILBC က ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၅ဝ ကျော်ဖြင့် ၎င်းတို့၏ ကျောင်းများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တိုးချဲ့သွားမည် ဖြစ်သည်။
''ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်လာဖို့ အကောင်းမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ရွယ်တဲ့သူတွေဟာ အသိပညာအတွက် ဆည်းပူးကြဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေတယ်။ တောင်းဆိုမှုက ဒီမှာ ရှိနေပါတယ်'' ဟု Capstone Education Consulting ကို တွဲဖက်တည်ထောင်သူ ဦးသော်ဇင်အောင်ကြီးက ပြောသည်။
• အလားအလာအကောင်းဆုံး ကဏ္ဍ
ပညာရေးနယ်ပယ်အတွက် အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးသကဲ့သို့ အဆင်မြင့်ပညာရေးကို လိုအပ်နေသော ဈေးကွက်မှာလည်း ကြီးကြီးမားမား ရှိနေသည်။ အောက်စ်ဖို့ဒ် စီးပွားရေးအုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ ပညာရေးဝန်ဆောင်မှု အစီရင်ခံစာတစ်ရပ်တွင် မြန်မာ့ပညာရေးကဏ္ဍကို ရင်းနှီးမြှုပ်နှံရန် အလားအလာ အကောင်းဆုံး ကဏ္ဍတစ်ရပ်အဖြစ် အမေရိကန်အစိုးရက သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။
ဝန်ဆောင်မှုကဏ္ဍ ဆက်လက်တိုးတက်နေမည့် ဘဏ်လုပ်ငန်းများ
****************************************
လာမည့် ၂ဝ၁၉ ခုနှစ်အတွင်း တိုးတက်လာနိုင်သည့် လုပ်ငန်းများထဲတွင် ဘဏ်လုပ်ငန်းကဏ္ဍလည်း အပါအဝင်ဖြစ်သည်။
• တိုးတက်လာ
အဓိကအားဖြင့် ဘဏ်များ၏ အခြေခံအဆောက်အအုံပိုင်းဖြစ်သော ကတ်စနစ်ပေးချေမှု၊ မိုဘိုင်းဘဏ်လုပ်ငန်း (Mobile Banking)၊ ငွေပေးချေမှု အက်ပလီကေးရှင်း (Mobile Payment)၊ ယခုနောက်ဆုံး မိုဘိုင်းဖုန်းနဲ့ ငွေပေးချေနိုင်သောစနစ် (Mobile Wallet) စသည်ဖြင့် တိုးတက်မှုများစွာ ရှိလာသည်။ အဆိုပါတိုးတက်မှုများနှင့်အတူ ဘဏ်အသုံးပြုသူ အရေအတွက်သည်လည်း တိုးတက်လာလျက်ရှိသည်။
''ဘဏ်တွေရဲ့ အခြေခံအဆောက်အအုံပိုင်းကတော့ ၂ဝ၁၉ မှာ သိသိသာသာတိုးတက်လာမှာပါ။ အသုံးပြုသူများလာတဲ့အတွက် တိုးတက်လာမယ်လို့ ပြောလို့ရတယ်''ဟု ဗဟိုဘဏ် ဒုတိယဥက္ကဌဟောင်းဖြစ်သူ ဦးသန်းလွင်က ပြောသည်။
ဘဏ်လုပ်ငန်းများ၏ ပုံမှန်ဝန်ဆောင်မှုပိုင်းများ တိုးတက်လာနေသော်လည်း ဘဏ်လုပ်ငန်း စီးပွားရေးကဏ္ဍ တိုးတက်မှုမှာ ပြည်တွင်းစီးပွားရေးနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်ဟု ဦးသန်းလွင်က ပြောသည်။
ဘဏ်စာရင်း ဖွင့်လှစ်လာသည့် အရေအတွက် တိုးတက်ခြင်းကြောင့် တစ်ဦးချင်း ငွေပေး ငွေလွှဲဝန်ဆောင်မှုပိုင်းတွင် သိသာစွာ တိုးတက်လာသော်လည်း ၂ဝ၁၉ ခုနှစ်တွင် ပြည်တွင်းစီးပွားရေး ကျဆင်းပါက စီးပွားရေးအရ ဘဏ်လုပ်ငန်းအသုံးပြုမှုတွင် ကျဆင်းသွားမည်ဟု ဦးသန်းလွင်က သုံးသပ်သည်။
''ဘဏ်လုပ်ငန်းကဏ္ဍ တစ်ခုလုံးအနေနဲ့ မဟုတ်ဘဲ ဝန်ဆောင်မှုပိုင်းအနေအထားနဲ့ဆိုရင် ဘဏ်တွေဟာ တိုးတက်လာဖို့ ရှိနေပါတယ်''ဟု စီဘီဘဏ်ကတ်ဌာန ဦးဆောင်အရာရှိ ဦးဇေယျာအောင်က ပြောသည်။
• စောင့်ကြည့်
ဘဏ်လုပ်ငန်းများ၏ ချေးငွေနှင့်အတိုးနှုန်းကိစ္စရပ်များသည် ဗဟိုဘဏ်၏ မူဝါဒအပေါ် မူတည်နေခြင်းကြောင့် ၂ဝ၁၉ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ဗဟိုဘဏ်၏ မူဝါဒများကိုလည်း တစ်ချက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက ပြောကြသည်။
• လက်ရှိ ဘဏ်လုပ်ငန်းအခြေအနေ
လက်ရှိတွင် ပြည်တွင်းပုဂ္ဂလိကဘဏ်လုပ်ငန်း ၂၄ ခုအနက် ATM စက်များတွင် ငွေထုတ်ယူနိုင်သော ဝန်ဆောင်မှုပေးထားသည့် ဘဏ်အရေအတွက် ၁၁ ခုအထိ ရှိလာခဲ့သည်။ ထို့ပြင် မိုဘိုင်းဘဏ် လုပ်ငန်း ( Mobile Banking )၊ ငွေပေးချေမှု အက်ပလီကေးရှင်း ( Mobile Payment ) ၊ ယခု နောက်ဆုံး Mobile Wallet များဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလာသော ဘဏ်များထဲတွင် မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ ရိုးမဘဏ်နှင့် ဧရာဝတီဘဏ်တို့ ရှိလာသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ခွင့်ပြုခဲ့သည့် လက်လီလုပ်ငန်းများ
************************************
လက်လီ လုပ်ငန်းကဏ္ဍသည့် နောက်လာမည့် နှစ်နှစ်အတွင်း ကောင်းမွန်လာမည့်ကဏ္ဍတစ်ခုအဖြစ် မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းဝင် လုပ်ငန်းရှင်များက ပြောသည်။
''တောက်လျှောက် တိုးတက်လာဖို့ ရှိပါတယ်။ အခုမှ ပိုပြီးတော့ ဖွံ့ဖြိုးလာတာ။ နောက်ကျတာလည်း တစ်ခုကောင်းတယ်။ အခုဆိုရင် နောက်ကျတယ်အော်ရင်းနဲ့ အကောင်းဆုံး Departmental Store တွေ၊ Convenience စတိုးတွေ တိုက်ရိုက် ရောက်တာမျိုးပေါ့။၂ဝ၂ဝ လောက်မှာ ပိုပြီး ဖွံ့ဖြိုးလာဖို့ရှိတယ်''ဟု မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၏ Communication & Member Affair ဒုတိယဥက္ကဌဦးမျိုးမင်းအောင်က ပြောသည်။
• ခွင့်ပြု
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်လီလက်ကားလုပ်ငန်းများကို ၁ဝဝ ရာခိုင်နှုန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ခွင့်ကို ယခုနှစ်အစောပိုင်းက ခွင့်ပြုပေးခဲ့သည်။
ယင်းခွင့်ပြုချက်အပေါ် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းက ကြိုဆိုခဲ့ကြသည်။ သို့သော် ပြည်တွင်းရှိ ၉ဝ ရာခိုင်နှုန်းသော လက်လီလုပ်ငန်းငယ်များကို ပြိုင်ဆိုင်မည့် ပြည်ပ လက်လီလုပ်ငန်းများကို ခွင့်ပြုပေးရန် မသင့်သေးဟု ၎င်းတို့က ဆိုကြသည်။
• လက်လီ စီးပွားရေးလုပ်ငန်းကဏ္ဍ
ရင်းနှီးမြှုပ်နှံသူများသည် လက်လီလောကသို့ ဝင်ရောက်လာချင်သော်လည်း လက်ရှိအချိန်တွင် အနေအထားတစ်ခုကို စောင့်ဆိုင်းနေကြသည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ပြောသည်။ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဈေးကွက်ဖွင့်လှစ်လိုက်သော်လည်း လက်လီ စီးပွားရေးလုပ်ငန်းကဏ္ဍသို့ သိသိသာသာ ဝင်ရောက်လာခြင်းများ မရှိသေးဟု ၎င်းတို့က ဆိုသည်။
''ဝင်လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် မူတည်ပြီးတော့ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရနိုင်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက သိပ်ပြီးတော့ မသဲကွဲသေးဘူး။ တခြားကဏ္ဍတွေလိုပဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားတွေ ဝင်ရောက်လာရင်တော့ ပြည်တွင်းမှာမလုပ်နိုင်တဲ့ လုပ်ငန်းတွေ လုပ်တယ်၊ ဝန်ထမ်းတွေ အပြိုင်ခန့်မယ်၊ ပြည်တွင်းက မပေးနိုင်တာတွေ ရောင်းချပေးတယ်၊ ပြည်တွင်းထုတ်လုပ်မှုကို အားပေးတယ်ဆိုရင်တော့ အကျိုးသက်ရောက်မှု ဖြစ်မှာပေါ့''ဟု City Express ၏ အမှုဆောင်ဒါရိုက်တာ ဦးဇော်မင်းလတ်က ပြောသည်။
• လက်ရှိအခြေအနေ
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လက်လီ လက်ကားစီးပွားရေးလုပ်ငန်း ကဏ္ဍအဖွံ့ဖြိုးဆုံးနေရာတွင် ရန်ကုန်တိုင်းဒေသကြီးက ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာတွင် မန္တလေးတိုင်းဒေသကြီး၊ တတိယနေရာတွင် မကွေးတိုင်းဒေသကြီး၊ စတုတ္ထနေရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းတို့က ရပ်တည်လျက်ရှိသည်။