ဇွန်လတွင် အော်ဒါအသစ်များ တိုးရလာသည်နှင့်အမျှ စက်မှုထုတ်လုပ်မှု တိုးလာကြောင်း IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဓိက တွေ့ရှိချက်များ
●ထုတ်လုပ်မှုရော လုပ်ငန်းသစ်များပါ ဖေဖေါ်ဝါရီမှစပြီး ပထမဆုံးအကြိမ် ကြီးထွားလာခြင်း
●အလုပ်နေရာများ သိသာစွာ ကျဆင်းမှုကြောင့် PMI မှာ ၅၀ အောက်တွင် ဆက်လက်ရှိနေခြင်း
●လာမည့် တစ်နှစ်ကာလအတွက် ထုတ်လုပ်ရေး မျှော်လင့်ချက်များမှာ အားနည်းလျက် ရှိနေသေးခြင်း
ဒေတာကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၂-၂၂ ရက်များတွင် စုစည်းခဲ့သည်။
IHS Markit ၏ PMI™ စစ်တမ်း ဒေတာအရ ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) ပျံ့နှံ့လာမှုကိုထိန်းချုပ်ထားရန် အရေးယူ ဆောင်ရွက်မှုများကို ဆက်လုပ်ကိုင်နေရသည့်တိုင်အောင်မြန်မာ ထုတ်လုပ်ရေးကဏ္ဍသည် ဇွန်လတွင် နာလန်ထူလာသည့် လက္ခဏာများကို ပြသခဲ့သည်။
ထုတ်လုပ်မှုရော လုပ်ငန်းသစ်များပါ လေးလအတွင်း ပထမဆုံးအကြိမ် တိုးလာခဲ့သည်။
အလုပ်နေရာများမှာ ဆက်လက်ပြီး သိသာစွာ ကျဆင်းလာခဲ့သော်လည်း ထောက်ပြခဲ့ကြသူ အများစုတို့က အချို့ အလုပ်ထုတ်ခံရမှုများမှာ ယာယီဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်။
လာမည့် ၁၂ လ ကာလအတွက် ထုတ်လုပ်ရေး မျှော်လင့်ချက်များမှာ အပြုသဘောဆောင်သော်လည်း သမိုင်းအစဉ်အလာနှင့် ယှဉ်ကြည့်လျှင် အားနည်းနေဆဲဖြစ်သည်။
အဓိက အကျဆုံး IHS Markit မြန်မာထုတ်လုပ်ရေး PMI အညွှန်းမှာ ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်ပါသည်။
အော်ဒါသစ်များ၊ ထုတ်လုပ်မှု၊ အလုပ်နေရာများ၊ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များနှင့် သိုလှောင်ထားသည့် ထည့်ကုန်များဆိုင်ရာ အညွှန်းများမှနေပြီး ၎င်းကို တွက်ယူပါသည်။
၅၀.၀ ထက် ပိုကြီးသည့် မည်သည့် ဂဏန်းမဆိုသည် ကဏ္ဍ၏ အခြေအနေမှာ ခြုံပြောရလျှင် ပိုကောင်းလာခြင်းကို ညွှန်ပြပါသည်။
PMI မှာ ဇွန်လတွင် ၅၀.၀ အောက်မှာ ရှိနေသေးပြီး မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေး အခြေအနေများ ခြုံပြောရလျှင် ဆုတ်ယုတ်နေကြောင်း ထပ်မံ အချက်ပြနေသည်။
ထိုသို့ပြောလိုက်ရသော်လည်း အဓိက အကျဆုံး အညွှန်းသည် မေလ၏ ၃၈.၉ မှ ၄၈.၇ သို့ တက်လှမ်းနိုင်ခဲ့ရာ ဖေဖေါ်ဝါရီမှစပြီး အမြင့်ဆုံး ဖြစ်လာကာ ကဏ္ဍထဲက အခြေအနေများ အနည်းငယ်မျှသာ ဆိုးဝါးလာမှုကို ထောက်ပြနေသည်။
ထို့အပြင် PMI ထဲ ပါဝင်ကြသည့် အရေးကြီးဆုံး အစိတ်အပိုင်း - အော်ဒါ အသစ်များ (၃၀%) နှင့် ထုတ်လုပ်မှု (၂၅%) - နှစ်ခုစလုံး တဟုန်ထိုး မြင့်တက်လာခဲ့ပြီး မေလမှစပြီး တိုးတက်မှုကို အချက်ပြနေသည်။
ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ၏ အလားအလာမှာ မေလနှင့်စာလျှင် PMI ကို ဆယ်မှတ်အထိ မြင့်တက်သွားရန် ပံ့ပိုးခဲ့သော်လည်း အမှတ် ၅၀.၀ အောက်မှာ ရှိနေသေးခြင်းမှာ အဓိကအားဖြင့် ထုတ်လုပ်ရေး လုပ်သားအင်အားထပ်ပြီး တဟုန်ထိုး ကျဆင်းခဲ့မှုကြောင့်ဖြစ်ပါသည်။
အလုပ်နေရာများ (PMI ထဲတွင် ၂၀% အရေးပါသည်) မှာ ဧပြီနှင့် မေလနှင့် စာလျှင် ကျဆင်းမှု နည်းခဲ့သော်လည်း ကျနှုန်းမှာမူ စစ်တမ်း၏ ယခင် မည်သည့်ကာလထက်မဆို အားကောင်းခဲ့သည်။ ကုမ္ပဏီအများက ဝန်ထမ်းများ မိမိတို့ဇာတိ နေရပ်များသို့ ပြန်သွားကြသည်ဟု အစီရင်ခံခဲ့ကြသော်လည်း ထောက်ပြခဲ့ကြသူ အများစုတို့ကမူ အချို့ အလုပ်ဖြုတ်မှုများမှာ ယာယီဖြစ်ခဲ့ကြောင်း ဆိုကြသည်။
အော်ဒါ အသစ်များမှာ ဇွန်လတွင် တိုးရလာခဲ့သော်လည်း မတ်၊ ဧပြီနှင့် မေလများတွင် သမိုင်းဝင် ကျဆင်းခဲ့မှုကြောင့် ခြုံကြည့်လျှင် အပ်နံှခဲ့ကြသည့် အလုပ်များမှာ နိမ့်ကျလျက် ရှိနေခဲ့ပြီး လက်ထဲ ကျန်နေသေးသည့် အလုပ်ပမာဏသည်လည်း ရှေ့ဆက် ကျဆင်းလာခဲ့သည်။
သို့သော်လည်း ၂၀၂၀ ပြည့်နှစ်၏ နှစ်ဝက်ကာလတွင် လက်ကျန် အလုပ်စာရင်းများမှာ ၇ လအတွင်း အနှေးဆုံးအရှိန်ဖြင့် ကျဆင်းလာခဲ့ပါသည်။ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နံှ့မှုကို ရပ်တန့်ပစ်ရေး လုပ်ငန်းစဉ်များကြောင့် သက်ရောက်မှု ရှိခဲ့ပါသည်။ လုပ်ငန်းပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များမှာ ဇွန်လတွင် ဆက်ပြီး တိုးလာခဲ့သော်လည်း နောက်ဆုံးကာလမှာ ဝယ်ယူရေး လုပ်ငန်းများ ကျဆင်းမုှု ပိုနှေးလာခဲ့သောကြောင့် လေးလအတွင်းမှာ အနည်းဆုံး တိုးလာခဲ့မှုဖြစ်သည်။
သိုလှောင်ထားသည့် ဝယ်ကုန်များ စာရင်းမှာ ဇွန်လတွင် တဟုန်ထိုး ကျဆင်းသွားသော်လည်း ငါးလအတွင်း အနည်းဆုံး ကျဆင်းမှု ဖြစ်ခဲ့သည်။
ကုန်ကျစရိတ်များ၏ ဖိအားများမှာ ဇွန်လတွင် ဆက်လက်အားပျော့လာခဲ့သည်။ ထည့်ကုန်စရိတ်များမှာ လေးလအတွင်း သုံးကြိမ်မြောက် ကျဆင်းခဲ့သွားရာ ဝယ်လိုအား ပျော့လာခြင်း၊ ရေနံဈေး ကျဆင်းလာခြင်းနှင့် မြန်မာကျပ်ငွေနှင့်စာလျှင် အမေရိကန် ဒေါ်လာဈေး ကျလာမှုနှင့် ဆက်စပ်နေပါသည်။
ထည့်ကုန်စရိတ်များ လျော့နည်းလာမှုက ကုမ္ပဏီများအား ရောင်းဈေးများကို ဇွန်လတွင် ဖြတ်တောက်လာစေခဲ့သည်။ ရောင်းဈေးနှုန်းများကို ခုနစ်လအတွင်း ခြောက်ကြိမ်မြောက် နှိမ့်ချခဲ့ရာ မေလထက် မသိမသာ ပိုများခဲ့သည်။
အနာဂတ် ၁၂ လသို့ မျှော်ကြည့်လျှင် မြန်မာနိုင်ငံအတွင်း ထုတ်လုပ်သူတို့က ထုတ်လုပ်မှု တိုးလာမည်ဟု အကောင်းမြင်ကြသည်။ ကုမ္ပဏီများစွာတို့က ထုတ်လုပ်ရေး စွမ်းအားတိုးချဲ့ရန် စီမံနေကြကြောင်း အစီရင်ခံကြသည်။ အကောင်းမြင်စိတ်ဓာတ်မှာ ဧပြီလ၏ ၁၄-လတွင်း အနိမ့်ဆုံးနေရာမှ မြင့်တက်လာခဲ့သော်လည်း သမိုင်းထဲတွင် အားနည်းလျက် ရှိနေဆဲဖြစ်သည်။
သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေး ပညာရှင် Trevor Balchin ပြောကြားခဲ့သည်မှာ-
"မြန်မာ ကုန်စည် ထုတ်လုပ်သူတို့က ကိုရိုနာဗိုင်းရပ် အကျပ်အတည်းမှ ရုန်းထွက်လာနေကြောင်း လက္ခဏာများကို ဇွန်လတွင် ပြသခဲ့ကြသည်။ PMI သည် မေလတုန်းက မြင်ခဲ့ရသည့် ဆယ်မှတ်နီးပါး တိုးတက်မှုကို ထပ်မံပြသလျက် အခြေပိုခိုင်လာခဲ့သည်။ ၎င်းသည် အမှတ် ၅၀.၀ အောက်မှာ ရှိနေသေးသော်လည်း အရေးပါသည့် အညွှန်းများ ဖြစ်ကြသော ထုတ်လုပ်မှုနှင့် လုပ်ငန်းသစ် နှစ်ရပ်စလုံးမှာ ဖေဖေါ်ဝါရီလမှစပြီး တိုးတက်ရေး နယ်ပယ်ထဲကို ပထမဆုံးအကြိမ် ပြန်ဝင်လာနိုင်ခဲ့ကြသည်။
“ထို့အပြင် အော်ဒါ အသစ်များနှင့် သိုလှောင်ထားသည့် ကုန်ချောများ၏ အချိုးအစားအညွှန်းမှာ ဇွန်တွင် ၁.၅၅ သို့ တက်လှမ်းနိုင်ခဲ့ရာ စံချိန်တင် နှုန်းဖြစ်ပါသည်။ ပုံမှန် အချိန်များမှာ ထိုအချက်က ကုမ္ပဏီများ၏ လက်ကျန် စာရင်းများကို ဖြည့်တင်းကြမည်ဟု ပြသသည့်အတွက် ထုတ်လုပ်မှုမှာ ဆက်လက် တိုးတက်လာမည်ဟု ညွှန်ပြခြင်း ဖြစ်နိုင်သော်လည်း နိုင်ငံတကာ စီးပွားရေး ပြန်လည်နာလန်ထူမှုနှင့် ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းရိုက်ခတ်နိုင်သည့် အလားအလာမှာ အရေးကြီးဆုံး အချက်ဖြစ်ကြောင်း ရှင်းနေပါသည်။”
"ထုတ်လုပ်ရေးကဏ္ဍ တစ်ရပ်လုံး၏ စွမ်းဆောင်နိုင်စွမ်းကို နောက်သို့ ဆွဲခေါ်နေသည့် အဓိကအချက်မှာ ဇွန်လတွင် အလုပ်နေရာများ သိသာစွာ ဆက်လက် ကျဆင်းလာခဲ့မှုဖြစ်သည်။ အလုပ်နေရာများ ဖြတ်တောက်ခံရသည့် နှုန်းမှာ မေလထက် နှေးလာခဲ့သော်လည်း လေးနှစ်ခွဲကြာ စစ်တမ်း သမိုင်းထဲတွင် တတိယ အမြင့်ဆုံးနှုန်း ဖြစ်သည်။ စစ်တမ်းထဲ ပါဝင်ဖြေခဲ့ကြသူ လေးပုံတစ်ပုံတို့က ဇွန်လတွင် ဝန်ထမ်းများကို လျှော့ချခဲ့ရသည်ဟု အစီရင်ခံခဲ့ကြရာ မေလ၏ ၄၅% ထက် နည်းလာခဲ့သည်။ သို့သော် အလုပ်နေရာများကို အပြီးတိုင်ဖြတ်တောက်ခဲ့ကြသည့် ကုမ္ပဏီက မည်မျှ၊ အလုပ်မှ ယာယီ ထုတ်ခဲ့ကြသည့် ကုမ္ပဏီက မည်မျှဟူ၍ မသိရှိရသေးပါ။
IHS Markit အကြောင်း
IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။
IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။
PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။