မလေးရှား Petronas အမြတ်မြင့်တက်၊ အစိုးရကို အမြတ်ဝေစု ၂ ဆ ပေးမည်


02 September, 2022

မလေးရှား Petronas အမြတ်မြင့်တက်၊ အစိုးရကို အမြတ်ဝေစု ၂ ဆ ပေးမည်


မလေးရှားနိုင်ငံမှ နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petronas က အင်္ဂါနေ့ (ဩဂုတ်လ ၃၀) တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ မြင့်မားလာမှုကြောင့် ဒုတိယသုံးလပတ် အမြတ်ငွေ မြင့်တက်လာကြောင်း အစီရင်ခံတင်ပြခဲ့ပြီး ယခုနှစ်တွင် အစိုးရအတွက် အမြတ်ဝေစု နှစ်ဆတိုး ပေးအပ်မည်ဟု ဆိုသည်။

ကမ္ဘာ့စတုတ္ထအကြီးဆုံး LNG တင်ပို့သည့် လုပ်ငန်း Petronasသည်  ဧပြီလမှ ဇွန်လအထိ အမြတ်ငွေ စုစုပေါင်း ရင်းဂစ် ၂၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၁၃ ဘီလီယံ) ရှိပြီး ယမန်နှစ် အလားတူသုံးလပတ်တွင် အမြတ် ရင်းဂစ် ၉.၆ ဘီလီယံ ရရှိခဲ့ပါသည်။
ဝင်ငွေသည်  ၆၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီးရင်းဂစ် ၉၃ ဒသမ ၃ ဘီလီယံ ရရှိခဲ့ပါသည်။

Petronas သည် ၎င်း၏ တစ်ဦးတည်းရှယ်ယာရှင် မလေးရှားအစိုးရအား ယခုနှစ်တွင် အမြတ်ဝေစုအဖြစ် စုစုပေါင်း ရင်းဂစ် ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၁၆ ဘီလီယံ) ပေးချေမည်ဖြစ်သည်ဟု လုပ်ငန်းစု၏ ဥက္ကဋ္ဌ နှင့် စီအီးအို Tengku Muhammad Taufik က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကုမ္ပဏီသည် အစောပိုင်းတွင် ယမန်နှစ်က ပေးခဲ့သည့် ပမာဏအတိုင်း ရင်းဂစ် ၂၅ ဘီလီယံ ပေးချေရန် ရည်မှန်းထားသော်လည်း  အစိုးရက ပိုမိုများပြားသော ပမာဏကို တောင်းဆိုခဲ့သဖြင့် ၂ ဆ တိုးပြီး ရင်းဂစ် ၅၀ ဘီလီယံ ပေးအပ်ရန် ဆုံးဖြတ်ကြောင်း ၎င်းက ဆိုသည်။

 လောင်စာဆီနှင့် ဟင်းချက်ဆီများကို အများပြည်သူတို့ ဝယ်ယူသုံးစွဲကြရာတွင်  ဈေးနှုန်း သက်သာနေစေရန်အတွက် အစိုးရက စံချိန်တင် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ အထိ သုံးစွဲသွားရန် ရည်မှန်းထားကြောင်း မလေးရှားအစိုးရက ပြောကြားထားသည်။

Petronas သည် မလေးရှားအစိုးရအတွက် အခရာကျသည့် ၀င်ငွေရင်းမြစ် ဖြစ်ပါသည်။
Source: Reuters
#MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

Energy News Read 656 times