OCBC မိုဘိုင်းအက်ပ် လုံခြုံရေး အလေးပေး စီမံ ဆောင်ရွက်


10 August, 2023

OCBC မိုဘိုင်းအက်ပ် လုံခြုံရေး အလေးပေး စီမံ ဆောင်ရွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


OCBC ၏ လုံခြုံရေးအင်္ဂါရပ်အသစ်သည် သုံးစွဲသူများကို ကာကွယ်ရန် ရည်ရွယ်ထားသော်လည်း  နားလည်မှု လွဲပြီး မကျေမနပ်ဖြစ်ပြီး ဝေဖန် ပြောဆိုမှုများ ပေါ်ပေါက်ခဲ့သည်။


 စမတ်ဖုန်းထဲတွင် တရားဝင် အက်ပ်စတိုးမှ မဟုတ်ဘဲ အခြားနေရာမှ ရယူထားသော အက်ပ် (ဥပမာ Facebook မှာ တွေ့သည့် လင့်မှတစ်ဆင့် ရယူထားသည့် အက်ပ်) ရှိနေပါက OCBC ၏ ဘဏ်အက်ပ် OCBC Digital ကို ဖွင့်သုံး၍ မရအောင် စီမံထားသည်။ 
 စမတ်ဖုန်းမှာ တရားမဝင်သည့် နေရာမှ ရယူထားသော အက်ပ် တစ်ခုမှ မရှိမှသာလျှင် OCBC ၏ ဘဏ်အက်ပ်ကို သုံးစွဲနိုင်မည် ဖြစ်သည်။

OCBC အက်ပ် သုံးစွဲသူ Jessica သည် Douyin (တရုတ်ပြည်တွင်းသုံး TikTok), Alipay,  Microsoft Authenticator အက်ပ်များကို uninstall လုပ်ရန် ညွှန်ကြားခံရသည်။
'non-official app' များ စမတ်ဖုန်းမှာ ရှိနေသည်ကို OCBC app က ရှာဖွေတွေ့ရှိသဖြင့် ၎င်းတရားမဝင်အက်ပ်များ ဖယ်ရှားရန် ညွှန်ကြားသည်။

OCBC အက်ပ်က ဖောက်သည်၏ စမတ်ဖုန်းကို မွှေနှောက်ရှာဖွေပြီး အက်ပ်အချို့ကို ဖယ်ရှားဖို့ အမိန့်ပေးနေသည်မှာ ပိုင်စိုးပိုင်နင်း ဖြစ်လွန်းသည်ဟု အချို့က မကျေမနပ် ဖြစ်ကြသည်။

OCBC အက်ပ် သုံးစွဲသူ Andrew က "ဒီအက်ပ်တွေက OCBC နဲ့ ဘာမှမဆိုင်ပါဘူး၊ အဲဒါတွေကို ငါသုံးနေတာ နှစ်အတော်ကြာပြီ။ OCBC က ငါ့ကိုယ်ပိုင်ဖုန်းမှာ ဘယ်အက်ပ်တွေ မသုံးရဘူးလို့ ဘာကိစ္စ ပြောရတာလဲ"  ဟု ပြောကြားသည်။


OCBC သည် Facebook တွင် လုံခြုံရေးအင်္ဂါရပ်အသစ်ကို ဩဂုတ်လ (၆)ရက်တွင် ကြေညာခဲ့သည်။ အက်ပ်ကို update လုပ်သည့်အခါ ၎င်းအင်္ဂါရပ်အသစ်ကို ထည့်ပေးလိုက်သည်။

"ကျွန်ုပ်တို့၏ဖောက်သည်များအား malware ရန်မှ ပိုမိုကာကွယ်ပေးနိုင်ရန် ကျွန်ုပ်တို့၏ OCBC Digital အက်ပ်တွင် လုံခြုံရေးအင်္ဂါရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
"ဤအဆင့်မြှင့်တင်မှုဖြင့် တရားဝင် မဟုတ်သော အက်ပ်စတိုးများမှ ဒေါင်းလုဒ်လုပ်ထားသည့် မည်သည့်အက်ပ်ကိုမဆို ကျွန်ုပ်တို့ သိရှိနိုင်သည်။
ဤအက်ပ်များကို တွေ့ရှိပြီးသည်နှင့် ၎င်းတို့ကို မဖယ်ရှားပါက ကျွန်ုပ်တို့၏ အင်တာနက်ဘဏ်လုပ်ငန်းနှင့်/သို့မဟုတ် OCBC ဒစ်ဂျစ်တယ်အက်ပ်သို့ လော့ဂ်အင်ဝင်နိုင်မည် မဟုတ်ပါ"

ဟု အသိပေးထားသည်။
 
တနင်္လာနေ့တွင် နောက်ထပ် ကြေညာချက် ထပ်မံထုတ်ပြန်သည်။
"ကျွန်ုပ်တို့သည် သုံးစွဲသူများ၏ ဖုန်းမှာ လုပ်ဆောင်ချက်များကို စောင့်ကြည့်ခြင်း မပြုသလို ဖုန်းများကို စောင့်ကြည့်ခြင်းလည်း မလုပ်ပါ။
ကျွန်ုပ်တို့၏ လုံခြုံရေး အင်္ဂါရပ်အသစ်သည် သုံးစွဲသူများထံမှ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းသိမ်းဆည်းခြင်း မပြုကြောင်း ကျွန်ုပ်တို့၏ဖောက်သည်များအား အာမခံလိုပါသည်။  

ဤနည်းပညာသည် OCBC Digital အက်ပ်ကို ဖွင့်လိုက်သည့်အခါ တရားဝင် အက်ပ်စတိုးများမှ ဒေါင်းလုဒ် လုပ်ထားခြင်း မဟုတ်သော အက်ပ်များကိုသာ ရှာဖွေတွေ့ရှိပါသည်။ ၎င်းသည် ဖုန်းပိုင်ရှင်ကို မဖော်ထုတ်ပါ။

၎င်းသည် ဖုန်းထဲမှ malware ဖြင့် မသမာမူများ ကျူးလွန်နိုင်သည့်  အက်ပ်များကို OCBC Digital အက်ပ် သုံးစွဲသူများအား သတိပေးရန်ဖြစ်သည်။
" အဆင်မပြေဖြစ်သွားခြင်းအတွက် တောင်းပန်ပါသည်။ဤအင်္ဂါရပ်သည် သုံးစွဲသူများအား malware scams များမှ ကာကွယ်ရန် ရည်ရွယ်သောကြောင့် ကျွန်ုပ်တို့သည် သင်၏ သည်းခံပေးခြင်းကို မျှော်လင့်ပါသည်။"

malware scams အတွက် ရဲဌာန၏ အကြံပြုချက်များကိုလည်း OCBC က မျှဝေပါသည်။

OCBC အဖွဲ့၏ ဘဏ္ဍာရေး ရာဇ၀တ်မှုဆိုင်ရာ မသမာမှူများ တိုက်ဖျက်ရေးအဖွဲ့အကြီးအကဲ Mr Beaver Chua က အင်္ဂါနေ့ (ဩဂုတ်လ ၈ ရက်) တွင် ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

တရားမဝင်သည့်နေရာမှ ယူသုံးသည့် အက်ပ်သည် မသမာသူတို့၏ အက်ပ်ဖြစ်နေပါက ဖုန်းကို အုပ်စီးလိုက်ပြီး မသမာသူတို့က အက်တာနက်မှတစ်ဆင့် အဝေးတနေရာမှ စေခိုင်းသည်တို့ကို ၎င်းအက်ပ်က လုပ်ကိုင်ပေးနေမည်။ ဘဏ်လုပ်ငန်း အက်ပ်ကို အပိုင်စီးထားလိုက်ပြီး အကောင့်ထဲမှ ငွေများကို ငွေလွှဲ ပို့ပေးမည်။ ‌ဘဏ်စာရင်းထဲမှ ငွေများ ငွေလွှဲခံရပြီး ဆုံးရှုံးရသည့် ဖြစ်ရပ်များ ဖြစ်ပွားနေကြောင်း ၎င်းက ရှင်းပြသည်။

"ဖော်ပြပါအက်ပ်များသည် တရားဝင် အက်ပ်စတိုး (ဥပမာ Google Play Store နှင့် Huawei AppGallery) မှ ရယူထားခြင်း မဟုတ်ပါ။ ၎င်းတို့သည် အန္တရာယ်ရှိသည့် အက်ပ်၊ ဒုက္ခပေးမည့် အက်ပ် ဖြစ်နေနိုင်သည်" ဟု စခရင်တွင် ဖော်ပြပြီး သတိပေးမည် ဖြစ်သည်။
၎င်းအက်ပ်များကို uninstall လုပ်ရန် တောင်းဆိုမည် ဖြစ်သည်။ 
uninstall လုပ်ပြီးမှသာ OCBC Digital ဘဏ်အက်ပ်ကို သုံးလို့ရမည် ဖြစ်သည်။

စင်ကာပူရှိ ဘဏ်များအသင်း Association of Banks in Singapore (ABS) မှ ပြောကြားရာတွင် malware နှင့် ပတ်သက်သော မသမာမှုများကို တရားဝင် မဟုတ်သောနေရာမှ ရယူထားသည့်  အက်ပ်များဖြင့် လုပ်ဆောင်လေ့ရှိသည်။ ထိုသို့သော မသမာမှုများကြောင့် ငွေကြေး ဆုံးရှုံးမှုများသည် စားသုံးသူသာ နစ်နာမည် ဖြစ်သည်။

OCBC သည် malware scam ဖြင့် ငွေစာရင်းမှ ငွေများ ရယူသွားသည်ကို တစ်ရက်လျှင် အနည်းဆုံး တစ်မှု ဆက်သွယ်အသိပေးသည်ကို လက်ခံရရှိနေသည်အထိ မသမာမှုများ များပြားနေကြောင်း ပြောကြားသည်။

ယခုလို ဆောင်ရွက်ပေးထားခြင်းကြောင့် malware scam များ လျော့နည်းသွားမည် မှန်သော်လည်း ရာနှုန်းပြည့် စိတ်ချ၍ မရပါ။ 
အချို့ မသမာသည့် အက်ပ်များသည် တရားဝင် Google Play Store မှာ ရောက်နေတတ်သည်။ Google Play Store က သိသွားသည့်အခါကျမှ ဖယ်ရှားပစ်လိုက်မည် ဖြစ်သည်။

အခြားဘဏ်များသည်လည်း ၎င်းတို့၏ အက်ပ်တွင် malware scam တားဆီးရေး အစီအမံများ ထည့်သွင်းကြလိမ့်မည်ဟု OCBC က ပြောကြားသည်။
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 346 times