ကမ္ဘောဒီးယားမှ တန်၁၀၀ကျ တစ်ဖန်ပြန်သုံး ပလတ်စတစ်စက်ရုံလုပ်ငန်း


20 September, 2022

 ကမ္ဘောဒီးယားမှ တန်၁၀၀ကျ တစ်ဖန်ပြန်သုံး ပလတ်စတစ်စက်ရုံလုပ်ငန်း


ကမ္ဘောဒီးယားနိုင်ငံမှ တစ်ဖန်ပြန်လည်အသုံးပြုသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Lim Vanny Plastic Recycle Company သည်  အမှိုက်တန်ချိန်များစွာကို ပြန်လည်အသုံးပြု၍ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည်မှာ ၁၀ နှစ်ခန့် ရှိပြီ ဖြစ်သည်။


ပလတ်စတစ်စွန့်ပစ်ပစ္စည်းဟောင်းများ၊ စွန့်ပစ်ရေမြှုပ်များနှင့် အလူမီနီယမ်ဘူးခွံများ ပြန်လည်အသက်ဝင်လာစေရန် ကမ္ဘောဒီးယား နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်များနှင့် မြို့ကြီးများသို့ လုပ်ငန်းတိုးချဲ့သွားရန် စီစဉ်လျက်ရှိသည်။

 Lim Vanny Plastic Recycle Co မှ အထွေထွေမန်နေဂျာ Pech Sotha က ယခုအခါ ကုမ္ပဏီသည် စွန့်ပစ်ပလတ်စတစ်အဟောင်းများကို လုပ်ကိုင်သည့် စက်များကို ပြည်နယ် ၃ ခုတွင် ထားရှိပြီး ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း ပြောကြားသည်။

“ကျွန်‌တော့ အစီအစဉ်က နေရာတိုင်းနီးပါးကို တိုးချဲ့မယ်။ ပြည်နယ် ၂၄ ခုစလုံးကို တိုးချဲ့သွားဖို့ပါ” ဟု ၎င်းက The Post မီဒီယာသို့ ပြောကြားခဲ့သည်။

နိုင်ငံခြားတွင် ပြန်လည်အသုံးပြုခြင်းနည်းပညာများကို သင်ယူပြီးနောက် ကုမ္ပဏီကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

သူသည်  အလူမီနီယံ အရည်ကျိုမှုဖြင့် စတင်ခဲ့သည်။ အများအားဖြင့် ဘီယာဘူးခွံများနှင့် ဟင်းချက်သည့် အိုးအဟောင်းများကို အသုံးပြုခဲ့ပါသည်။
အလူမီနီယမ် ပြန်လည်အသုံးပြုခြင်းလုပ်ငန်း အောင်မြင်နေ‌သောအခါ ဖော့ရေမြှုပ်နှင့် ပလတ်စတစ်အိတ်များကို  ကုန်ကြမ်းအဖြစ် ပြန်လည်ထုတ်လုပ်သည့်လုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်သည်။
၃ လအကြာတွင် ပြည်တွင်းဈေးကွက်မှာ ရောင်းချခြင်းအပြင် ပြည်ပသို့ပါ တင်ပို့နိုင်ခဲ့သည်။ အိမ်နီးနားချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့သည်။

“ပြန်လည်အသုံးပြုထားတဲ့ အလူမီနီယမ်ဘူးခွံထုတ်ကုန်တွေအပြင် တခြားပစ္စည်းခြောက်မျိုးကိုလည်း ကျွန်တော်တို့ ထုတ်လုပ်ပါတယ်။ 
 အမြှုပ် အမျိုးအစား နှစ်မျိုး ထုတ်လုပ်ပါတယ်။
ပြီးတော့ အိတ်အကြီး နှစ်မျိုး၊ အဖြူနှင့် အပြာရောင် ထုတ်လုပ်ပါတယ်။ 
ပလပ်စတစ်အိတ်တွေကိုလည်း အမျိုးအစား နှစ်မျိုး ထုတ်လုပ်ပါတယ်။ အဖြူနှင့် အမည်း  နှစ်မျိုး ရနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

စွန့်ပစ်ပစ္စည်းများကို စျေးများ၊ စက်ရုံများနှင့် အမှိုက်လိုက်ကောက်များထံမှ ဝယ်ယူသည်။

ပလတ်စတစ်အိတ်ဟောင်းများ၊ အမြှုပ်များနှင့် အိတ်ဟောင်းများကို  ကုမ္ပဏီဝင်း တစ်နေရာတွင်  တောင်ပုံရာပုံ စုပုံထားပါသည်။ အမှိုက်နံ့ ပြေပျောက်စေရန် တစ်ပတ်မှ တစ်လအထိ ပုံထားလိုက်သည်။
 "လေနှင့် မိုးရေတို့ ထိတွေ့ပြီး အနံ့ပြယ်သွားပါတယ်။ အနံ့ လုံးလုံးတော့ မပျောက်ဘူး။ ဒါပေမဲ့ ၆၀% လောက်အထိ အနံ့ လျော့သွားပါတယ်" ဟု သူက ပြောသည်။
 
စက်ရုံတွင် လုပ်သား ၄၀ ဦး ဝန်းကျင်ဖြင့် ပလတ်စတစ်များကို အမျိုးအစားအရ၊ အရောင်အရ ခွဲခြားပြီး စုပုံသည်။ ထို့ပြင် အိတ်မှာ ကပ်ပါလာသော တိတ်များ၊ စက္ကူများကို ဖယ်ရှားရသည်။ အသန့်ဆုံး အိတ်များကို ရွေးထုတ်ပြီး ပလတ်စတစ်အိတ် အဖြူရောင် ထုတ်လုပ်ရန် အသုံးပြုသည်။

 အပြာ၊ အနီရောင်၊ အနက်ရောင်နှင့် အဝါရောင်အိတ်‌ေဟာင်းများကို ရောနှောသုံးစွဲကာ အနက်ရောင်အိတ်များကို ထုတ်လုပ်သည်။
 "အနက်ရောင်အိတ် ထုတ်လုပ်ဖို့ဆိုရင် ပလတ်စတိတ်အိတ်ဟောင်း ဘာအရောင်ဖြစ်ဖြစ် သုံးလို့ရပါတယ်"  ဟု Sotha က ဆိုသည်။

Foam အမြှုပ်ကို အ‌စေ့လေးများအဖြစ် ထုတ်လုပ်ပြီး အမျိုးမျိုးသော ထုတ်ကုန်များ ပြုလုပ်ရန် အသုံးပြုနိုင်သည်။ ဖော့ပုံးများ ထုတ်လုပ်ရန် သုံးစွဲသည်။

ဆန်အိတ်များကို သေးသေးမွှားမွှား အစအမျှင်များဖြစ်အောင် စက်ဖြင့် မဖြတ်မီ အပြာနှင့် အဖြူ ခွဲခြားထားသည်။
ထို့နောက် အပိုင်းအစများကို ကြီးမားသော ရေလှောင်ကန်ထဲသို့ ထည့်ပါသည်။
“ကျွန်တော်တို့မှာ လှည်းဘီးလို လည်ပတ်နေတဲ့ ကန် တစ်ကန်ရှိတယ်။ ကန်အတွင်းမှာအပိုင်းအစတွေ ပတ်ချာလည်ပြီး သန့်စင်အောင် လျှော်ပေးလိုက်တယ်။ ပြီးတော့မှ အပူပေးစက်ထဲ ထည့်ပြီး ကုန်ချောကို ထုတ်လုပ်ပါတယ်"

ယခုအခါ Lim Vanny Plastic Recycle သည် တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၀၀ အထိ သုံးစွဲပေးပြီး လုပ်ငန်းလည်ပတ်နေသည်။

Lim Vanny Plastic Recycle တွင် ဇနီးမောင်နှံများနှင့် မိသားစုများစွာကို အလုပ်ခန့်ထားပြီး ဝန်ထမ်းအများစုမှာ အသက် ၅၀ နှစ်ကျော်များဖြစ်သည်။
"ဒီမှာ အသက် ၅၀ ကျော်တွေကို ငှားတယ်။ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းက ကျနေပြီ။ တခြားမှာ အလုပ်ရဖို့ မလွယ်တော့ဘူး။ သူတို့ အလုပ်ရဖို့နဲ့ ဝင်ငွေရှာဖို့ ခက်နေတယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက်အရ အသက် ၅၀ ကျော် အလုပ်သမားတွေဟာ ပလတ်စတစ် ပြန်လည်အသုံးပြုတဲ့ လုပ်ငန်းခွင်ကြောင့် ကျန်းမာရေး မထိခိုက်ကြပါဘူး။ အမှိုက်စော် နံတာကြောင့် သူတို့ ဘာမှ မဖြစ်ကြပါဘူး" ဟု သူက ပြောသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ကမ္ဘောဒီးယားသည် တစ်နှစ်လျှင် အမှိုက်တန်ချိန် ၄ သန်းကျော်နှင့် တစ်နေ့လျှင် တန်ချိန် ၁၀,၀၀၀ ကျော် ထွက်ရှိသည်။

အစိုးရသည် မြို့ပြဧရိယာများတွင် အမှိုက်များကို စီမံခန့်ခွဲရန် မူဝါဒတစ်ရပ်ကို ချမှတ်ထားပြီး အမှိုက်များကို အော်ဂဲနစ်၊ ပလတ်စတစ်နှင့် အစိုင်အခဲများဖြင့် ခွဲထုတ်ရန် လိုအပ်သည်။

ပလတ်စတစ်သုံးစွဲမှုကို ထိန်းချုပ်ရန်နှင့် လျှော့ချရန်အတွက် အစိုးရက အမိန့်စာများနှင့် လမ်းညွှန်ချက်များကိုလည်း ထုတ်ပြန်ခဲ့သည်။

  • ပထမအချက်မှာ အထူ ၀.၀၃ မီလီမီတာထက် ပိုရှိသော ပလတ်စတစ်အိတ်များ တင်သွင်းခြင်းကို တားမြစ်ခဲ့သည်။
  • ဒုတိယအချက်မှာ ပလတ်စတစ်အိတ်များအပေါ် ထပ်ဆောင်းအခွန်များ ကောက်ခံခြင်း ဖြစ်သည်။
  • တတိယအချက်မှာ စူပါမားကတ်များတွင် ပလတ်စတစ်အသုံးပြုမှုအတွက် အိတ်ဖိုး ကောက်ခံခြင်း ဖြစ်သည်။
  • စတုတ္ထအချက်မှာ ဇီဝပလတ်စတစ်ဖြင့် ပြုလုပ်ထားသော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်ဖြစ်သည်။
  • နောက်ဆုံးအနေဖြင့် ပလတ်စတစ်သုံးစွဲမှုအပေါ်  လူများ၏ အတွေးအမြင် သဘောထားများ၊ အကျင့်များကို ပြောင်းလဲဖို့ လှုံ့ဆော်မှုများ ဆောင်ရွက်ခြင်းဖြစ်သည်။

Source ANN
#MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

How To Read 498 times