မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှတောင်သူများ ပဲစဉ်းငုံစိုက်ပျိုးခြင်းမပြုကြရန် အကြံပြုထုတ်ပြန်ထားသော်လည်း ပခုက္ကူတစ်ဝိုက်တောင်သူအချို့မှာ ပဲစဉ်းငုံစိုက်ပျိုးနေခြင်းကြောင့် ကျယ်ပြန့်စွာအသိပေးရန်လိုအပ်နေသေးကြောင်း ဒေသခံတောင်သူများထံမှ သိရပါသည်။
ပခုက္ကူဒေသတစ်ဝိုက်ရှိတောင်သူများမှာ မြန်မာနိုင်ငံ ပဲစဉ်းငုံနှင့် နှမ်းကုန်သည်များအသင်းမှထုတ်ပြန်သည့် ပဲစဉ်းငုံအခြေအနေနှင့် ပတ်သက်၍ မသိရှိခြင်းနှင့် ဈေးနှုန်းပြန်လည်မြှင့်တက်ရန် မျှော်လင့်ခြင်းများကြောင့် ယခုစိုက်ပျိုးရာသီအစတွင် စိုက်ပျိုးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရပါသည်။
မေလအစောပိုင်း ပခုက္ကူတစ်ဝိုက်တွင် မိုးရွာသွန်းခဲ့သောကြောင့် သီးနှံများစတင်စိုက်ပျိုးနေပြီဖြစ်ရာ အချို့တောင်သူများသည် ပဲနောက်၊ နှမ်းနှင့် ဝါများအား စိုက်ပျိုးပြီး တချို့မှာပဲစဉ်းငုံဈေး ပြန်လည်မြင့်တက်နိုင်ရန် မျှော်လင့်၍ ထပ်မံစိုက်ပျိုးနေကြောင်း သိရပါသည်။
မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တင်ပို့ခွင့်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ အကြောင်းကြားခြင်းမရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင် ပဲစဉ်းငုံအား ပြည်တွင်းစားသုံးမှု လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်း၊ တင်သွင်းခွင့်ကန့်သတ်ခြင်း၊ ပြည်တွင်း ပဲဈေးနှုန်းမှာ စိုက်ပျိုးစရိတ်အောက်ရောက်ရှိနေခြင်း၊ ကျဆင်းသည့်ဈေးနှုန်းဖြင့်ပင် ဝယ်ယူသူနည်းပါးခြင်းတို့ကြောင့် ပဲစဉ်းငုံစိုက်ပျိုးခြင်းမပြုရန် ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။
မေလဆန်းတွင် ပခုက္ကူသီးနှံဈေးကွက်အတွင်း ပဲစဉ်းငုံရောင်းဝယ်မှုနည်းပါးသွားသည့်အတွက် ဈေးနှုန်းပြန်လည်ကျဆင်းသွားပြီး မေ ၄ ရက်ဈေးကွက်တွင် ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ် ၈၀၀၀-၈၅၀၀ သာ ပေါက်ဈေးရှိတော့ကြောင်း သိရပါသည်။
ပဲစဉ်းငုံသီးနှံမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့် ကန့်သတ်လိုက်သည့် ၂၀၁၇ ခုနှစ်သြဂုတ်လမှစ၍ ဈေးနှုန်းများဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၁၇ ခုနှစ်မတိုင်မီအထိ ပခုက္ကူသီးနှံဈေးကွက်တွင် ပဲစဉ်းငုံတစ်တင်းလျှင် ၂၀၀၀၀ ကျပ် အထက် ပေါက်ဈေးရှိကြောင်း သိရပါသည်။
သို့ဖြစ်၍ တောင်သူများအနေဖြင့် မကြာမီစိုက်ပျိုးချိန်ကျရောက်မည့် ပဲစဉ်းငုံ (2019 Crop) များအား စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရန် လုံး၀ မသင့်တော်တော့ဘဲ မိမိစိုက်ပျိုးမြေနှင့် ကိုက်ညီမည့် တခြားဈေးကွက်ရှိ ဆီထွက်သီးနှံနှင့် ပဲအမျိုးအစားများအား ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း အကြံပေးလိုက်ပါသည်။
Eleven