ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိပေး ကြေညာချက်ထုတ်ပြန်


19 April, 2022


ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိပေး ကြေညာချက်ထုတ်ပြန်ထားသည်ကိုဖော်ပြအပ်ပါသည်။


ပြည်သူသို့ အသိပေး ကြေညာချက်



 လူမှုကွန်ယက်မီဒီယာများတွင် ပြန့်နှံ့နေသော “သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်” ဆိုသည့် ကောလဟလသတင်းအမှားများ ထွက်ပေါ်နေသည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့သီလဝါသိုလှောင်ကန်စခန်းများအပါအဝင် ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေမှာ ဓါတ်ဆီ အနေဖြင့် ဂါလန် ၄၅ သန်းခန့်နှင့် ဒီဇယ်ဆီအနေဖြင့် ဂါလန်သန်း ၇၀ ခန့်ရှိပြီး လက်ရှိကာလတွင် ဆိပ်ကမ်းမှာ ရောက်ရှိနေသော်လည်း မဟာသင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးသည့် သင်္ဘော ၂ စီး ရှိပါကြောင်း၊ ဆက်လက် တင်သွင်းနိုင်ရေးအတွက်ကိုလည်း သက်ဆိုင်ရာကုမ္ပဏီများမှ စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုလုံးဝမဖြစ်ပေါ်နိုင်ကြောင်း မိဘပြည်သူများစိုးရိမ်မှုမရှိကြရန် အသိပေး အပ်ပါသည်။
  ထို့အပြင် လူမှုကွန်ယက်များတွင်ပြန့်နှံ့နေသကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် သီရိလင်္ကာ နိုင်ငံမှတစ်ဆင့် ကြားခံပြီး မိမိတို့နိုင်ငံအတွက် စက်သုံးဆီတင်သွင်းနေသည်ဆိုသည်မှာ သတင်းအမှားဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် စက်သုံးဆီများကို စင်ကာပူ၊ မလေးရှားနှင့် ကိုရီးယား စသည့် နိုင်ငံတို့မှ အဓိက တင်သွင်းနေခြင်းဖြစ်ပါသည်။
စက်သုံးဆီအရောင်းဆိုင်များယာယီပိတ်သိမ်းမှုများနှင့်ပတ်သက်၍ ဆိုင်ပြုပြင်မှုများဆောင်ရွက်နိုင်ရေး အတွက် ဌာနသို့ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုထားသည့်ဆိုင်များမှလွဲ၍ အခြားပိတ်သိမ်းထားသည့်ဆိုင်များ မရှိပါကြောင်း၊ မိဘပြည်သူများအနေနှင့် ကောလဟလသတင်းများကြောင့် စိုးရိမ်စိတ်လွန်ကဲပြီး အလုအယက် ဝယ်ယူမှုများကြောင့် အရောင်းဆိုင်များ၏ရောင်းချပေးနိုင်မှုနှင့် ဝန်ထမ်းအင်အားအခြေအနေတို့အရ ယခုကဲ့သို့ မနိုင်မနင်းဖြစ်ပေါ်လာရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာကော်မတီ၊ ဆက်စပ် ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း (MPTA)တို့နှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိနေပါသဖြင့် မကြာခင်အချိန်တွင် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိ လာမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များမှလည်း ၎င်းတို့အနေဖြင့် ပုံမှန်အတိုင်း ပြန်လည် ရောင်းချမည်ဖြစ်ကြောင်းကို ထုတ်ပြန်ကြေငြာလျက်ရှိပါကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် ဖြစ်သင့်သော ရည်ညွှန်ဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသကဲ့သို့ အရည်အသွေးအခြင်အတွယ် မှန်ကန်စွာဖြင့် လွတ်လပ်၍ မျှတသောဈေးကွက်ယှဉ်ပြိုင်မှုအတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ပြည်သူများ ဝယ်ယူသုံးစွဲနိုင်စေရန်နှင့် နိုင်ငံတော်၏စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေးအာမခံချက်ရှိစေရန်တို့ အတွက် စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

 

 

 


 

Energy News Read 1188 times