ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ မြေဧက ၉ဝဝ ပေါ်မှာ တည်ဆောက်နေဆဲဖြစ်တဲ့ ငါးမွေးမြူရေးဇုန်ကို နိုင်ငံတကာအဆင့်မီ တည်ဆောက်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အများပိုင်ကုမ္ပဏီထူထောင် စီမံကွပ်ကဲနေကြောင်း သိရပါတယ်။
အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ကုန်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး၊ ပန်းတနော်မြို့နယ်ရှိ မြေဧက ၉ဝဝ ပေါ်မှာ ငါးမွေးမြူရေးဇုန်တစ်ခု တည်ဆောက်နေခြင်းဖြစ်ပါတယ်။
ငါးမွေးမြူရေးဇုန်တွင် ငါးတန်ကို အဓိကမွေးမြူမှာဖြစ်ပြီး၊ ပြည်ပကို တင်ပို့သွားမယ်လို့ သိရပါတယ်။ ငါးမွေးကန်များကို ဧက ၄၀၀ တူးထားပြီး ကျန်မြေဧကများပေါ်တွင် ငါးသားဖောက်လုပ်ငန်းများ၊ အစာတောင့်စက်ရုံများ၊ အေးခဲစက်ရုံများနဲ့ ငါးတန်ကို အသားလွှာပြီး တန်ဖိုးမြှင့်ထုတ်လုပ်မယ့်စက်ရုံများ တည်ဆောက်နေခြင်းဖြစ်ပါတယ်။
ဇုန်အတွင်းလုပ်ကိုင်မယ့် ဝန်ထမ်းတွေအတွက်လည်း ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးသွားမှာဖြစ်ပြီး၊ နိုင်ငံတကာအဆင့်မီ ငါးမွေးမြူရေးဇုန်တစ်ခုဖြစ်အောင် အချိန်ယူဆောက်လုပ်နေတယ်လို့ သိရပါတယ်။
မွေးမြူရေးဇုန်ကို အုတ်မြစ်ချဆောင်ရွက်နေတဲ့ အချိန်အတွင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က မတည်ထူထောင်ထားတဲ့ Global Earth အများပိုင်ကုမ္ပဏီက ငွေကြေးစိုက်ထုတ် ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဒါ့ပြင် ငါးမွေးမြူရေးဇုန်စတင်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံများ ပြည့်စုံရင် ဇုန်အတွင်း ရင်းနှီးမြှုုပ်နှံလိုတဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို ရှယ်ယာထည့်ဝင်စေမယ်လို့ သိရပါတယ်။
ငါးမွေးမြူရေးဇုန်တွင် ငါးတန်ကို နိုင်ငံတကာမှာ မွေးမြူနေတဲ့အတိုင်း ပြောင်းလဲမွေးမြူသွားမှာဖြစ်ပြီး၊ ဧက ၁ဝဝ စမ်းသပ်မွေးမြူနေပါတယ်။ မွေးမြူရေးဇုန်ကို ၂၀၂၁ ခုနှစ်မှာ အပြီးသတ်ဆောက်လုပ်နိုင်မယ်လို့ ရည်မှန်းထားပြီး မွေးမြူထုတ်လုပ်မယ့် ငါးတန်များကို တရုတ်နိုင်ငံဆီ အဓိကတင်ပို့သွားဖို့ ရှိတယ်လို့ သိရပါတယ်။
City News