ပဲခူးတိုင်းဒေသကြီးတွင် ပုဂ္ဂလိက အသေးစားငွေချေးလုပ်ငန်း ၄၂ခုမှ ချေးငွေများထုတ်ချေးပေး


06 December, 2017

ပဲခူးတိုင်းဒေသကြီးတွင် ပုဂ္ဂလိက အသေးစားငွေချေးလုပ်ငန်း ပြည်တွင်းပြည်ပအဖွဲ့များက ဒေသခံပြည်သူ သုံးသိန်းခန့်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ ငွေကျပ်သန်း ၈၀၀၀၀ ကျော် ထုတ်ချေးပေးထားကြောင်း ပဲခူးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံးမှ သိရပါသည်။

နိုင်ငံတော်မှ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်တွင် ပြဋ္ဌာန်းထားပြီး ပဲခူးတိုင်းဒေသကြီးအတွင်း လာရောက်ဆောင်ရွက်နေသော အသေးစား ငွေရေးကြေးရေးအဖွဲ့များမှာ NGO သုံးဖွဲ့၊ INGO တစ်ဖွဲ့၊ပြည်တွင်းအဖွဲ့ ၁၈ ဖွဲ့၊ ပြည်ပအဖွဲ့ ၂၀ စုစုပေါင်း ၄၂ ဖွဲ့မှာ ၂၀၁၂ ခုနှစ် မတ်လမှ စတင်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရပါသည်။

ပဲခူးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံးမှ ထိုပုဂ္ဂလိက အသေးစားငွေရေးကြေးရေးအဖွဲ့များကို ဥပဒေဘောင်အတွင်း လုပ်ဆောင်ရန် ကြီးကြပ်ပေးရပြီး လိုက်လံစစ်ဆေးပေးရကြောင်း၊ အခြေခံလူတန်းစားများအတွက် အားကိုးစရာဖြစ်သော်လည်းပြန်ဆပ်နိုင်သော အတိုင်းအတာအထိသာ ချေးယူသင့်ပြီး လုပ်ငန်းမလုပ်ကိုင်ဘဲ ချေးယူထားပါက မိမိအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောကြားပါသည်။

အဆိုပါ အသေးစားငွေရေးကြေးရေး အဖွဲ့ထံတွင် ဒေသခံများ ငွေချေးယူလိုပါက အာမခံပစ္စည်းရယူခြင်းမရှိဘဲ ဝိုင်းကြီးချုပ်စနစ်ဖြင့် အချင်းချင်းအာမခံကာ ရပ်ကွက်ကျေးရွာတွင် နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူးမှ ထောက်ခံချက် ပြုလုပ်ပေးရပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၀၀၀၀၀ မှ ကျပ်သိန်း ၁၀၀ အထိ ချေးပေးပြီး အတိုးနှုန်းအနေဖြင့် တစ်လလျှင် ငွေကျပ် ၁၀၀ကို ၂ ကျပ် ပြား ၅၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ပနိုင်ငံများမှ အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်နေသော နိုင်ငံများမှာ ကမ္ဘောဒီးယားနိုင်ငံမှ သုံးဖွဲ့၊ ဟောင်ကောင်မှ တစ်ဖွဲ့၊ နယ်သာလန်နိုင်ငံမှ တစ်ဖွဲ့၊ သီရိလင်္ကာနိုင်ငံမှ သုံးဖွဲ့၊ ဖိလစ်ပိုင်နိုင်ငံမှ တစ်ဖွဲ့၊ စင်ကာပူနိုင်ငံမှသုံးဖွဲ့၊ ဂျပန်နိုင်ငံမှ တစ်ဖွဲ့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သုံးဖွဲ့၊ ကိုရီးယားနိုင်ငံမှ သုံးဖွဲ့၊ မလေးရှားနိုင်ငံမှ တစ်ဖွဲ့ စုစုပေါင်း အဖွဲ့ ၂၀ က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

Source: myawaddy newspaper

Banking & Loan Read 833 times