မြန်မာ ထုတ်လုပ်ရေး ကဏ္ဍ မေလတွင် တန့်နေခဲ့


01 June, 2022

မြန်မာ ထုတ်လုပ်ရေး ကဏ္ဍ မေလတွင် တန့်နေခဲ့

 

၂၀၂၂  ဇွန်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


မြန်မာ ထုတ်လုပ်ရေး ကဏ္ဍ မေလတွင် တန့်နေခဲ့ခြင်း

အဓိက တွေ့ရှိချက်များ

  • ဝယ်လိုအား ပျော့လာချိန်မှာ ထုတ်လုပ်မှု အသစ်တဖန် ကျလာခြင်း
  • ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ စံချိန်တင်နှုန်းဖြင့် တိုးမြင့်လာခြင်း
  • ဈေးနှုန်း ဖိအားပေးမှုများ ဆက်တိုးလာခြင်း


အဓိကအကျဆုံး အညွှန်းကိန်း PMI™ သည် ကြားနေ အမှတ် ၅၀.၀ ၏ အောက်သို့ ဒသမဂဏန်းမျှ ကျဆင်းသွားမှုက မြန်မာနိုင်ငံတွင်း ကုမ္ပဏီများ၏ လုပ်ကိုင်မှု အခြေအနေများ ကျယ်ပြန့်စွာ တန့်လာခြင်းကို ညွှန်ပြနေသည်။ 
ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ခုစလုံးသည် ဧပြီလ၏ အသင့်အတင့် တိုးတက်ခဲ့ပြီးသည့်နောက်ပိုင်းတွင်  ကျဆင်းသွားပြီး ဝယ်ယူမှုများကို တဟုန်ထိုး ကျဆင်းစေခဲ့သည်။ 
ထို့အပြင် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များတွင် ဖိအားပေးမှု ပြင်းထန်နေခဲ့ပြီး သွင်းကုန်များ ပေးသွင်းရန် ပျမ်းမျှအားဖြင့်  ကြာမြင့်ချိန်များမှာ စစ်တမ်းမှတ်တမ်းတစ်လျှောက်တွင် အမြန်ဆုံးနှုန်းသို့ မြင့်တက်သွားခဲ့သည်။
ဈေးနှုန်းများ အကြောင်းကို ပြောရလျှင် သွင်းကုန် စရိတ်များနှင့် ရောင်းဈေးများ နှစ်ခုစလုံး စစ်တမ်းသမိုင်းမှာ သမိုင်းတွင်အောင်  အမြင့်ဆုံး နှုန်းများသို့ မြင့်တက်သွားသည်။ 
စစ်တမ်းတွင် ပါဝင်ဖြေဆိုကြသူ အများစု၏ အဆိုအရ —

  • ကုန်ကြမ်း စရိတ်စကများနှင့် ပို့ဆောင်ခများ မြင့်လာခြင်း၊ 
  • ကုန်ကြမ်းပစ္စည်းများ ဆက်လက်ရှားပါးနေခြင်း နှင့် 
  • ဒေါ်လာကျပ်ငွေလဲလှယ်နှုန်း အခြေမသာခြင်းတို့က

စရိတ်စက ဝန်ထုပ်ဝန်ပိုးများကို တိုးမြှင့်ပေးခဲ့သည်။

ထုတ်လုပ်နိုင်စွမ်းကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းဖြစ်သည့် S&P Global မြန်မာ ထုတ်လုပ်မှု PMI™ အညွှန်းကိန်းကို မေလတွင် ၄၉.၉ ၌ မှတ်တမ်းတင်ခဲ့ရာ ဧပြီလ၏ ၅၀.၄ ထက် နိမ့်ကျနေသည်။
ထုတ်လုပ်မှု တိုးလာမှုနှင့် ကျဆင်းမှုကို ပိုင်းခြားပေးသည့် အပြောင်းအလဲမရှိ အမှတ် ၅၀.၀ ၏ အောက်သို့ ဒသမဂဏန်းမျှ နိမ့်ကျသွားခြင်းက ဧပြီလအတွင်း အနည်းငယ်မျှ အခြေအနေ ကောင်းလာခဲ့သည့် နောက်တွင် ဒုတိယသုံးလပတ်အလယ်၌ မြန်မာနိင်ငံတွင်း ထုတ်လုပ်ရေး ကဏ္ဍမှာ ကျယ်ပြန့်စွာ တန့်နေခဲ့ခြင်းကို ညွှန်ပြနေသည်။

 

 

ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းတွင် ထုတ်လုပ်မှုသည် ဧပြီလတွင် ခဏတဖြုတ် တိုးလာခဲ့သည့်နောက်မှာ မေလတွင် အကျဘက်ကို ပြန်ဦးတည်ခဲ့ပါသည်။ 
သို့သော်လည်း ကျဆင်းသွားသည့် နှုန်းမှာမူ အသင့်အတင့်မျှသာ ဖြစ်ပါသည်။
ယင်းကျဆင်းမှုမှာ အော်ဒါအသစ်များ မှာကြားခြင်း အနည်းငယ် ကျဆင်းလာမှုနှင့် တိုက်ဆိုင်ခဲ့ပါသည်။ 
ဖောက်သည်များ၏ ငွေရေးကြေးရေးအခက်အခဲများကြောင့် ထိုသို့ ကျဆင်းလာခဲ့ရသည်ဟု စစ်တမ်းတွင် ပါဝင်ဖြေဆိုကြသူ အများစုက ဖေါ်ပြကြသည်။

ဝယ်လိုအား အခြေအနေများ အားပျော့လာနေချိန်မှာ ထုတ်လုပ်ရေး ကုမ္ပဏီများသည် စစ်တမ်း၏ နောက်ဆုံးလတွင် မိမိတို့၏ ဝယ်ယူရေး လုပ်ငန်းများကို ခြောက်လအတွင်း အလျင်မြန်ဆုံး နှုန်းဖြင့် လျှော့ချခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ထုတ်လုပ်ရေး ကုမ္ပဏီများ လက်ထဲတွင် ရှိနေခဲ့သည့် ထုတ်လုပ်မှုအကြို လက်ကျန် စာရင်းများပါ ပိုပြင်းထန်သည့်နှုန်းဖြင့် ကျဆင်းလာခဲ့သည်။

ကုန်ကြမ်း ရှားပါးမှု နှင့် မီးပြတ်တောက်မှုများ ဆက်ရှိမြဲရှိနေခဲ့ခြင်းကြောင့် လက်ထဲ မပြီးမပြတ်သေးဘဲ ကျန်ရှိနေသည့် အလုပ်များကို ဆက်လက် တိုများနေစေခဲ့သည်။ မပြီးမပြတ်သေးဘဲ ကျန်ရှိနေသည့်  အလုပ်များ စုပုံလာမှု နှုန်းမှာ စစ်တမ်း ကာလအတွင်း စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့သည့် ဖေဖေါ်ဝါရီလထက် အားပျော့လာခဲ့သော်လည်း ခြုံကြည့်လျှင် သိသိသာသာ မြင့်မားနေဆဲ ဖြစ်သည်။ 
ထုတ်ကုန်စွမ်းအားကို တိုးချဲ့ရန်နှင့် ထုတ်လုပ်ရေး လုပ်ငန်းစဉ် အရှိန်မြှင့်ပေးရန် ကြိုးပမ်းမှုအဖြစ် ကုမ္ပဏီများက ဝန်ထမ်း ဦးရေကို တိုးချဲ့ခန့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း အလုပ်သမားများကို ရှာဖွေရာတွင် ကုမ္ပဏီများအနေနှင့် အခက်အခဲများ တွေ့ရသောကြောင့် အလုပ်နေရာ ဖန်တီးမှု နှုန်းမှာ ဧပြီလထက် အားပျော့ခဲ့ပါသည်။

 

 

ဈေးနှုန်းများကို လေ့လာကြည့်လျှင် မေလတွင် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ မြင့်မားလျက် ရှိနေခဲ့ပြီး သွင်းကုန်စု ဈေးနှုန်းများ၏ ဖောင်းပွမှုနှုန်းမှာ ဧပြီလထက် မသိမသာ မြန်လာခဲ့သည်။ 
ပစ္စည်းများ ရှားပါးမှု၊ ငွေလဲလှယ်နှုန်း အခြေမသာခြင်း နှင့် ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာခြင်း အားလုံးတို့သည် စရိတ်စကများ နောက်ဆုံးမြင့်တက်လာမှု၏ အကြောင်းရင်းများ ဖြစ်ကြသည်။ 
ကုမ္ပဏီများက သွင်းကုန်စုအတွက် ကုန်ကျစရိတ် မြင့်တက်လာမှုကို ကာမိစေရန် မိမိတို့၏ ရောင်းဈေးများကို ဆက်လက်ပြီး မြှင့်တင်ခဲ့ကြသော်လည်း ရောင်းဈေးများ၏ ဖောင်းပွမှုနှုန်းမှာ မေလတွင် လေးလအတွင်းမှာ အနိမ့်ဆုံးသို့ အနိမ့်ဆုံးသို့ အားပျော့သွားခဲ့သည်။

နောက်ဆုံးအနေနှင့် တင်ပြလိုသည်မှာ လာမည့် ၁၂-လအတွက် ထုတ်လုပ်မှုဆိုင်ရာ အကောင်းမြင်မှုအဆင့်မှာ မေလတွင် မသိမသာ အားသန်လာခဲ့သော်လည်း စစ်တမ်းသမိုင်းကြောင်း ဒေတာနှင့် ယှဉ်ကြည့်လျှင် အားပျော့လျက် ရှိနေဆဲဖြစ်သည်။ စစ်တမ်းထဲ ပါဝင်ဖြေခဲ့ကြသူ ၄% တို့ကသာ လာမည့် နှစ်ထဲတွင် ထုတ်လုပ်မှု တိုးလာမည်ဟု ခန့်မှန်းကြချိန်တွင်
အပြောင်းအလဲရှိမည် မဟုတ်ဟု မျှော်လင့်ခဲ့သူ ၉၆% ရှိခဲ့သောကြောင့် လုပ်ငန်းများ၏ ယုံကြည်မှုမှာ အားနည်းခဲ့ရခြင်း ဖြစ်ပါသည်။

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-
"မြန်မာနိင်ငံတွင်း ထုတ်လုပ်ရေး ကုမ္ပဏီများ၏ လုပ်ငန်း အခြေအနေများမှာ မေလတွင် ကျယ်ပြန့်စွာ တန့်လာခဲ့ပါတယ်။ ရောင်းချရမှုများ အားလုံးမသိမသာ ဆုတ်ယုတ်လာခဲ့ပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ စံချိန်တင် တိုးလာခဲ့သည့် အကြားတွင် ထုတ်လုပ်မှု ပြန်ကျလာခဲ့ခြင်းမှာ မှတ်သားရမယ့် အချက်ပါ။ အလုပ်ခန့်မှု အညွှန်းကိန်းမှာ တိုးတက်မှု နယ်ပယ်ထဲတွင် ရှိနေသော်လည်း စစ်တမ်း၏ နောက်ဆုံးလ အတွင်းမှာ အရှိန်ကျလာခဲ့လျက် နည်းပါးတဲ့ အလုပ်ခန့်မှုနှုန်းကိုသာ ညွှန်ပြနေပါတယ်။
"ပစ္စည်းပေးသွင်းသူတို့ဘက်မှ ပျက်ကွက်မှုများ၊ ဈေးနှုန်းများ မြင့်တက်လာမှုများနှင့် ငွေလဲနှုန်း အခြေမသာခြင်း အားလုံးတို့က ကုန်ကျစရိတ်များကို တိုးမြှင့်စေခဲ့ပြီး အားနည်းနေခဲ့ပြီးသား ဝယ်လိုအား ကားချပ်ပုံ အပေါ်ကို ဖိစီးခဲ့ကြပါတယ်။ ထို့အပြင် တစ်ကမ္ဘာလုံး နိုင်ငံရေး အခြေအနေ မရေရာမှုများနှင့် နိုင်ငံဘက်မှ ကိုဗစ်-၁၉ အား တုံ့ပြန်မှု
နှေးကွေးနေခြင်းတို့က အနာဂတ် မျှော်လင့်ချက်များအတွက် အန္တရာယ်များကို တိုးမြှင့်စေခဲ့ပါတယ်။
"နောက်ဆုံး စစ်တမ်းအရ လုပ်ငန်းဆိုင်ရာ ယုံကြည်မှု မသိမသာ ပိုကောင်းလာခဲ့ပါတယ်။ သို့သော်လည်း အကောင်းမြင်မှုမှာ ထုတ်လုပ်မှု တိုးလာမှုအဖြစ် လက်တွေ့ ရုပ်လုံးပေါ်လာမည်လား ဆိုသော အချက်မှာမူ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများအား နိုင်ငံ အနေနှင့် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း အပေါ်မှာ မူတည်ပါလိမ့်မယ်"

 

MyanmarIndustriesGuide
 

Industry Reviews Read 536 times