စီမံကိန်းကြီးများအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု


07 December, 2018

ဧရာဝတီတိုင်းဒေသကြီးသည် အကြီးစားစီမံကိန်းများ ပေါ်ထွက်လာရန်နှင့် ရင်းနှီးမြှုပ်နှံမှုအသစ် များစွာတိုးတက်လာနိုင်သည့် တိုင်းဒေသတစ်ခုအဖြစ် ရှိနေသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA နှင့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့သည် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ဝ ရက်တွင် ၂ဝ၁၈ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြပွဲ (Ayeyarwady Region Investment Fair) တစ်ရပ်ကိုလည်း ပူးပေါင်းကျင်းပခဲ့ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သစ်တောကဏ္ဍ၊ စက်မှုနှင့် အခြေခံအဆောက်အအုံကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေးလုပ်ဆောင်နေသည့် ဒေသတစ်ရပ်ဖြစ်သည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမျိုးအောင်က ပြောသည်။

 ''ဧရာဝတီတိုင်းဒေသကြီးအနေနဲ့က လက်ရှိမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများကြီးမရှိသေးဘူး။ ဒါပေမဲ့ လာမယ့်နှစ်တွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့အတွက် မျှော်လင့်ရတဲ့အခြေအနေမှာ ရှိလာနေတယ်။ ဧရာဝတီဟာ ရန်ကုန်နဲ့ ချိတ်ဆက်မယ့် စင်္ကြံလမ်းနဲ့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းမယ့် စီမံကိန်းကိုလည်း စပြီးအကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။ ဒါစီမံကိန်းဟာ တိုင်းဒေသကြီးအပြင် နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက်လည်း အကျိုးရှိလာစေမှာပါ''ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အနောက်ဘက် ကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတစ်ခုကို ရေးဆွဲဆောင်ရွက်ထားပြီးလည်းဖြစ်နေသည်။ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းမှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဂေါ်ရန်ဂျီ- ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးစင်- ကျောက်ချွန်းဒေသများမှ ရခိုင်ပြည်နယ်အတွင်းရှိ ဂွ-သံတွဲ ဒေသများအထိ မိုင်ပေါင်း ၁၇ဝ ရှိ ကမ်းခြေစီမံကိန်းတစ်ရပ် အကောင်အထည်ပေါ်လာရန် ဆောင်ရွက်နေလျက် ရှိသည်။

 ''စီမံကိန်းပြီးသွားခဲ့ရင် ကမ်းခြေဒေသတစ်လျှောက်မှာ ရေနက်ဆိပ်ကမ်း (Sea Port) တွေ၊ အကြီးစားစက်မှုဇုန်တွေ၊ ရေနံနဲ့ ဓာတုစက်ရုံတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ဒါတွေနဲ့ဆက်စပ်တဲ့ အဝေးပြေး မော်တော်ကားလမ်းနဲ့ မီးရထားလမ်းမကြီးတွေလို စီမံကိန်းတွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်ကောင်းတွေ ဖြစ်လာမှာပါ''ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဠေးဝင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၏ အနောက်ဘက်ကမ်းခြေဒေသသည် အနာဂတ်တွင် ပေါ်ပေါက်လာဖွယ်ရှိနေသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (China1 Myanmar Economic Corridor CMEC) နှင့် မဟာမဲခေါင်မြစ်ဝှမ်း စီမံကိန်း (Greater Mekong Subregion Project GMS) တို့နှင့် ချိတ်ဆက်နေသည့် ဒေသအဖြစ်လည်း ရှိနေသည်။အကြီးစားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း တစ်ခုသည်လည်း ၂ဝ၂၁ ခုနှစ်တွင် ၂၄ နာရီအပြည့် မီးပေးနိုင်မည့် အနေအထားဖြစ်လာရန် ကြိုးပမ်းနေလျက်ရှိရာ မြန်မာနိုင်ငံ၏ ပို့ကုန်အားကောင်းသည့် ဒေသတစ်ရပ် ဖြစ်လာရန် မျှော်လင့်ချက်ရှိနေသည်။

လက်ရှိတွင်မူ တိုင်းဒေသကြီးအတွင်း၌ ဧက ၇ ဒသမ ၅ ဧကရှိ ပုသိမ်စက်မှုဇုန်စီမံကိန်း၊ ဧက ၂,၇ဝဝ ရှိ ပုသိမ်စက်မှု မြို့တော်စီမံကိန်း၊ ဧက ၂၅ဝ ရှိ မအူပင်စက်မှုဇုန်စီမံကိန်း၊ ဧက ၈၂ ဒသမ ၂၁ ဧကရှိ ဟင်္သာတစက်မှုဇုန်စီမံကိန်း၊ ၁၈ ဧကရှိ ပလက်တီနမ်ပုသိမ်စီမံကိန်းနှင့် ၁၂ ဒသမ ၃၉ ဧကရှိ အသေးစားနှင့် အလတ်စားစီးပွားရေးဇုန် MSMEEconomic Zone စသည်ဖြင့် စက်မှုဇုန်စီမံကိန်း ခြောက်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ရေနက်ဆိပ်ကမ်းစီမံကိန်းအဖြစ် ၇,၅ဝ၄ ဒသမ ၆ ဧက (၃,ဝ၃၇ ဟက်တာ) ရှိ ပုသိမ် ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခုကိုလည်း ငရုတ်ကောင်းကျေးရွာဝန်းကျင်၊ ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေအကြားတွင် ဖော်ဆောင်နေလျက်ရှိသည်။ အဆိုပါစီမံကိန်းကိုမူ ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလျံရင်းနှီးမြှုပ်နှံမှုဖြင့် Amera Asia Co (PTTEP Co) ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိကာ ၂ဝ၂၅ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

ပုသိမ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်း ငွေဆောင်-ချောင်းသာ ရေနက်ဆိပ်ကမ်း၊ ပုသိမ်နှင့် ဝါးခယ်မရှိ စက်မှုဇုန် သုံးခု၊ ၇ဝဝ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ လေးရုံနှင့် ပုသိမ်-ရန်ကုန်အမြန်လမ်းနှင့် မီးရထားလမ်းများ ပါဝင်လာမည်ဖြစ်သည်။လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများအဖြစ် မဂ္ဂါဝပ် ၁,၃၉ဝ ကို ထုတ်လုပ်မည့် ြွူ ဓာတ်အားပေး စက်ရုံ (ပုသိမ်)၊ ဆန်စက်များ လည်ပတ်နိုင်ရန်အတွက် ၁ ဒသမ ၆ မဂ္ဂါဝပ်ထွက်ရှိမည့် စပါးခွံ ဓာတ်အားပေးစက်ရုံ(မြောင်းမြ)၊ ၂ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် ဆန်စက်နှင့် စပါးခွံ ဓာတ်အားပေးစက်ရုံ (ကျိုက်လတ်) စသည့် စီမံကိန်းသုံးခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေသည်။၎င်းစီမံကိန်းသုံးခုအနက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ LNG ဓာတ်အားပေးစက်ရုံ (ပုသိမ်) စီမံကိန်းမှာ ဟောင်ကောင်ကုမ္ပဏီဖြစ်သည့် Zhefu Group of Companies၊ ဆွစ်ဇာလန်ကုမ္ပဏီဖြစ်သည့် Gunver Group of Companies နှင့် မြန်မာကုမ္ပဏီဖြစ်သည့် Supreme Group of Companies တို့က ကန်ဒေါ်လာ နှစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအတွက် ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနအကြား လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာ ကိစ္စရပ်များ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ၂ဝ၁၉ ခုနှစ် မေလတွင် နောက်ဆုံးထား ဆောင်ရွက်သွားနိုင်ရန် ပြင်ဆင်နေသည်။ ထို့အတွက် ဓာတ်အားထုတ် လုပ်ရောင်းချခြင်းကို ၂ဝ၂၁ ခုနှစ်တွင် ရာနှုန်းပြည့် ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းနေလျက်ရှိသည်ဟု Supreme Group ၏ ကုမ္ပဏီဒါရိုက်တာ ဦးအောင်ကျော်မင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

''ဧရာဝတီမှာ ကမ်းခြေဒေသတွေမှာ အဓိကပြဿနာက လျှပ်စစ်အခက်အခဲ ရှိနေတယ်။ ဒါကြောင့် ဒီစီမံကိန်းကြီးပြီးသွားတာနဲ့ ဆက်တိုက်ဖြစ်လာမယ့် အခြားစီမံကိန်းတွေလည်း ရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း အစိုးရကို ဓာတ်အားရောင်းချပြီး အစိုးရဓာတ်အား ပေးနိုင်မယ့် အစီအစဉ်ကို လုပ်နေတာပါ။ ၂ဝ၂ဝ ပြည့်နှစ်မှာ စီမံကိန်းပြီးစီးပြီး ၂ဝ၂၁ ခုနှစ်လောက်မှာ လျှပ်စစ်ကို ပေးနိုင်သွားမှာပါ''ဟု ဦးအောင်ကျော်မင်းက မြန်မာတိုင်း(မ်)ကို ပြောပြချက်အရ သိရပါတယ်။၎င်းစက်ရုံသည် စက်ရုံတည်ဆောက်မှုကာလက တစ်နှစ်နှင့် ရှစ်လသာ အချိန်ယူတည်ဆောက်ရဖွယ်ရှိရာ ၂ဝ၁၉ ခုနှစ်၊ အစိုးရအဖွဲနှင့် သဘောတူညီမှု လက်မှတ် ရေးထိုးပြီးသည့်ကာလတွင် စတင်အကောင်အထည်ဖော် မည့်စီမံကိန်း ဖြစ်သည်။ ''စီမံကိန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ပေးနိုင်မယ့်အပြင် ပိုလျှံတဲ့ ဓာတ်အားတွေကို ရန်ကုန်တိုင်း၊ လှိုင်သာယာဒေသအတွင်းကိုပါ လျှပ်စစ် ပေးဝေနိုင်ဖို့အတွက်ဆိုပြီး လုပ်နေတဲ့စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်''ဟု ဦးအောင်ကျော်မင်းက ပြောသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ မြို့နယ် ၁ဝ မြို့နယ်ကို ဖွံ့ဖြိုးမှုနည်းသော ဒေသဖြစ်၍ အခွန်သက်သာခွင့် ခုနစ်နှစ်အထိ ခွင့်ပြုထားသည့် မြို့နယ်အဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က သတ်မှတ်ပေးထားခဲ့သည်။ပုသိမ်ခရိုင်အတွင်းရှိ သာပေါင်း၊ ငပုတော၊ ပုသိမ်၊ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူနှင့် လေးမျက်နှာ၊ လပွတ္တာခရိုင်အတွင်းရှိ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံခရိုင်အတွင်းရှိ ဘိုကလေး စသည့်မြို့များသည် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ပါက အခွန်သက်သာခွင့် ခုနစ်နှစ်အထိရရှိမည့် ဒေသများဖြစ်သည်။

 ''လျာထားစီမံကိန်းကြီးတွေ အများကြီးရှိနေတဲ့အတွက် ပြည်တွင်းရော၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိလာဖို့ မျှော်လင့်ရပါတယ်''ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောသည်။ထို့အတူ ပုသိမ်၊ ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ဟင်္သာတ၊ ဇလွန်၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ ဖျာပုံ၊ ကျိုက်လတ်၊ နှင့် ဒေးဒရဲ စသည့် မြို့နယ် ၁၇ မြို့နယ်ကိုမူ အလယ်အလတ် ဖွံ့ဖြိုးသော ဒေသအဖြစ် အခွန်သက်သာခွင့် ငါးနှစ်ဆက်တိုက် ခွင့်ပြုထားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂ဝ၁၆ ခုနှစ်၊ ဧပြီ ၁ ရက်အထိ တိုင်းဒေသအစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ငွေ ၄၉ ဘီလျံကျော်ကို ခွင့်ပြုထားနိုင်ခဲ့ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကန်ဒေါ်လာ ၅၉ သန်းကျော် နှင့် ကျပ်ငွေ ၁၉၈ ဘီလျံကျော်ကို ခွင့်ပြုထားသည်။လျှပ်စစ်နှင့် ကမ်းခြေဒေသ ပတ်လမ်းများ အကောင်အထည်ဖော်မှု စတင်လာပြီးနောက်ပိုင်းတွင် တိုင်းဒေသကြီးအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်မည်ဟု မျှော်လင့်ရကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောထားသည်။

 

Events & Exhibition Investment/Divestment Read 2124 times