အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု ပိတ်ပင်ထားခြင်း မေလဆန်း ရမ်ဇာန်အီးဒ်အလွန် ရုပ်သိမ်းဖွယ်ရှိ


29 April, 2022

အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု မေလဆန်း ရမ်ဇာန်အီးဒ်အလွန် ရုပ်သိမ်းဖွယ်ရှိ

အင်ဒိုနီးရှားသည် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ၎င်း၏ ဟင်းချက်ဆီပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး စားအုန်းဆီနှင့် သန့်စင်ပြီးထွက်ကုန်များ တင်ပို့မှု ပိတ်ပင်ထားမှုကို မေလတွင် ရုတ်သိမ်းနိုင်မည်ဖြစ်ကြောင်း ဆီအုန်းလုပ်ငန်းကဏ္ဍအဖွဲ့တစ်ခုမှ ဧပြီလ ၂၈ ရက်  ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။  
အလွန်နီးကပ်ချိန်ကျမှ မူဝါဒ ဂငယ်ကွေ့ ကွေ့လိုက်ခြင်းကြောင့် စျေးကွက်များတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။


ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံ၏ အစိုးရက ဆီအုန်းမှ ထုတ်လုပ်သည့် ဟင်းချက်ဆီ ပြည်ပတင်ပို့မှုများ တားမြစ်ချက် စတင်သက်ရောက်မည့် ဗုဒ္ဓဟူးနေ့ သန်းခေါင်ယံအချိန် မတိုင်ခင် နာရီပိုင်းအလိုတွင် ပြည်တွင်း ဖူလုံရေး စိတ်ချရစေရန်နှင့် မြင့်တက်နေသော ဈေးနှုန်းများ ထိုးကျသွားစေရန်အတွက် စားအုန်းဆီကြမ်းနှင့် သန့်စင်ပြီး ထုတ်ကုန်အမျိုးမျိုး အလုံးစုံ ပိတ်ပင်မှုတွင် အကျုံးဝင်သည်ဟု ပြင်ဆင်သတ်မှတ်လိုက်သည်။


အင်ဒိုနီးရှား စားအုန်းဆီ ဘုတ်အဖွဲ့ Indonesian Palm Oil Board မှ အကြီးတန်းအရာရှိ Sahat Sinaga က ပြင်ဆင်ဆုံးဖြတ်ချက်ကြောင့် ဆီအုန်းလုပ်ငန်းကဏ္ဍ ရှော့ခ်ဖြစ်သွားသည်။ သို့သော် ဟင်းချက်ဆီ ဖြန့်ဖြူးရေး  ကိစ္စရပ်ကို မေလဆန်း ရမ်ဇာန်အီးဒ်အလွန်တွင် သိပ်မကြာဘဲ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
 
၂၀၂၂ တွင် စားအုန်းဆီအမျိုးမျိုး တန်ချိန် ၃၄ သန်း တင်ပို့မည့် ရည်မှန်းချက် ပြည့်မီလိမ့်မည်ဟု ၎င်းက ပြောကြားသည်။

ထိုအချိန်ဇယားခန့်မှန်းချက်နှင့် ပတ်သက်၍  ကုန်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Veri Anggrijono က "ဒါကို အမြန်ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အားလုံး မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ပတင်ပို့သည့် မူဝါဒကို လစဉ် သုံးသပ်မည်။ ထို့ပြင် လိုအပ်ပါက ကြိမ်ရေတိုးပြီး သုံးသပ်မည်ဟု ပြောကြားသည်။
စီးပွားရေးဝန်ကြီး Airlangga Hartarto က  အင်ဒိုနီးရှား တစ်နိုင်ငံလုံးတွင် ဟင်းချက်ဆီ လက်ကားဈေးနှုန်း ၁ လီတာ  ၁၄,၀၀၀ ရူပီယာ (အမေရိကန်ဒေါ်လာ ၀.၉၇) ဖြစ်သည့်အခါ တင်ပို့မှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းနိုင်သည်ဟု ပြောကြားသည်။

ဧပြီလ ၂၈ ရက် ကြာသပတေးနေ့ တွင် ဂျာကာတာမြို့တော်တွင် ဟင်းချက်ဆီ လက်ကားဈေးနှုန်းမှာ ၁၉,၀၀၀~၂၀,၀၀၀ ဖြစ်သည်။

ယခင်က ဈေးချဖို့ ကြိုးပမ်းမှုများ မအောင်မြင်ရသည်မှာ စက်ရုံများတွင် ပစ္စည်း မလုံလောက်၍ မဟုတ်ဘဲ ဖြန့်ဖြူးရေး ပြဿနာကြောင့်သာဖြစ်သည်ဟု Sinaga က ပြောကြားသည်။ အစိုးရက ကိုင်တွယ်ဖြေရှင်းပေးနိုင်မည်ဟု ၎င်းက ယုံကြည်သည်။

"အကြီးအကျယ် အောင်မြင်မှာပါ။ သိပ်ကြာမှာ မဟုတ်ပါဘူး။ ရမ်ဇာန်အီးဒ် ပြီးသွားတဲ့အခါ ဈေးကွက်ထဲ ပြည့်လျှံနေပါလိမ့်မယ်"

အင်္ဂါနေ့တွင် စီးပွားရေးဝန်ကြီးက ပိတ်ပင်မှုတွင် refined, bleached and deodorized (RBD) palm olein အမျိုးအစားသာ ပါဝင်မည်ဟု ပြောကြားသဖြင့် ဆီအုန်းလုပ်ငန်းကဏ္ဍ စိတ်သက်သာရာ ရခဲ့ကြပြီး နောက်တစ်နေ့တွင် အခြားထုတ်ကုန် အမျိုးအစားများ အားလုံး အကျုံးဝင်ကြောင်း အာဏာပိုင်တို့က ကြေညာသည်။


ထိုသတင်းကြောင့် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများအပေါ် ချက်ချင်းသက်ရောက်ခဲ့သည်။ မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းများ ၉.၈% မြင့်တက်သွားသည်။

 

 

၂၀၂၁ အဓိကဈေးကွက်များသို့ အင်ဒိုနီးရှား ဆီအုန်းထုတ်ကုန် တင်ပို့မှုများ

 

 

ကုန်သွယ်ရေးဝန်ကြီး  Muhammad Lutfi က ဟင်းချက်ဆီ နေ့စဉ်ပေးသွင်းသည်ကို လေ့လာစောင့်ကြည့်ပြီး သေသေချာချာ စဉ်းစားဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

အင်ဒိုနီးရှား စားအုန်းဆီအသင်း GAPKI က ဆီအုန်းလုပ်ငန်းကဏ္ဍသည် အစိုးရနှင့်အတူလက်တွဲ လုပ်ကိုင်နေကြောင်း၊ ပြည်တွင်းဈေးကွက်ထဲသုိ့ လူအများတတ်နိုင်သည့် ဟင်းချက်ဆီ ပေးသွင်းနေသည်မှာ သေချာအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ သို့သော် စားအုန်းဆီတင်ပို့မှုများကို ရှည်ကြာစွာ ပိတ်ပင်ထားခြင်းကို အာဏာပိုင်တို့ ရှောင်လွှဲဖို့ တိုက်တွန်းကြောင်း ပြောကြားသည်။

"စားအုန်းဆီ တင်ပို့မှု အမျိုးမျိုး အလုံးစုံ ပိတ်ပင်ထားရင် စိုက်ခင်း၊ ဆီသန့်စက်ရုံ၊ ထုပ်ပိုး ကုမ္ပဏီများသာ ထိခိုက်မှာ မဟုတ်ဘဲ ဆက်နွှယ်နေတဲ့ အရေအတွက်သန်းချီတဲ့ လုပ်ငန်းငယ်တွေကိုပါ ထိခိုက်လိမ့်မယ်" ဟု GAPKI ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားက ပိတ်ပင်မှု ပြတ်သားကြောင်း ပြသရန် ကြာသပတေးနေ့တွင် ဆီတင်သင်္ဘော ၂ စီးကို အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးခဲ့သည်။ 
အဖမ်းခံရသည့်  MT World Progress သည် အိန္ဒိယသို့ ပို့ဆောင်မည့် palm olein  ၃၄,၈၅၄.၃ တန် တင်ဆောင်ထားသည်။
ကျန်တစ်စီးမှာ ယူအေအီးသို့ ပို့ဆောင်မည့် စားအုန်းဆီကြမ်း (CPO crude palm oil) ၁၃,၃၅၇.၄ တန် နှင့် မက်သနော ထည့်ထားသည့် စည် ၃၉ လုံး တင်ဆောင်ထားသည်။

ယခုအခါ အိန္ဒိယသို့ တင်ပို့ရမည့် စားဆီ အနည်းဆုံး တန်ချိန် ၂၉၀,၀၀၀ အင်ဒိုနီးရှား ဆိပ်ကမ်းများနှင့် ဆီစက်များတွင် သောင်တင်နေသည်။


($1 = 14,460.0000 rupiah)

Agriculture & Livestock Export, Import Read 2192 times