ပိုလီအိတ်သွတ် စားအုန်းဆီဟင်းချက်ဆီ ပြည်ပတင်ပို့မှု မလေးရှား ရပ်ဆိုင်း


27 July, 2022

ပိုလီအိတ်သွတ် စားအုန်းဆီဟင်းချက်ဆီ ပြည်ပတင်ပို့မှု မလေးရှား ရပ်ဆိုင်း

စားအုန်းဆီသန့် ဟင်းချက်ဆီကို ပိုလီအိတ် polybag ဖြင့် ပြည်ပတင်ပို့ခြင်းကို ချက်ချင်း ရပ်ဆိုင်းရန် မလေးရှား ကုန်ဈေးနှုန်း ထိန်းချုပ်ရေး အာဏာပိုင်တို့က ဇူလိုင် ၂၅ ရက်မှာ ပြောကြားပါတယ်။ 

 

မလေးရှား ကုန်ဈေးနှုန်း ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့  ဥက္ကဋ္ဌ Annuar Musa က မလေးရှား ပြည်တွင်းမှ စားသုံးသူများကို ရောင်းချတဲ့ စားအုန်းဆီဟင်းချက်ဆီအတွက် အစိုးရမှ ထောက်ပံ့ကြေးပေးပြီး ဈေးလျှော့ ရောင်းချခိုင်းထားရာမှာ အဆိုပါ လျှော့ဈေးဟင်းချက်ဆီများကို ပိုလီအိတ် polybag ဖြင့် ထည့်သွင်းပြီး ဖြန့်ဖြူးပါတယ်။ 

ပြည်ပတင်ပို့တဲ့  ပိုလီအိတ်သွတ် ဟင်းချက်ဆီများမှာ အစိုးရထောက်ပံ့ကြေးရယူထားတဲ့ ဟင်းချက်ဆီများ ရောနှောပါဝင်နေနိုင်တဲ့အတွက် ပြည်ပတင်ပို့ခွင့် ပိတ်ပင်လိုက်ရတာ ဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောကြားပါတယ်။ 

သက်ဆိုင်ရာ စစ်ဆေးရေးများ အနေဖြင့် ကွဲကွဲပြားပြား ခွဲခြားသိဖို့ ခဲယဉ်းနေတဲ့အတွက် ပြည်ပပို့ကုန် ဟင်းချက်ဆီများကို ပိုလီအိတ် မသုံးစွဲဘဲ အခြားပုံစံဖြင့် ထုပ်ပိုးပြီး တင်ပို့ကြရမှာဖြစ်ကြောင်း ၎င်းက ညွှန်ကြားပါတယ်။  ပိုလီအိတ်သွတ် ဟင်းချက်ဆီ ပြည်ပတင်ပို့ခြင်းကို လုံးဝရပ်ဆိုင်းထားပြီ ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌ Annuar က ပြောကြားပါတယ်။ 

 

စားအုန်းဆီဟင်းချက်ဆီ ဘူးသွတ်ပြီး လက်လီရောင်းချခြင်းအတွက် အများဆုံးအနေဖြင့်ခွင့်ပြုတဲ့ လက်လီဈေးနှုန်းကို ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ကြောင်း၊ လောလောဆယ်တွင် ဈေးချပေးဖို့ ထုတ်လုပ်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ ထုတ်လုပ်သူများနှင့် သဘောတူညီမှု မရသေးကြောင်း ၎င်းက ပြောကြားပါတယ်။ စာအုန်းဆီကြမ်း ဈေးနှုန်းများ ဈေးကျနေပြီ ဖြစ်သော်လည်း စားအုန်းဆီဟင်းချက်ဆီကို ဈေးလျှော့ပေးဖို့ ထုတ်လုပ်သူများက သဘောမတူကြကြောင်းလည်း ဥက္ကဋ္ဌက ပြောကြားပါတယ်။ 

သို့သော် တည်ဆဲဥပဒေအရ ဟင်းချက်ဆီ လက်လီရောင်းဈေးကို သတ်မှတ်ပြဋ္ဌာန်းခွင့် ရှိကြောင်း ၎င်းက ပြောကြားပါတယ်။ 

အများဆုံးလက်လီရောင်းဈေးနှုန်းက ယခုသီတင်းပတ်အတွင်း သတ်မှတ်ပြဋ္ဌာန်းပေးမယ်လို့ ဥက္ကဋ္ဌ Annuar က ပြောကြားပါတယ်။

ထုတ်လုပ်သူများ အထိုက်အလျောက် အမြတ်ရရှိမယ့် ဈေးနှုန်း ဖြစ်ပြီး အလွန်အကျွံ အမြတ် ရယူခြင်း မပြုနိုင်တဲ့ ဈေးနှုန်းကို သတ်မှတ်ပေးမှာ ဖြစ်ကြောင်း  ဥက္ကဋ္ဌ Annuar က ပြောကြားပါတယ်။

 

 စားအုန်းဆီကြမ်း တစ်တန်ဈေးနှုန်း ရင်းဂစ် ၇,၀၀၀ မှ ရင်းဂစ် ၃,၆၀၀ သို့ ကျဆင်းခဲ့သော်လည်း စားအုန်းဆီဟင်းချက်ဆီ ဈေးနှုန်းများ မချပေးသဖြင့် Annuar က ဈေးချပေးကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ 

 

"စားအုန်းဆီကြမ်း ဈေးတက်တဲ့အခါ ကုန်သည်တွေက စားအုန်းဆီဟင်းချက်ဆီကို ဈေးတက်ပေမယ့် စားအုန်းဆီကြမ်း ဈေးကျတဲ့အခါ ဟိုလိုလို ဒီလိုလို လုပ်နေကြတယ်။ အရင်ဈေးကြီးမိထားတဲ့ လက်ကျန်တွေ  ရောင်းနေတယ်လို့ ပြောပြီး ဈေးလျှော့ဖို့ မလုပ်ကြဘူး။ အဲဒါ မသင့်မြတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်" လို့ Annuar က ပြောကြားပါတယ်။ 

ဈေးချခိုင်းထားတာ သီတင်းပတ် ၂ ပတ် ရှိနေပြီဖြစ်လို့ အရေးတယူ ဆောင်ရွက်ပေးဖို့ အချိန်ကျရောက်နေပြီလို့ ၎င်းက ပြောကြားပါတယ်။ 

“အဓိကကျတဲ့ ပစ္စည်းတွေ စျေးတက်တာ အသေးအဖွဲကိစ္စ မဟုတ်ပါဘူး။ ဟင်းချက်ဆီကလည်း  ကြက်သား၊ ကြက်ဥနှင့် ဆန်တို့လိုပဲ အရေးကြီးပါတယ်။ ဒါကြောင့် မြင့်မားတဲ့အမြတ်အစွန်းရရှိဖို့ စျေးနှုန်းတိုးမြှင့်ခြင်း မပြုသင့်ပါဘူး” လို့ ၎င်းက ပြောကြားပါတယ်။ 

#MyanmarFoodIndustryGuide
 Telegram Channel https://t.me/Guid4U
Source: FMT

Agriculture & Livestock Export, Import Read 2181 times