ကုန်ထုတ်လုပ်ရေးအခြေအနေများ ၉လအထိ အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာ


01 August, 2022

ကုန်ထုတ်လုပ်ရေးအခြေအနေများ ၉လအထိ အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာ


၂၀၂၂   ဩဂုတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။



ကုန်ထုတ်လုပ်ရေးအခြေအနေများ ၉လအထိ အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာခြင်း

အဓိက တွေ့ ရှိချက်များ

  • လုပ်ငန်းများက ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ လျင်မြန်စွာ ကျဆင်းလာနေကြောင်း အချက်ပြလာခြင်း 
  • ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် လုပ်သားအင်အားများ လျော့ကျလာခြင်း 
  • ရှေ့တစ်နှစ်တာကာလနှင့်ပတ်သက်သည့် မျှော်မှန်းချက်များ ဆက်လက်အားပျော့နေခြင်း

သုံးသပ်ချက်

နောက်ဆုံးစစ်တမ်းရလဒ်များနှင့်ပတ်သက်၍ S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က မှတ်ချက်ပြုပြောကြားခဲ့သည်မှာ -

"ဇူလိုင်လရဲ့ နောက်ဆုံးရ PMI ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍက တတိယသုံးလပတ် အစမှာ ဆက်ပြီးအားနည်းနေဆဲဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ဝယ်သူတွေရဲ့ ကြေးဆိုင်ရာကန့်သတ်ချက်တွေ၊  ကုန်ပစ္စည်းပြတ်လပ်မှုတွေနဲ့ ပစ္စည်းသွင်းသူတွေရဲ့ စရိတ်စကမြင့်တက်မှုတွေက ထုတ်လုပ်မှုနဲ့ အော်ဒါသစ် နှစ်ရပ်လုံး ပိုပြီးမြန်မြန်ဆန်ဆန် ကျဆင်းလာမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ထမ်းဦးရေ လျော့ကျခဲ့ပြီး ဝယ်ယူရေးလုပ်ငန်းများလည်း ပိုပြီးမြန်ဆန်တဲ့နှုန်းနဲ့ ကျဆင်းလာခဲ့ပါတယ်။

“ကြာရှည်နေပြီဖြစ်တဲ့ နိုင်ငံရေးကသောင်းကနင်းဖြစ်မှုက နိုင်ငံကို ဆက်ပြီး ဖိစီးနေသလို စက်ရုံပိတ်သိမ်းမှုတွေ၊ ပစ္စည်းပေးသွင်းရေး ကွင်းဆက်ပြတ်တောက်မှုတွေနဲ့ ကုန်ပစ္စည်းရှားပါးမှုတွေအကြောင်း ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေကြသူများက  မကြာခဏ ပြောကြားနေကြပြီး ကုန်ထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုကလည်း ဆက်ပြီး ပြင်းထန်နေဆဲဖြစ်ပါတယ်။

“ဒုတိယနစ်ဝက် စတင်ချိန်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး စိန်ခေါ်မှုတွေနဲ့အတူ ပြင်းထန်တဲ့ ငွေကြေးဖောင်းပွမှု ဖိအားပေါင်းစုံတို့က ထုတ်လုပ်ရေးကဏ္ဍနဲ့ ဒီကဏ္ဍရဲ့ အလားအလာကို များစွာစိတ်ဓာတ်ကျစရာ အခင်းအကျင်းအဖြစ် ပုံဖော်လျက်ရှိပါတယ်။”


 

 

ဒေတာကို ၂၀၂၂ ခုနှစ်ဇူလိုင်လ ၁၂-၂၁ ရက်များတွင် စုစည်းခဲ့သည်။

နောက်ဆုံးစစ်တမ်းဒေတာက ဇူလိုင်လတွင် မြန်မာနိုင်ငံ ကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းရှိ လုပ်ငန်းအခြေအနေများ သုံးလဆက်တိုက် ကျဆင်းလာနေသည်ဟု အချက်ပြခဲ့သည်။ ထို့အပြင် ကျဆင်းမှုအရှိန်မှာ ဇွန်လတွင်ကြုံတွေ့ ခဲ့ရသည့် အရှိန်ထက် မြန်ဆန်လာခဲ့သည်။ 

ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ ပို၍မြန်မြန်ဆန်ဆန် ကျဆင်းလာခဲ့ခြင်းက အားကောင်းသော ကျဆင်းမှုကို တစ်စိတ်တစ်ဒေသအားဖြင့် တွန်းအားဖြစ်စေခဲ့သည်။


 

၎င်းအပြင် ကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းရှိ အလုပ်ခန့်ထားမှုများမှာ ရှစ်လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာခဲ့သည်။ 

ကုန်ထုတ်လုပ်ရေးကဏ္ဍ၏ အလားအလာများ အဘက်ဘက်မှ အားပျော့နေခြင်းက လာမည့် ၁၂ လတာအတွင်း ထုတ်လုပ်မှုနှင့်စပ်လျဉ်းသည့် ယုံကြည်မှုမှာ ဆက်လက်နိမ့်ကျနေသည့်သဘောဖြစ်ပြီး ယေဘုယျအားဖြင့် ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေကြသူများက ထုတ်လုပ်မှုပမာဏ တိုးလာမည်မဟုတ်ဟု မျှော်မှန်းထားကြသည်။

ဈေးနှုန်းများနှင့်ပတ်သက်၍ ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွမှု ဖိအားများ သိသိသာသာ ငြိမ်သက်နေကြောင်း မြင်ခဲ့ကြရသည့်တိုင် ထုတ်လုပ်မှုစရိတ်များနှင့် ရောင်းဈေးများမှာ ခြုံကြည့်လျှင် တဟုန်ထိုး ဆက်လက်တိုးလာနေဆဲဖြစ်သည်။

ထုတ်လုပ်မှုစွမ်းဆောင်ရည်ကိုပြသည့် ပေါင်းစပ်အညွန်းကိန်းတစ်ခုဖြစ်သည့် − အဓိက S&P Global မြန်မာကုန်ထုတ်လုပ်မှု PMI− သည် ဇွန်လတွင် ၄၈.၂ ရှိရာမှ ဇူလိုင်လတွင် ၄၆.၅ သို့ ကျဆင်းသွားရာ ကဏ္ဍ၏ အခြေအနေများ ၃လဆက်တိုက် ကျဆင်းသွားကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ကျဆင်းမှုနှန်းမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ အလျင်မြန်ဆုံး ကျဆင်းမှုအဖြစ် တွေ့ မြင်ခဲ့ရသည်

ထုတ်လုပ်မှုပမာဏများမှာ ဇူလိုင်လတွင် ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာပြီး စက်ရုံအော်ဒါများ ကျဆင်းမှုနှုန်းမှာလည်း ဤလအတွင်း အရှိန်ရလာခဲ့သည်။ ဝယ်သူများ၏ ငွေကြေးဆိုင်ရာ ကန့်သတ်ချက်များက အော်ဒါသစ်များ ရရှိမှုအပေါ်  ဖိစီးခဲ့ကြောင်း အဖွဲ့ဝင်များက မကြာခဏ အလေးပေးထောက်ပြခဲ့ကြသည်။ ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် ပစ္စည်းပြတ်လပ်မှုများနှင့် ပစ္စည်းပေးသွင်းသူများ၏ စရိတ်စကမြင့်တက်လာမှုများက ထုတ်လုပ်မှုပမာဏများကို ရှေ့ဆက်လျော့ကျစေပြီး ရံဖန်ရံခါအားဖြင့် ယာယီစက်ရုံပိတ်ထားရမှုများပင် ဖြစ်လာပေခဲ့သည်။

ထုတ်လုပ်ရေးလိုအပ်ချက်များ ကျဆင်းလာသည်နှင့်အမျှ လုပ်ငန်းများက ဇူလိုင်လအတွင်း ၎င်းတို့၏ ဝန်ထမ်းအင်အားကို လျှော့ချခဲ့ကြသည်။ အလုပ်အကိုင်လျှော့ချသည့်နှုန်းမှာ အသင့်အတင့်မျှသာဖြစ်သော်လည်း ၎င်းက ၇ လဆက်တိုက် အလုပ်ခန့်ထားမှုနှုန်း မြင့်တက်လာခြင်းကို အဆုံးသတ်စေခဲ့သည်။ လုပ်ငန်းအများစုက ဝန်ထမ်းအင်အား အပြောင်းအလဲမရှိကြောင်း အစီရင်ခံခဲ့ကြသော်လည်း ဝန်ထမ်းအင်အားလျော့သွားသည့် လုပ်ငန်းများက ယင်းမှာ ဝန်ထမ်းများအကြား လခဆိုင်ရာ မကျေနပ်မှုများနှင့် အော်ဒါမှာယူမှုပမာဏ ကျဆင်းမှုများနှင့်ဆက်စပ်ကြောင်း ယေဘုယျအားဖြင့် ဖော်ပြကြသည်။

ဆက်လက်၍ ဇူလိုင်လတွင် ကဏ္ဍတစ်ဝန်း၌ လက်ကျန်အလုပ်များ ဆက်လက်မြင့်တက်လာပြီး ထုတ်လုပ်နိုင်သည့်စွမ်းအားအပေါ် ဖိအားများ ဆက်လက်ရှိနေသည့် လက္ခဏာများ ရှိနေသည့်တိုင် ယခုလတွင် လက်ကျန်အလုပ်များ စုပုံလာသည့်နှုန်းမှာ များစွာသက်သာလာခဲ့သည်။ နောက်ဆုံးအညွှန်းကိန်းက ပြီးဆုံးရန် ကျန်ရှိနေသည့် လုပ်ငန်းများပမာဏာမှာ ၁၇ လတာအတွင်း အညင်သာဆုံး ထိုးတက်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထုတ်လုပ်မှုပမာဏများ ကျဆင်းလာသည်ကို တုံ့ပြန်သည့်အနေဖြင့် လုပ်ငန်းများက ဝယ်ယူရေးလုပ်ငန်းများနှင့် ကုန်လက်ကျန် စာရင်းများကိုလည်း ဆက်လက်လျှော့ချပစ်ခဲ့ကြသည်။ နောက်ဆုံးစစ်တမ်းဒေတာက ဆယ်လအတွင်း ဝယ်ယူမှုပမာဏများ အသိသာဆုံးကျဆင်းခဲ့ကြောင်း မီးမောင်းထိုးပြခဲ့သည်။ ထို့ပြင် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး ကုန်လက်ကျန်စာရင်းနှစ်ရပ်လုံး ကျဆင်းမှုနှုန်းမှာ သမိုင်းစဉ်ဒေတာတပ်လျှောက်တွင် ဆက်လက်ထင်ရှားနေမြဲဖြစ်သည်။

ဇူလိုင်လတွင် ဈေးနှုန်းများကိုကြည့်ပါက ကုန်ကျစရိတ်ဖိအားများမှာ ယခုတွင် ပြေလျော့လာသည့်တိုင် မြင့်မားနေဆဲဖြစ်သည်။ ကုန်ကြမ်းစရိတ်များ မြင့်မားမှု သွင်းကုန်ရှားပါးမှုနှင့် ဆိုးရွားသော ကျပ်ငွေဒေါ်လာလဲလှယ်နှုန်း မတည်ငြိမ်မှု အစုစုတို့က နောက်ဆုံးမြင့်တက်လာသည့် ကုန်ကျစရိတ်များနှင့် ဆက်စပ်နေခဲ့သည်။ သို့သော်လည်း သွင်းကုန်စရိတ် ဖောင်းပွမှုနှုန်းက ခြောက်လတာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာပြီး ရောင်းဈေးများမှာ ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ပိုင်း အညင်သာဆုံးနှုန်းဖြင့် တိုးလာခဲ့သည်။

ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုများက နှစ်နှစ်နီးပါးကြာ ယိုယွင်းလာနေခဲ့သော ပစ္စည်းပေးသွင်းသူ စွမ်းဆောင်ရည်အပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့သည်။ အော်ဒါလက်ခံချိန်နှင့် ပစ္စည်းပေးပို့မှုကြား ကြာမြင့်ချိန်များ ရှည်ကြာလာသည့်နှုန်းမှာ ငါးလအတွင်း အားအပျော့ဆုံးဖြစ်သည့်တိုင် ခြုံကြည့်လျှင် သိသာနေခဲ့ပါသည်။

နောက်ဆုံးစစ်တမ်းက လုပ်ငန်းအပေါ်ယုံကြည်ချက်မှာ နိမ့်ကျနေဆဲဖြစ်ကြောင်းကိုလည်း ပြသခဲ့ပါသည်။ ခြုံကြည့်လျှင် ဝယ်လိုအားပျော့နေသော အခြေအနေများနှင့် သိသာသည့် စရိတ်စကဖိအားများအကြား လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုတန့်နေလိမ့်မည်ဖြစ်ကြောင်း ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေကြသူများက မျှော်မှန်းထားကြသည်။

#MyanmarIndustryGuide
 Telegram Channel  https://t.me/Guid4U

Industry Reviews Read 2227 times