တရုတ်ပြည်လော့ဒေါင်းနှင့် အရန်ရေနံ ထုတ်သုံးခြင်းတို့ကြောင့် ရေနံစိမ်း ဒေါ်လာ ၁၀၀ အောက် ရောက်ရှိ


12 April, 2022

တရုတ်ပြည်လော့ဒေါင်းနှင့် အရန်ရေနံ ထုတ်သုံးခြင်းတို့ကြောင့် ရေနံစိမ်း ဒေါ်လာ ၁၀၀ အောက် ရောက်ရှိ


ရေနံစိမ်း ဈေးနှုန်း ၄% ဝန်ူကျင် ကျဆင်းခဲ့ပါတယ်။ Brent ရေနံစိမ်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀ အောက် ရောက်သွားပါတယ်။
တရုတ်ပြည်မှာ COVID-19 ကပ်ရောဂါကြောင့် လော့ဒေါင်းများ ချထားသဖြင့် ရေနံသုံးစွဲမှု ဆက်လက်လျော့ကျနေခြင်း၊ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ International Energy Agency (IEA) အဖွဲ့ဝင်နိုင်ငံများက အရန်ရေနံစိမ်းများ ထပ်မံတိုးမြှင့်ထုတ်သုံးရန် ဆုံးဖြတ်ခြင်းတို့ကြောင့် ဈေးကျဆင်းစေခဲ့ပါတယ်။


Brent ရေနံစိမ်း ကြိုရောင်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၄.၃၀ ၊ ရာခိုင်နှုန်းအားဖြင့် ၄.၂% ကျဆင်းခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၈.၄၈ ဈေးနှုန်းသို့ တနင်္လာနေ့ (ဧပြီ ၁၁ ရက်) အပိတ်ဈေး ကျဆင်းခဲ့ပါတယ်။
မတ်လ ၁၆ ရက်နောက်ပိုင်း အနိမ့်ဆုံး အပိတ်ဈေး ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရေနံစိမ်း သုံးစွဲမှု လျော့ကျ

ကမ္ဘာ့ရေနံတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကိုဗစ်ကူးစက်မှုများကြောင့် လော့ဒေါင်းချထားပါတယ်။ လော့ဒေါင်းချ ထားသဖြင့် စားစရာအပါအဝင် မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများ မရရှိတာကြောင့် ဆန္ဒပြမှုများ၊ ဆန့်ကျင်မှုများ ပေါ်ပေါက်နေလို့ ကူးစက်လူနာအသစ် ၂၅,၀၀၀ ကျော် တွေ့ရှိပေမဲ့လည်း လော့ဒေါင်း ဖြေလျော့မှု အချို့ ရှိလာပါတယ်။ 
"ရှန်ဟိုင်းမှာ လော့ဒေါင်း ကန့်သတ်တားမြစ်ချက်တွေ ဖယ်ရှားလိုက်လည်း တရုတ်နိုင်ငံရဲ့ ဇီးရိုးကိုဗစ် မူဝါဒများကြောင့် တစ်မြို့မဟုတ် တစ်မြို့မှာ လော့ဒေါင်းရှိနေပြီး ရေနံသုံးစွဲမှု လျော့ကျတာ ဆက်ရှိနေဦးမယ်" လို့ Eurasia Group အတိုင်ပင်လုပ်ငန်းက ပြောကြားပါတယ်။
ရှန်ဟိုင်းမှာ လော့ဒေါင်းချထားတာကြောင့် တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ရေနံစိမ်း သုံးစွဲမှု ပမာဏမှာ barrels per day (bpd) တစ်ရက်လျှင် စည် ၁.၃ သန်း လျော့ကျတယ်လို့ Eurasia Group က ခန့့်မှန်းပါတယ်။ 

IEA အရန်ရေနံ ထုတ်သုံးခြင်း

ရုရှားရေနံစိမ်း မရယူတော့တာကို ထေမိဖို့အတွက် IEA အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့မှာ သိုလှောင်ထားတဲ့ အရန်ရေနံစိမ်းကို ထုတ်သုံးပေးကြမှာ ဖြစ်ပါတယ်။ 
အမေရိကန်နိုင်ငံက လာမယ့် ၆ လအတွင်း စည်ပေါင်း သန်း ၂၄၀ ထုတ်သုံးမှာ ဖြစ်ပါတယ်။
မဟာဗျူဟာမြောက် ရေနံ အရန် Strategic Petroleum Reserve (SPR) မှ ထုတ်ပေးမှာ ဖြစ်ပြီး ပျမ်းမျှအားဖြင့် တရက်လျှင် စည် ၁.၃ သန်း ပမာဏ ထုတ်ပေးမှာဖြစ်လို့ ရုရှားရေနံစိမ်း မရတော့တဲ့ ပမာဏ တစ်ရက်လျှင် စည် ၁ သန်းကို ထေမိဖို့ လိုတာထက် ပိုနေမှာ ဖြစ်ပါတယ်။ ရေနံစိမ်း ဈေးကွက်ထဲမှာ အစပိုင်း ကသီလင်တ ဖြစ်တာ ရှိနိုင်ပေမဲ့ နောက်ပိုင်းမှာ ပိုလျှံနေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ 
ကမ္ဘာ့ရေနံတင်သွင်းမှု တတိယအများဆုံးနိုင်ငံ ဖြစ်တဲ့ အိန္ဒိယက ရုရှားရေနံစိမ်း ဝယ်တဲ့ပမာဏ တိုးမြှင့်လာတာ လတ်တလောမှာ တွေ့ကြရပါတယ်။ ရုရှားက လျှော့ဈေးဖြင့် ရောင်းချပေးလို့ အိန္ဒိယ ရေနံချက်လုပ်ငန်းများက ပိုမိုဝယ်ယူကြပါတယ်။ 
အန္ဒိယမှာ ကိုဗစ်နာလန်ထ ရေနံသုံးစွဲမှု မြင့်တက်နေပြီး ဓာတ်ဆီ လက်လီဈေးနှုန်းများ စံချိန်တင် မြင့်တက်နေတာကြောင့် ဈေးချိုတဲ့ ရုရှားရေနံစိမ်းကို အိန္ဒိယက ဝယ်ယူတာ ယခင်ထက် ပိုများနေပါတယ်။ 
တစ်နည်းပြောရရင် ရုရှားရေနံတွေ တစ်နည်းတစ်လမ်းအားဖြင့် ကမ္ဘာ့ရေနံစိမ်း ဈေးကွက်ထဲသို့ စီးဝင်နေဆဲ ဖြစ်ပါတယ်။ 

 

OPEC သတိပေး

ရေနံတင်ပို့နိုင်ငံများအဖွဲ့အစည်း Petroleum Exporting Countries (OPEC) က ရုရှားရေနံကို ပိတ်ပင်တာကြောင့် လျော့သွားမယ့် ပမာဏကို OPEC အနေဖြင့် တိုးမြှင့်ထုတ်လုပ်ပေးမှာ မဟုတ်ကြောင်း ပြောကြားပါတယ်။ အီးယူက ရုရှားရေနံစိမ်း မယူတာဟာ ရေနံစိမ်း ပေးသွင်းမှု အပိုင်းမှာ သမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးဂယက် ထစေလိမ့်မယ်၊ ပြန်အစားထိုးပေးဖို့ မဖြစ်နိုင်ကြောင်း သတိပေးပါတယ်။ 

Energy News Read 10336 times