Omicron အရေးကြောင့် ADB က အာရှ ကြီးထွားနှုန်း လျှော့ချခန့်မှန်း


14 December, 2021

Omicron အရေးကြောင့် ADB က အာရှ ကြီးထွားနှုန်း လျှော့ချခန့်မှန်း

ယခုနှစ်နှင့် နောက်နှစ်အတွက် ဖွံ့ဖြိုးဆဲအာရှ ကြီးထွားနှုန်း ကြိုတင်ခန့်မှန်းချက်များကို အာရှ ဖွံ့ဖြိုးရေးဘဏ်  Asian Development Bank (ADB) က လျှော့ချခန့်မှန်းပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ အသစ် Omicron ကြောင့် အချိန်မရွေး အခြေအနေ ပြောင်းလဲသွားနိုင်တဲ့ မရေရာခြင်းများ ရှိနေတဲ့အတွက်ကြောင့် ယခုလို လျှော့ချခန့်မှန်းတာ ဖြစ်ပါတယ်။

ဖွံဖြိုးဆဲအာရှ ၂၀၂၁ ဂျီဒီပီ gross domestic product (GDP) ကို ယခင် စက်တင်ဘာလက ၇.၁% အစား  ယခု ၇% လို့ ရှုမြင်ပြီး ၂၀၂၂ ကိုတော့ ၅.၄% အစား ၅.၃% လို့  ပြောင်းလဲလိုက်ပါတယ်။

 


 

တရုတ်နိုင်ငံ

တရုတ်ပြည် နာလန်ထတာ အားနည်းနေတဲ့အတွက် ဖွံ့ဖြိုးအာရှ စီးပွားရေးအများစုမှာ ကြီးထွားနှုန်းနှေးမယ်လို့ ကြိုတင်ခန့်မှန်းပါတယ်။
တရုတ်နိုင်ငံမှာ ကုန်ဈေးနှုန်း တက်တယ်။ လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းနှင်အတူ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ နှေးနေတဲ့အပြင် အိမ်ရာအဆောက်အအုံကဏ္ဍမှာ ကြီးမားတဲ့ကြွေးပြဿနာမျဖြစ်ပေါ်နေပါတယ်။ COVID-19 ကူးစက်ပျံ့ပွားမှုများလည်း ဆက်လက်ဖြစ်ပေါ်နေလို့ ပြန်နာလန်ထတဲ့ အရှိန်အဟုန် ဆုံးရှုံးနေပါတယ်။

ယခင် စက်တင်ဘာလမှာ စီးပွားရေး ၈.၁% ကြီးထွားမယ်လို့ ခန့်မှန်းခဲ့ပြီး ယခု ၈% လို့ လျှော့ချခန့်မှန်းပါတယ်။ ၂၀၂၂ မှာ ၅.၅% လို့ ခန့်မှန်းခဲ့တာကို ၅.၃% လို့ ပြင်ဆင်ခန့်မှန်းပါတယ်။

အာရှ၏ အကြီးမားဆုံးစီးပွားရေးတစ်ရပ် ဖြစ်သော တရုတ်ပြည်တွင် အိမ်ရာအဆောက်အဦကဏ္ဍသည် ဆက်လက်ဆိုးဝါးနေဦးမှာဖြစ်ပြီး ထိုကဏ္ဍသည် အကြမ်းအားဖြင့် တရုတ်ပြည် ဂျီဒီပီ၏ ၃၀% ရှိပါတယ်။
မူဝါဒရေးဆွဲသူတို့က ဂျီဒီပီကြီးထွားရေးထက် ဝင်ငွေဖြန့်ဝေမှု မျှတရေး၊ ဘဏ္ဍာရေးငွေကြေးကဏ္ဍ တည်ငြိမ်ရေး၊ ကာဘွန်ထွက်လွှတ်မှု လျော့ပါးရေးတို့ကို ဦးတည်ချက် ထားရှိပါတယ်။
ကိုဗစ်ကို ရင်ဆိုင်ရာတွင် နိုင်ငံအများအပြားတို့က ကိုဗစ်နှင့်အတူယှဉ်တွဲ နေထိုင်ရေး လမ်းကြောင်းပေါ် ရောက်သွားကြတယ်။ တရုတ်ပြည်က ကိုဗစ်လူနာ မရှိစေရ zero-COVID မူဝါဒကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ 
zero-COVID မူဝါဒအရ ကူးစက်မှု ဖြစ်ပွားတဲ့အခါ စက်ရုံများ ယာယီပိတ်ထားမည့်အရေး၊ ဆိပ်ကမ်းယာယီပိတ်ထားသည့်အရေး၊ နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးနားချင် နိုင်ငံများနှင့် နယ်ခြားကျော်ဖြတ်ကုန်သွယ်ရေးမှာ နယ်ခြားဂိတ်များ ပိတ်ထားသည့်အရေးများ ဖြစ်ပွားနိုင်ခြေ မြင့်မားနေစေပါတယ်။ 

အိန္ဒိယနိုင်ငံ

အိန္ဒိယကို ၂၀၂၁ ကြီးထွားနှုန်း ၁၀% အစား ၉.၇% လို့ လျှော့ချခန့်မှန်းပါတယ်။ ၂၀၂၂ ကိုတော့ ယခင်ခန့်မှန်းထားတဲ့အတိုင်း   မပြောင်းလဲဘဲ ၇.၅% လို့ ဆက်လက်သတ်မှတ်ပါတယ်။

ဝေါစထရိမှ အကြီးမားဆုံးဘဏ်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများက နှစ်ကုန်ခါနီးတွင် လာမည့် ၂၀၂၂ မှာ ကမ္ဘာ့ဈေးကွက် အတွက်၎င်းတို့၏ ကြိုတင်ခန့်မှန်းချက်များ ထုတ်ပြန်ကြတာမှာ လာမည့်နှစ်တွင် အာရှအတွက် မျှော်လင့်ထားသည်များလည်း ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံဟာ COVID-19 ဒုတိယလှိုင်းကြောင့် ထိနာခဲ့သည်မှ ဆက်လက်နာလန်ထနေတာမှာ ပို့ကုန် မြင့်တက်လာနေတယ်။ စိုက်ပျိုးရေးကဏ္ဍ နာလန်ထပြီ။ ဝန်ဆောင်မှုကဏ္ဍလည်း ပြန်ခေါင်းထောင်လာပြီ ဖြစ်တာ်လို့ Barclays က ဆိုပါတယ်။
Goldman Sachs က အိန္ဒိယရဲ့  တကယ့်ဂျီဒီပီ ကြီးထွားနှုန်း ၇.၈% လို့ ခန့်မှန်းပါတယ်။


ငွေဖောင်းပွခြင်း

ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ အထိနာကြပါတယ်။ စားသုံးသူများလည်း ထိခိုက်တယ်။ ကမ္ဘာ့ ဖြည့်သွင်းကွင်းဆက် ကမောက်ကမ ဖြစ်ကုန်တယ်။ ပစ္စည်းများ  လိုအပ်ချိန်မှာ လိုသလောက်မရသဖြင့် ဈေးတက်ကုန်တယ်။
အာရှနိုင်ငံများ ပြန်ဖွင့်လိုက်ကြပြီး ဆိပ်ကမ်းများမှာ သင်္ဘောများ များပြားနေသဖြင့် စောင့်ဆိုင်းကြန့်ကြာနေရသည်များ လျော့ကျသွားမယ်။ စက်ရုံများ ပုံမှန်လည်ပတ်မယ်။ ငွေကြေးဖောင်းပွခြင်း ဖြစ်ပေါ်လိမ့်မယ်။

 ADB က အာရှမှာ ငွေကြေးဖောင်းပွမှုက စီမံခန့်ခွဲပေးနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိနေမယ်လို့ ဆိုပါတယ်။ ကပ်ရောဂါဘေး ရှိနေတဲ့ကြားမှာ ငွေကြေးမူဝါဒက ကြီးထွားနှုန်းကို ထောက်ကူပေးလို့ ရနေမယ်လို့ ခန့်မှန်းထားပါတယ်။ 

 

 


Asian Development Outlook Supplement 2021 December
 

Industry Reviews Read 280 times