မြန်မာနိုင်ငံ၏ငွေကြေး ဖောင်းပွမှုသည် ငါးနှစ်အတွင်း အနိမ့်ဆုံးသို့ကျဆင်းလာပြီး ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းရောက်ရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။
ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုသည် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ရွေးကောက်ပွဲပြုလုပ်သည့် ၂၀၁၅-၁၆ တွင် ၁၀ ဒသမ ၇ ရာ ခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဆယ်ဂဏန်း ကျော်လွန်ခဲ့ခြင်းကြောင့် ဒီချုပ် အစိုးရသည် ငွေကြေးဖောင်းပွမှု လျှော့ချရန် ကြိုးစားခဲ့သည်။
ငွေကြေးမူဝါဒကို လွတ်လပ်စွာ အကောင်အထည်ဖော်ခွင့်ပြုထားသော မြန်မာနိုင်ငံဗဟိုဘဏ်သည် ဒီချုပ်အစိုးရလက်ထက်တွင် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းအောင် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာနှင့် အင်တာဗျူးတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောခဲ့ပါသည်။
ငွေကြေးဖောင်းပွမှု ဖြစ်စေနိုင်သည့် ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က ဖြည့်ဆည်းနေရခြင်းအစား အစိုးရငွေတိုက်လက်မှတ်၊ ငွေတိုက်စာချုပ်များ ဈေးပြိုင်ရောင်းချနေရခြင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောခဲ့ပါသည်။
ငွေကြေးဖောင်းပွမှုကျတယ်ဆိုတာ ဒေါ်လာဈေးတစ်ခုကိုပဲ ကြည့်မယ်ဆိုရင်တော့ မှန်ကန်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌက ပြောခဲ့ပါသည်။
လက်ရှိအစိုးရသက်တမ်း ၂ နှစ် အတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းသည် တည်ငြိမ်သည်ဟု ပြောနိုင်ကြောင်း ဒေါက်တာစိုးထွန်းက ပြောခဲ့ပါသည်။
ထို့အပြင် စီးပွားရေးလုပ်ငန်းများတွင် လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏနည်းနေခြင်းက ငွေကြေးဖောင်းပွမှုကို ကျဆင်းစေသည်ဟု စီးပွားရေးပညာရှင်များက ပြောခဲ့ပါသည်။
လက်ရှိ မြန်မာနိုင်ငံရှိဘဏ်များတွင် အပ်ငွေပမာဏ ကျပ် ၃၃၃,၀၀၀ ဘီလီယံရှိနေခြင်းကလည်း ပြည်တွင်း လည်ပတ်နေသည့် စီးပွားရေးအတွက် ငွေလှည့်လည်သုံးစွဲမှုကို နှေးကွေးစေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောခဲ့ပါသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏စီးပွားရေးကိုတိုင်းသည့် ဂျီဒီပီ ကျပ် ၉၁ ထီရီလီယံရှိနေခြင်းကြောင့် ဘဏ်အပ်ငွေ ပမာဏ ၄၄ ရာခိုင်နှုန်းရှိသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့(IMF)၏ Article IV Con-sultation ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ထို့ပြင် လက်ရှိအစိုးရသည် စီမံကိန်းများချထားပေးမှုနည်းခြင်းက စီးပွားရေးကဏ္ဍတွင် ငွေကြေးလည်ပတ်မှုနှေးစေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောခဲ့ပါသည်။
ဒီချုပ်အစိုးရလက်ထပ်ပထမနှစ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ဒုတိယနှစ် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။
ငွေကြေးဖောင်းပွမှုလျော့လျှင် ကုန်ဈေးနှုန်းကျဆင်းလာမည်ဟု စီးပွားရေးပညာရှင် တစ်ဦးက ပြောခဲ့ပါသည်။ အခြေခံ စား သောက်ကုန်ဈေးနှုန်းများအပါအ ဝင် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းက ငွေကြေးဖောင်းပွမှုအခြေအနေကို သိနိုင်သည်ဟု ဆိုသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကုန် ဆုံးသည့် မတ်လနောက်ဆုံးအ ပတ်တွင် အဓိကစားသုံးနေသည့် ပေါ်ဆန်းမွှေးဆန်တစ်ပြည် ဈေးနှုန်း အမြင့်ဆုံး ကျပ် ၁,၇၀၀ ခန့် ရှိသော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပေါ်ဆန်းမွှေးတစ်ပြည်ဈေးနှုန်း အမြင့်ဆုံး ကျပ် ၃,၀၀၀ ဈေးရှိသည်။
ငါးနှစ်အတွင်း ပေါ်ဆန်းမွှေးဆန်ဈေးနှုန်း ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည့်အပြင် အခြေခံလူတန်းစားများ အားထားစားသုံးနေရသည့် စားအုန်းဆီ တစ်ပိဿာ လက်ကားဈေးနှုန်းသည် ငါးနှစ် အတွင်း ၆၀ ရာခိုင်နှုန်းကျော်မြင့် တက်ခဲ့ပြီး စားအုန်းဆီတစ်ပိဿာ ကျပ် ၁,၅၀၀ မှ ကျပ် ၂,၅၀၀ ကျပ်သို့ မြင့်တက်ခဲ့သည်။
အခြေခံ စားသောက်ကုန်ဈေးနှုန်းနှင့် နေထိုင်မှုကုန်ကျစရိတ်ဖြစ်သော တိုက်ခန်းငှားရမ်းခနှုန်းထားများ ဆက်လက် မြင့်တက်နေသည့်အပြင် စီးပွားရေးလုပ်ငန်းများတွင် လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏ နည်းနေခြင်းက ငွေကြေးဖောင်းပွ မှုကို ကျဆင်းစေသည်ဟု စီးပွားရေးပညာရှင်များက ပြောသည်။
Source: 7day daily