WHO လေအရည်အသွေးစံ ပြည့်မီနိုင်ငံမရှိ


23 March, 2022

WHO လေအရည်အသွေးစံ ပြည့်မီနိုင်ငံမရှိ


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organisation (WHO) ရဲ့ လေအရည်အသွေးစံ ပြည့်မီအောင် စီမံနိုင်တဲ့ နိုင်ငံ တစ်နိုင်ငံမှ ၂၀၂၁ မှာ မရှိကြောင်း မတ်လ ၂၂ ရက် အင်္ဂါနေ့မှာ IQAir  က ထုတ်ပြန်တဲ့ မြို့စုစုပေါင်း ၆,၇၄၅ မြို့ကို ‌ေလထုညစ်ညမ်းမှု စစ်တမ်းကောက်ထားတဲ့ အချက်အလက်တွေအရ သိကြရပါတယ်။ ကိုဗစ်ကြောင့် အသွားအလာမရှိ၊ စက်ရုံတွေရပ်ထားရလို့ လေထုညစ်ညမ်းမှု လျော့ကျခဲ့တဲ့ ဒေသအချို့မှာ မီးခိုးမြူ smog ပြန်ရှိလာတာလည်း တွေ့ရပါတယ်။

WHO မှ အကြံပြုထားတာမှာ မနှစ်က ၎င်း၏ လမ်းညွှန်ချက်များမှာ သတ်မှတ်ချက်ကို ပြောင်းလဲပြီးနောက် ပတ်ဝန်းကျင်လေထုထဲမှာ PM2.5 လို့ခေါ်တဲ့ အသေးအမွှားအရွယ်အစား အန္တရာယ်ရှိသော အမှုန်အမွှားများ နှစ်စဉ် တစ်ကုဗမီတာလျှင်  ၅ မိုက်ခရိုဂရမ်ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ ၎င်းအမှုန်အမွှားများ စုရုံးမိနေတာ နည်းပါတယ်ဆိုရင်တောင် ကျန်းမာရေး သိသိသာသာထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ 


လေထုအရည်အသွေး စောင့်ကြည့် မှတ်တမ်းတင်ပေးနေတဲ့ ဆွစ်ဇာလန် လေထုညစ်ညမ်းမှု နည်းပညာ ကုမ္ပဏီ IQAir မှ ထုတ်ပြန်ပေးတဲ့ ဒေတာများအရ စစ်တမ်းမှာ ပါဝင်တဲ့ မြို့ကြီးများရဲ့ ၃.၄% မျှသာ ၂၀၂၁ မှာ စံမီခဲ့ပါတယ်။
မြို့ကြီး ၉၃ ခုမှာ PM2.5 ရေချိန်က စံထက် ၁၀ ဆ ပိုမြင့်မားနေပါတယ်။


IQAir မှ လေအရည်အသွေး ဝန်ဆောင်မှု မန်နေဂျာ Christi Schroeder က "လျှော့ချနိုင်ဖို့ အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နေတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်" လို့ ပြောကြားပါတယ်။
"တရုတ်မှာ အစက နံပါတ်တော်တော်ကြီးပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဆက်တိုက်လျော့ကျလာနေပါတယ်။ သိသိသာသာ ပိုဆိုးသွားတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်" လို့ သူက ပြောပါတယ်။

အိန္ဒိယကို ခြံငုံကြည့်ရင် လေထုညစ်ညမ်းမှုရေချိန်များ ၂၀၂၁ မှာ ပိုမိုဆိုးဝါးခဲ့ပါတယ်။ နယူးဒေလီမြို့တော်က ကမ္ဘာ့လေထုအညစ်ညမ်းဆုံး ဆက်ဖြစ်နေဆဲ ဖြစ်ကြောင်း ဒေတာများအရ သိရပါတယ်။ ယမန်နှစ်ကအတိုင်း မပြောင်းမလဲ ဆက်လက်ဆိုးဝါးနေပါတယ်။

နိုင်ငံအလိုက်ကြည့်ရင် ဘင်္ဂလားဒေ့ရှ်က ၂၀၂၁ မှာ အဆိုးဝါးဆုံး နံပါတ်(၁) အဆင့်မှာ ရောက်နေတာ တွေ့ရပါတယ်။ မြို့တော် ဒါကာက ‌ဒုတိယလေထုအညစ်ညမ်းဆုံးမြို့ ဖြစ်ပါတယ်။ 

အာဖရိကနိုင်ငံ ချဒ်ရဲ့ ဒေတာ ယခုနှစ်မှ စတင်ပါဝင်ခဲ့ပြီး ကမ္ဘာ့ဒုတိယလေထုအညစ်ညမ်းဆုံး အဆင့် ဖြစ်နေပါတယ်။

တတိယနေရာမှာ ပါကစ္စတန်နိုင်ငံ ရှိနေပါတယ်။ သယ်ယူပို့ဆောင်ရေးယာဉ်များမှ ထုတ်လွှတ်တဲ့ မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှု ဆိုးဝါးနေစေပါတယ်။ ပါကစ္စတန်ရဲ့ အကြီးမားဆုံးပြည်နယ် ပန်ဂျပ်မှာ ဖြစ်ပေါ်တဲ့ လေထုညစ်ညမ်းမှုမှာ ၄၂% က သယ်ယူပို့ဆောင်ရေးယာဉ်များထံမှ မီးခိုးကြောင့် ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံက လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးကို ၂၀၁၄ ခုနှစ်ကတည်းက ဆောင်ရွက်ပါတယ်။ ၂၀၂၀ မှာ လေထုညစ်ညမ်းမှု အများဆုံးအဆင့် ၁၄ ဖြစ်ခဲ့ပြီး ၂၀၂၁ မှာတော့ အဆင့် ၂၂ သို့ လျော့ကျခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် တစ်နှစ်တာ ပမာဏ ၃၂.၆ မိုက်ခရိုဂရမ် ရှိတယ်လို့ IQAir က ဆိုပါတယ်။

တရုတ်ပြည်မှာ အဆိုးဝါးဆုံးက အနောက်မြောက်ပိုင်းဒေသ Xinjiang မှာ တည်ရှိတဲ့ Hotan ဖြစ်ပါတယ်။ ပျမ်းမျှ ၁၀၀ မိုက်ခရိုဂရမ် ကျော်ပါတယ်။ လေထုညစ်ညမ်းစေတဲ့ အဓိကအကြောင်းရင်းက သဲမုန်တိုင်းတွေ ဖြစ်ပါတယ်။


မြန်မာနိုင်ငံ အဆင့်က အဆင့်နံပါတ်(၃၁) ဖြစ်ပါတယ်။
မြို့များရဲ့အဆင့်မှာတော့ ရန်ကုန်မြို့က အဆင့် (၂၈) ဖြစ်ပါတယ်။

 


အရှေ့တောင်အာရှ နိုင်ငံတွေမှာ လေထုညစ်ညမ်းမှု အဆိုးဝါးဆုံး မြို့စာရင်းမှာ ထိုင်းနိုင်ငံမှ မြို့နှစ်မြို့က ပထမနှင့် ဒုတိယနေရာတို့ကို ရယူထားပြီး တတိယနေရာကို ဗီယက်နမ်မှ မြို့က နေရာယူထားပါတယ်။

 

အရှေ့တောင်အာရှ နိုင်ငံတွေမှာ လေထုညစ်ညမ်းမှု အနည်းဆုံးမြို့စာရင်းမှာ ပထမနှင့် တတိယနေရာတို့ကို မလေးရှားမှ မြို့နှစ်မြို့က နေရာယူထားပြီး အင်ဒိုနီးရှားမှ မြို့က ဒုတိယနေရာကို ယူထားပါတယ်။ 

 

 

 

 

Global News Read 756 times