မီတာပုံးသစ် အခက်အခဲရှိ


04 October, 2018

တောင်ဒဂုံစက်မှုဇုန်း (၃) တွင် လက်ရှိအသုံးပြုနေသည့် စက်သုံးမီတာမာျးကို ပယ်ဖျက်၍ မီတာပုံးသစ်များလဲရန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ညွှန်ကြားချက်သည် မီတာဘောက် ကုန်ကျစရိတ်များသည့်အတွက် လုပ်ငန်းရှင်များအနေနှင့် အခက်အခဲရှိကြောင်း အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဆန်းလွင်က ပြောကြားသည်။

“ လက်ရှိသုံးနေတဲ့ မီတာတွေက အဲဒီတုန်းက ဌာနက မချပေးနိုင်လို့ဆိုပြီး ရွှေဈေးတစ်ကျပ်သားကို လေးသောင်းပဲပေါက်တဲ့အချိန်မှာ အာမခံကြေး ငါးသောင်းပေးပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် တပ်ခဲ့ရတာ၊ ဒီမီတာတွေကို ဖျက်ပြီး ပြောင်းတပ်ဆိုတော့ ကုန်မှာက အနည်းဆုံး ဆယ်သိန်းလောက်ကုန်မယ်" ဟု တွင်ခုံလုပ်ငန်းရှင်လည်းဖြစ်သူ ၎င်းက ဆိုသည်။

တောင်ဒဂုံစက်မှုဇုန် ၃ တွင် လုပ်ငန်းလုပ်ကိုင်နေသည့် မီတာအလုံးရေ ၁၉၀၀ ခန့်ရှိပြီး ပြောင်းလဲတပ်ဆင်ရန် ကုန်ကျစရိတ်ကြောင့် လုပ်ငန်းရှင်များအနေနှင့် အခက်အခဲရှိသဖြင့် ဌာနနှင့် ညှိနှိုင်းပေးရန် နိုင်ငံတော်သမ္မတထံ အသေးစားစက်မှုလုပ်ငန်းရှင်များ စုပေါင်း၍ လတ်မှတ်ရေးထိုးထားသည့် အသနားခံစာကို စက်တင်ဘာလ ၂၆ ရက်က ပေးပို့ထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မီတာပုံးများပြောင်းလဲတပ်ဆင်ခြင်းကို ဌာနအနေနှင့် ဝန်ဆောင်ခ အခမဲ့ တပ်ဆင်ပေးနေခြင်းဖြစ်ပြီး မီတာပုံးများကို သတ်မှတ်နှုန်းထားများအတွင်း ပေးသွင်းရခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၌ သုံးစွဲမှုယူနစ်အလိုက် အလွှာနှုန်းဖြင့် ကောက်ခံသည့်စနစ်ကို အသုံးပြုခြင်းဖြစ်ပြီး တောင်ဒဂုံစက်မှုဇုန်- ၃ တွင် အသုံးပြုနေသော စက်သုံးမီတာသည် တစ်ယူနစ်လျှင် ၉၀ ကျပ် ပုံသေဈေးနှုန်းဖြင့် ဇုန်ကော်မတီမှတစ်ဆင့် ပေးဆောင်နေခြင်းဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် လျှပ်စစ်ဌာနမှူး ဦးဇော်ဇော်လတ်က ပြောကြားသည်။

“ စက်သုံးမီတာတွေကို သုံးနေတာက တစ်နိုင်ငံလုံးမှာ တောင်ဒဂုံက စက်မှုဇုန် ၃ ပဲရှိတော့တယ်။ ကျန်တဲ့နေရာတွေ အကုန်မီတာပုံးအသစ်တွေ လဲပြီးပြီ။ ကုန်ကျစရိတ်ဆိုတာကလည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့နှုန်းအတိုင်း ဌာနကိုသွားပြီး ငွေသွင်းရတာ၊ ကျွန်တော်တို့က လက်ခံတာမဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

လက်ရှိသုံးစွဲမှု ယူနစ်အလိုက် အလွှာနှုန်းဖြင့် ကောက်ခံရာတါင် ပါဝါယူနစ်စနစ်တွင် တစ်ယူနစ်မှ ငါးရာယူနစ်အထိ၊ တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံခွင့်ပြုထားပြီး ငါးရာယူနစ်မှ တစ်သောင်းယူနစ်အထိ တစ်ယူနစ်လျှင် တစ်ရာကျပ်နှုန်း ပေးသွင်းရခြင်းဖြစ်သည်။

တောင်ဒဂုံစက်မှုဇုန် ၃ တွင် မီတာ ၁၉၀၀ ခန့်ရှိသည့်အနက် မီတာပြောင်းလဲတပ်ဆင်ရန် လုပ်ငန်းရှင် ၆၀၀ ကျော်က စာရင်းပေးထားပြီး လက်ရှိတွင် မီတာအလုံးရေ ၂၀၀ ကျော်ကို ပါဝါမီတာအဖြစ် ပြောင်းလဲတပ်ဆင်ပြီးဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးဌာနထံမှ သိရသည်။

ယင်းမီတာကိစ္စနှင့် ပတ်သတ်၍ အဆိုပါ စက်မှုဇုန်ရှိ ကောျက်ပထိုးငါးလမ်းတွင် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များက စုပေါင်း၍ အောက်တိုဘာလ ၂ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

the voice myanmar

Local News Read 644 times