ယူကရိန်းခေါက်ဆွဲမှ လျှပ်စစ်ကား ထုတ်လုပ်သူ ဖြစ်လာသည့် ဗီယက်နမ် ဘီလျံနာ ဗောင်


12 September, 2023

ယူကရိန်းခေါက်ဆွဲမှ လျှပ်စစ်ကား ထုတ်လုပ်သူ ဖြစ်လာသည့် ဗီယက်နမ် ဘီလျံနာ ဗောင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဗီယက်နမ် အီးဗီလုပ်ငန်းVinFast က အီးဗီများ ပြီးခဲ့သည့်နှစ်တွင် အစီးရေ ၂၄,၀၀၀ ရောင်းချခဲ့သည်။

မကြာသေးခင်က VinFast သည် ရှယ်ယာ ၁% ကို အမေရိကန်ရှိ စတော့အိပ်ချိန်းမှတဆင့် လူအများထံ ထုတ်ရောင်းသည်။ 
ကျန်သည့် ရှယ်ယာ ၉၉% ကို VinFast ထူထောင်သူနှင့် ဥက္ကဋ္ဌ  အသက် ၅၅ နှစ်ရှိ ဖမ်နပ်ဗောင် Pham Nhat Vuong က ပိုင်ဆိုင်ထားသည်။

တာထွက် ကောင်းခဲ့သည်။ နေ့ချင်းညချင်း ရှယ်ယာဈေးနှုန်းများ ထိုးတက်သည်။ ၈၃၀% အထိ တက်သည်။ ရှယ်ယာတစ်စု $10 သည် $93 အထိ ဈေးတက်သွားခဲ့သည်။
VinFast ရှယ်ယာများ စုစုပေါင်းတန်ဖိုးဖြစ်သည့် ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၂၀၀ ဘီလီယံနီးပါးသည့် ရောက်ရှိသွားသည်။ ကမ္ဘာ့တတိယ ဈေးကွက်တန်ဖိုး အကြီးမားဆုံး ကားလုပ်ငန်း အဖြစ်သို့ ရောက်ရှိသွားသည်။

VinFast ရှယ်ယာ ၁% သည် ဈေးကွက်ထဲ အတက်ကြမ်းခဲ့ရာမှ အကျကြမ်းသည်။ ၇၀% ဈေးကျသည်။ VinFast ၏ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၆၂ ဘီလီယံသို့ ပြန်ကျသွားသည်။
ဗောင်၏ အသားတင်တန်ဖိုးသည် ကန်ဒေါ်လာ ၆၀ ဘီလီယံကျော်သို့ ပြန်ကျသွားသည်။
ဗောင်သည် VinFast ရှယ်ယာ မရောင်းချခင်ကတည်းက ဗီယက်နမ်တွင် အချမ်းသာဆုံး ဘီလျံနာ ဖြစ်ပါသည်။ အသားတင်တန်ဖိုး ကန်ဒေါ်လာ ၄ ဘီလီယံမှ ၇ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းသည်။

ဗောင်သည် တချိန်က စားသောက်ကုန်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ယူကရိန်းတွင် ခေါက်ဆွဲ ရောင်းချခဲ့သည်။

 ဗောင်သည် ရုရှားနိုင်ငံသို့ ပညာသင်ရန် သွားရောက်ခဲ့ပြီး Moscow Geological Prospecting Institute မှ ၁၉၉၃ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။
ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ပေါ်ပေါက်နေသည့် စီးပွားရေးအခွင့်အလမ်းများကို အသုံးချရန်အတွက် ဆိုဗီယက်ယူနီယံမှ ခွဲထွက်ထားသည့် ယူကရိန်းသို့ ဗောင် သွားရောက်နေထိုင်သည်။
ဗောင်သည် ဟာကိဗ် Kharkiv တွင် ‌အခြေချသည်။ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုတို့ထံမှ စုစုပေါင်း ကန်ဒေါ်လာ ၁ သောင်း ငွေချေးယူပြီး ဗီယက်နမ်စားသောက်ဆိုင် ဖွင့်လှစ်သည်။ စားသောက်ဆိုင်မှာ ရောင်းအား မကောင်း၊ ရုန်းကန်နေရစဉ် အသင့်ပြုတ်စား ခေါက်ဆွဲခြောက် ထုတ်လုပ်ရောင်းချသည်။ ထိုစဉ်က အသင့်ပြုတ်စား ခေါက်ဆွဲခြောက်သည် ယူကရိန်းတွင် အသစ်အဆန်း ဖြစ်နေသဖြင့် အစပိုင်းတွင် လူကြိုက်များခဲ့ပြီး တာထွက် ကောင်းခဲ့သည်။
ဗောင်က စားသောက်ဆိုင်လုပ်ငန်းကို စွန့်လွှတ်လိုက်သည်။ ခေါက်ဆွဲကို စူးစိုက်လုပ်ကိုင်သည်။
Technocom အမည်ဖြင့် လုပ်ငန်းထူထောင်သည်။ အခြောက်ခံထားသည့် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချသည်။
အသင့်စားခေါက်ဆွဲခြောက်ကို အမည်အမှတ်တံဆိပ် Mivina ဖြင့် ယူကရိန်းတွင် ရောင်းချသည်။
၂၀၁၀ ခုနှစ်တွင် ဗောင်က တစ်နှစ်လျှင် ဝင်ငွေ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ရရှိနေသော Technocom ကို Nestle ထံ ကန်ဒေါ်လာ သန်း ၁၅၀ ဖြင့် အပြီးအပြတ် ရောင်းချလိုက်သည်။
 
ဗောင်က မိခင်နိုင်ငံ ဗီယက်နမ်တွင် စီးပွားရှာဖို့ အခွင့်အလမ်းကို တွေ့သဖြင့် ယူကရိန်းကို ကျောခိုင်းပြီး ဗီယက်နမ်သို့ ပြန်ရန် Technocom ကို ရောင်းချလိုက်ခြင်း ဖြစ်သည်။
ထိုစဉ်က ဗီယက်နမ်သည် ပြည်သူပိုင် လုပ်ငန်းများဖြင့် လုပ်ကိုင်နေခဲ့ရာမှ ဈေးကွက်အခြေပြု စီးပွားရေးသို့ အသွင်ကူးပြောင်းနေချိန် ဖြစ်သည်။

 ယူကရိန်းမှ ရလာသော ငွေများကို ဗီယက်နမ်မှ တိုက်တာဖွံ့ဖြိုးရေးကဏ္ဍထဲမှာ ရင်းနှီးမြှုပ်နှံသည်။ အိမ်ရာတိုက်တာဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ကိုင်သည်။

ဗောင်၏ ပထမဆုံး တိုက်တာဖွံ့ဖြိုးရေး စီမံကိန်းသည် ဗီယက်နမ် ပင်လယ်ကမ်းခြေမှ မဖွံ့ဖြိုးသေးသည့် ကျွန်းငယ်တစ်ခုပေါ်မှ စီမံကိန်း ဖြစ်သည်။
အထက်တန်းစား အပန်းဖြေစခန်း Vinpearl Resort ကို တည်ဆောက်သည်။ စစချင်းတွင် ၂၂၅ ခန်း ပါဝင်သည်။ နောက်ပိုင်းတွင် အခန်း ၃၆၀ ထပ်တိုးသည်။ ဗီယက်နမ်ကုန်းမြေနှင့် ကျွန်းတို့အကြား ၂ မိုင် ရှည်လျားသည့် ကေဘယ်ကား ထားရှိသည်။

အထက်တန်းစား အပန်းဖြေစခန်းများအကြား Vinpearl Resort သည် လူကြိုက်အများဆုံး ဖြစ်လာသည်။ 

 ဗောင်က ရုံးခန်းတာဝါများ၊ ကုန်တိုက်များကို ဟနွိုင်းမြို့တွင် ဆောက်လုပ်ပြီး ဖွင့်လှစ်လုပ်ကိုင်သည်။
ဗောင်က Vingroup ကို ထူထောင်လိုက်ပြီး လုပ်ငန်းနယ်ပယ် အမျိုးမျိုးတွင် လုပ်ငန်းများ ထူထောင်လုပ်ကိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ဖျော်ဖြေရေးနှင့် နည်းပညာလုပ်ငန်း နယ်ပယ်များ ပါဝင်သည်။

Forbes ၏ ဖော်ပြချက်အရ ၂၀၁၃ ခုနှစ်တွင် ဗောင် သည် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ဘီလီယံနာ ဖြစ်လာသည်။
Vingroup သည် ၂၀၂၂ ခုနှစ်တွင် ၀င်ငွေ ကန်ဒေါ်လာ ၅.၄ ဘီလီယံနှင့် အမြတ် ကန်ဒေါ်လာ ၈၃ သန်း ရရှိသည်။
Source businessinsider 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 929 times