ပြည်တွင်းပေးချေမှုများ ကျပ်ငွေကိုသာ အသုံးပြုရန် ဗဟိုဘဏ် ညွှန်ကြားချက် ထုတ်ပြန်


25 May, 2022

ပြည်တွင်းပေးချေမှုများ ကျပ်ငွေကိုသာ အသုံးပြုရန် ဗဟိုဘဏ် ညွှန်ကြားချက် ထုတ်ပြန်


ပြည်တွင်းပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေကိုသာ အသုံးပြု ဆောင်ရွက်ရန်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က၂၀၂၂ ခုနှစ် ၊ မေလ ၂၅ ရက် ရက်စွဲဖြင့် စာအမှတ်မဗဘ-၁/ ၁၀၅ (FEMD)/ (၁၉၅ / ၂၀၂၂) ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



ရည်ညွှန်းချက်။
(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၈-၅-၂၀၁၅) ရက်စွဲပါစာအမှတ်၊ မဗဘ-၁/ ၁၁၁ (FEMD)/ (၉၀၄/၂၀၁၅)
(၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၆-၁၂-၂၀၁၆) ရက်စွဲပါစာအမှတ်၊ မဗဘ-၁/ ၁၁၁ (FEMD)/ (၁၈၄၄/၂၀၁၆)
(၃) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၇-၈-၂၀၁၈ရက်စွဲပါစာအမှတ်၊ မဗဘ-၁/ ၁၁၁ (FEMD)/ (၁/၂၀၁၈)
(၄) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၁၂/၂၀၂၂


၁။ နိုင်ငံတော်အတွင်း၌ ရောင်းချ/ ဝယ်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ/ပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေ ကျယ်ပြန့်စွာ အသုံးပြုမှုဖြစ်လာစေခြင်း၊ နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားလာစေခြင်းတို့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း (Exchange Rate) မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်ပါ၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အစည်းများ အနေဖြင့် မိမိ လက်အောက်ခံအဖွဲ့အစည်းများ၊ ဆက်စပ်ဆောင်ရွက်လျက်ရှိသော အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းများ၊ အဖွဲ့အစည်းများအတွင်း ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အတွက် ပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်း ကိစ္စရပ်များတွင် ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန်မိမိလက်အောက်ခံအဖွဲ့အစည်းများအား လိုအပ်သလို ထပ်ဆင့်ညွှန်ကြားပေး နိုင်ပါရန် ရည်ညွှန်းချက် (၁)၊ (၂) နှင့် (၃)ပါစာများဖြင့် အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ အရ နောက်ဆက်တွဲ ထုတ်ပြန်ခဲ့သော ကင်းလွတ်ခွင့်ပြုသည့် ကိစ္စရပ်များမှအပ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသောဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြား သုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်၍ အလုပ်လုပ်ရက် (၁) ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ရောင်းချရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်းတွင် သုံးစွဲ၊ ပေးချေမှုများကို မြန်မာကျပ်ငွေဖြင့်သာ မဖြစ်မနေ သုံးစွဲရမည် ဖြစ်ပါသည်။

၃။ သို့သော် လက်ရှိအခြေအနေတွင် ဟိုတယ်များ၊ စားသောက်ဆိုင်အချို့၊ ပြည်တွင်း၌ လာရောက်ဖွင့်လှစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျောင်းများ၊ နိုင်ငံခြားသားများသို့ ပြည်တွင်း တွင် နေရာထိုင်ခင်း ငှားရမ်းမှုများ၊ အမှတ်တရပစ္စည်းဆိုင်များ စသည်တို့တွင် ကျပ်ငွေအစား နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဖြင့် ပေးချေဆောင်ရွက်နေသကဲ့သို့ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးအောက်ရှိ လုပ်ငန်းများ၊ အဖွဲ့အစည်းများကလည်း မိမိတို့ရရန်ရှိသည့် လုပ်ငန်း ဆောင်ရွက်မှုဝင်ငွေများ (ဥပမာ-မြေငှားရမ်းခြင်း၊ အာမခံလုပ်ငန်းများအတွက် မတည်ရင်းနှီးငွေ ထည့်ဝင်ခြင်း၊ ဖက်စပ်လုပ်ငန်းများမှ ရရှိငွေများ အစရှိသည်) အား နိုင်ငံခြားငွေဖြင့် လက်ခံ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

၄။ သို့ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းချက်ပါစာများဖြင့် ထုတ်ပြန်ခဲ့သော ပြည်တွင်း၌ ကျပ်ငွေဖြင့်သာ ပေးချေဆောင်ရွက်ရန်ကိစ္စနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၃-၄-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ်၊ ၁၂/၂၀၂၂ တို့အရ ပြည်တွင်း သုံးစွဲ၊ ပေးချေမှုများကို မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများအနေဖြင့် မိမိလက်အောက်ခံအဖွဲ့အစည်းများအား လိုအပ်သလို ထပ်ဆင့် ညွှန်ကြားပေးနိုင် ပါရန်နှင့် ထိုသို့ ညွှန်ကြားပြီးကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပြန်ကြားပေးပါရန် ညှိနှိုင်း မေတ္တာရပ်ခံအပ်ပါသည်။

 

 

 

 

er

Banking & Loan Laws and Regulations Read 10617 times