IEA ကပဉ္စမအကြိမ်မြောက်အနေဖြင့် အရန်ရေနံစိမ်း စည် သန်း ၁၂၀ ထုတ်သုံး


10 April, 2022

IEA ကပဉ္စမအကြိမ်မြောက်အနေဖြင့် အရန်ရေနံစိမ်း စည် သန်း ၁၂၀ ထုတ်သုံး

 

နိုင်ငံတကာ စွမ်းအင် အေဂျင်စီ International Energy Agency (IEA) က ရေနံစိမ်း ဈေးနှုန်းမြင့်တက်နေတာကို ထိန်းဖို့ အဖွဲ့ဝင်နိုင်ငံများမှာ သိုလှောင်ထားတဲ့ အရန်ရေနံစိမ်းများ ထပ်မံတိုးမြှင့် ထုတ်သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ယူကရိန်းကို ရုရှားက ကျုးကျော်တဲ့စစ်ကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးကွက် ဂယက်ထနေတာကို တည်ငြိမ်စေဖို့ ဖြစ်ပါတယ်။ 


IEA ရဲ့ ဝန်ကြီးအဆင့် အထူးအစည်းအဝေးမှာ ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်စေရေးအတွက် အရန်ရေနံစိမ်း ထပ်မံတိုးမြှင့် ထုတ်သုံးပေးကြဖို့ လိုအပ်ကြောင်း သဘောတူညီခဲ့ကြပါတယ်။

ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက် နောက်ပိုင်း ဧပြီလမှာ ဒုတိယအကြိမ်မြောက်သဘောတူညီကြတာ ဖြစ်ပါတယ်။ ပထမအကြိမ် မတ်လတုန်းက အရန်ရေနံစိမ်း စုစု‌ေပါင်း စည် ၆၂.၇ သန်း ထုတ်သုံးကြဖို့ သဘောတူခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် IEA မှာ အဖွဲ့ဝင် ၃၁ နိုင်ငံပါဝင်ပါတယ်။ အမေရိကန်နိုင်ငံမှ ကမကထပြုပြီး IEA အဖွဲ့ဝင်များက အရန်ရေနံစိမ်းများ စုစုပေါင်း စည်သန်း ၁၂၀ ကို ထုတ်သုံးပေးကြမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အရန်ရေနံစိမ်း စည် ၁၅ သန်း ထပ်တိုးမြှင့်ပြီး ထုတ်သုံးဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ 

အမေရိကန်က စည် သန်း ၆၀ ဖြင့် အများဆုံး ထုတ်သုံးမှာ ဖြစ်ပြီး ဂျပန်က စည် သန်း ၁၅ သန်းဖြင့် ဒုတိယနေရာမှာ ဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် Fumio Kishida က ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံက ပြည်တွင်းသုံးစွဲမှု ၄ ရက်စာ ပမာဏနှင့် ညီမျှတဲ့ အရန်ရေနံစိမ်း စည် ၇.၅ သန်း ထုတ်သုံးပေးဖို့ ယခင်က ကတိပေးထားပြီး ယခု ထပ်တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ 

ဇန်နဝါရီလ အနှောင်းပိုင်းမှာ ဂျပန်နိုင်ငံ အရန်ရေနံစိမ်း သိုလှောင်မှု ပမာဏက ပြည်တွင်းသုံးစွဲမှု ၁၄၆ ရက်စာကို အစိုးရက သိုလှောင်ထားပြီး ၈၇ ရက်စာကို ပုဂ္ဂလိကကဏ္ဍမှာ သိုလှောင်ထားပါတယ်။ ထို့ပြင် ၃ ရက်စာကို ရေနံထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများမှာ ထားရှိပါတယ်။

အမေရိကန်နိုင်ငံက အရန်ရေနံစိမ်း စုစုပေါင်း သန်း ၁၈၀ ကို ၆ လတာကာလမှာ ထုတ်သုံးမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး IEA ပူးပေါင်းဆောင်ရွက်မှုအရ ထုတ်သုံးမယ့် စည် သန်း ၆၀ ပါဝင်ပါတယ်။

 IEA က ၁၉၉၁, ၂၀၀၅, ၂၀၁၁, ၂၀၂၂ မတ်လ ၁ ရက်တို့မှာ အရံရေနံစိမ်း ထုတ်သုံးခဲ့ဖူးပါတယ်။ ယခု ၂၀၂၂ ဧပြီလက ပဉ္စမအကြိမ်မြောက် ဖြစ်ပါတယ်။ 

Energy News Read 408 times