တရုတ်ပြည်မမှ ရင်နှီးမြှုပ်နှံမှုများ  ဘန်ကောက် တရုတ်တန်း ၂ ခုမှ စားသောက်ဆိုင်များနှင့် ပန်းမာန်ဈေးကွ


31 March, 2023

တရုတ်ပြည်မမှ ရင်နှီးမြှုပ်နှံမှုများ  ဘန်ကောက် တရုတ်တန်း ၂ ခုမှ စားသောက်ဆိုင်များနှင့် ပန်းမာန်ဈေးကွက်သို့ စီးဝင်သည့်ပမာဏ များပြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်ပြည်မကြီးမှ ရင်းနှီးမြုပ်နှံသူများသည် ဘန်ကောက်မြို့သို့ ငွေများသွန်ထည့်နေကြသည်ဟု မြို့ခံလုပ်ငန်းငယ်များက ညည်းညူကြသည်။
.
စားသောက်ဆိုင်များမှ ပန်းမာန်ဈေးကွက်အထိ၊ တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ထားသော စီးပွားရေးလုပ်ငန်းသစ်များသည် ဘန်ကောက်မြို့ တရုတ်တန်းများတွင် မှိုလို ပေါက်လာကြသည်။
.
ကပ်ရောဂါအပြီး တရုတ်နိုင်ငံမှ ခရီးသွားများ ပြန်လည်ဝင်ရောက်လာမှုနှင့်အတူ ထိုင်းဈေးသည်များ ရရှိရန် မျှော်လင့်ထားကြသည့်  အမြတ်အစွန်းကို ၎င်းဆိုင်များက ဖဲ့ယူဝါးမြိုနေကြသည်ဟု မြို့ခံ စျေးသည်များက ပြောသည်။
.
တရုတ်နှစ်သစ်ကူး မတိုင်မီ ဇန်နဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံမှ ပြည်ပသို့ ခရီးသွားလာခွင့်များ ပြန်လည်ဖွင့်လှစ်လိုက်သောအခါ ထိုင်းလုပ်ငန်းရှင်များနှင့် ဆိုင်ရှင်များက COVID-19 ကြောင့် ပျက်စီးနေသော ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်လာမည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော်လည်း မကြာသေးမီက တရုတ်ပြည်မကြီးမှ ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံခရီးသွားဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင်လာကြသည်။
.
၎င်းတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ငွေများ လောင်းထည့်ကာ ထိုင်းနိုင်ငံမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအတွက် တင်းကျပ်သော ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများကို ရှောင်ကွင်းရန် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် ထိုင်းနိုင်ငံသားများအား စည်းရုံးပြီး အမည်ခံခိုင်းကာ ဆိုင်များ ဖွင့်လှစ် လုပ်ကိုင်ကြသည်။
.
ထိုင်းနိုင်ငံ၏ မြို့တော်ရှိ တရုတ်တန်း နှစ်နေရာဖြစ်သည့် Yaowarat နှင့် Huai Khwang ခရိုင်များတွင် တရုတ်ပြည်မမှ လုပ်ငန်းရှင်များက ငွေကြေးဓနအင်အား ကျောထောက်နောက်ခံပေးထားသော ဆိုင်များနှင့် စားသောက်ဆိုင်များ မှိုလို ပေါက်လာသည်ဟု မြို့ခံဆိုင်ရှင်များက ဆိုသည်။
 .
တရုတ်ပြည်မမှ တင်သွင်းသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များမှအစ စီချွမ်ငရုတ်သီးဖြင့် ခပ်စပ်စပ်ပြုလုပ်ထားသည့် ပူစပ်ပူလောင် Ma La ဆော့စ်အထိ အမျိုးစုံရောင်းချသည့် စူပါမားကတ်အသစ်များ၊ ဟော့ပေါ့ စားသောက်ဆိုင်အသစ်များ ပေါ်ပေါက်လာသည်။ ဆိုင်ခန်းငှားခ ဈေးလေးဆ တက်သဖြင့် မြို့ခံဆိုင်ရှင်များ ဆိုင်ခန်း မငှားနိုင်ကြတော့ချေ။
.
ဘန်ကောက်မြို့၏ အဓိက ရေလမ်းဖြစ်သည့် ကျောက်ဖရားမြစ်တလျှောက်တွင် တည်ရှိသော ထိုင်းနိုင်ငံ၏ အကြီးဆုံး ပန်းလက်ကားဈေးတွင်လည်း အလားတူ  ဖြစ်ပွားနေသည်။
.
“မြို့ခံစီးပွားရေးလုပ်ငန်းများက တစ်လလ ဘတ် ၂၀၀,၀၀၀  ($5,860)မှစတင်တဲ့ ငှားရမ်းခများကို ပေးဆောင်ရန် မတတ်နိုင်ကြဘူး။ အရင်တုန်းက တစ်လကို ဘတ် ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ လောက်ပဲ ပေးရတယ်” ဟု Yaowarat တွင်  နှစ်ပေါင်း ၇၀ ဖွင့်လှစ်ခဲ့သည့် လက်ဆောင်ပစ္စည်းဆိုင်ကို လုပ်ကိုင်သည့် မြို့ခံတစ်ဦးက ပြောကြားသည်။
.
 “ငွေအလုံးအရင်း ကျောထောက်နောက်ခံ  မရှိတာကြောင့် မြို့ခံတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲ‌နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ခရီးသွား လုပ်ငန်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေး အင်ဂျင် ဖြစ်သော်လည်း တရုတ် ပြည်မကြီးမှ ဧည့်သည်များ သုံးစွဲသော ဒေါ်လာများ အပေါ် များစွာ မှီခိုနေရသည်။ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားများအတွက် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။
.
ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားဦးရေ သန်း ၄၀ နီးပါး၏ လေးပုံတစ်ပုံကျော်သည် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။
၎င်းနှစ် တစ်နှစ်တည်းမှာပင် တရုတ်ခရီးသွားများသည် ဘတ်ငွေ ၅၂၂ ဘီလီယံ (ကန်ဒေါ်လာ ၁၅.၃ ဘီလီယံ) နီးပါး သုံးစွဲခဲ့သည်။
 .
၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေ သန်း ၃၀ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့Thai Tourism Authority က ခန့်မှန်းထားပြီး ၈ သန်းခန့်မှာ တရုတ်ပြည်မမှ ခရီးသွားများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။
.
တရုတ်တန်း ၂ Chinatown 2 ဟုလူသိများသော Huai Khwang တွင် မကြာသေးမီလများအတွင်းက Pracharat Bamphen Street တစ်လျှောက်တွင် တရုတ်ပြည်မနှင့် ချိတ်ဆက်ထားသော ဟော့ပေါ့ စားသောက်ဆိုင်အသစ် ၆၀ ကျော်အထိ ရှိလာသည်ဟု Bangkok Metropolitan Council မှ ကောင်စီဝင် Prapret Hankijjakul က ပြောကြားသည်။ ကောင်စီမှ ကောက်ခံခဲ့သော စစ်တမ်းတွင် Huai Khwang နှင့် Huai Khwang အနီးတစ်ဝိုက်တွင် နေထိုင်သော တရုတ်နိုင်ငံသား ဦးရေ ၃,၀၀၀ ခန့် ရှိသည်ဟု ဖော်ပြထားသည်။
.
“သူတို့က တရုတ်ပြည်ကို ပြန်လာပြီး စီးပွားရေး အရင်းအနှီး ရန်ပုံငွေနဲ့ ထိုင်းကို ပြန်လာတယ်။
ထိုင်းနိုင်ငံသား အမည်ခံဖြင့် ဆိုင်ဖွင့်ရတာ  ပိုလွယ်ကူတာကြောင့် သူတို့လုပ်ငန်းမှာ ပါဝင်ဖို့ ထိုင်းနိုင်ငံသားတွေကို  အမည်ခံပေးဖို့ စည်းရုံးကြပါတယ်" ဟု Prapret က ပြောကြားသည်။
.
Huai Khwang တွင် လုပ်ကိုင်နေသော တရုတ်နိုင်ငံသား အများစုတွင် အလုပ်လုပ်ခွင့် work permit မရှိကြချေ။
.
Huai Khwang ရှိ တရုတ်ဟော့ပေါ့စားသောက်ဆိုင် အော်ပရေတာ ဝမ်က ဖေဖေါ်ဝါရီလ အစောပိုင်းတွင် ထိုင်းနိုင်ငံသားများနှင့် စီးပွားဖက်ပြုပြီး လုပ်ငန်းစဖွင့်ခဲ့သော်လည်း work permit မည်သို့ရယူရမည်ကို မသိကြောင်း ပြောသည်။
ထိုင်းနိုင်ငံတွင် ချစ်သူရည်းစားရှိသည့် ဝမ် သည် ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့သည်မှာ ၁၄ နှစ်ကျော်ပြီ ဖြစ်သည်။
 သူသည် ထိုင်းနိုင်ငံသား စီးပွားဖက်များနှင့်အတူ ထူထောင်ထားသည့်  ဟော့ပေါ့ ဖက်စပ်လုပ်ငန်းသစ်တွင် အစုရှယ်ယာ ၄၆ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။
“Ma La က တရုတ်နိုင်ငံမှာ ပေါက်ဖွားတဲ့ ဟော့ပေါ့ဖော်မြူလာပါ။  စားသုံးသူအားလုံးကို တရုတ်အစားအစာစစ်စစ်ကို မြည်းစမ်းကြည့်စေချင်ပါတယ်။  ဒါဟာ ထိုင်းလူမျိုးတွေအတွက် ရွေးချယ်စရာတစ်ခု ပိုတိုးသွားပါတယ်။  ထိုင်းတွေနဲ့ ပြိုင်ဖို့ ကျွန်တော် မရည်ရွယ်ပါဘူး” ဟု အသက် ၄၀ အရွယ် ဝမ်က ပြောသည်။
.
သို့သော် Huai Khwang တွင်ကြီးပြင်းလာသော ကုန်စုံဆိုင်ပိုင်ရှင် အသက် ၅၂ နှစ်အရွယ် ထိုင်းလူမျိုး Lek သည် တရုတ်ငွေများ ဝင်ရောက်လာမှုနှင့်ပတ်သက်၍ စိုးရိမ်စိတ် ရှိနေသည်။
.
ထိုင်းအိမ်ခြံမြေအကျိုးဆောင်တွေက ဝယ်ယူရန် အလားအလာရှိသည့် တရုတ်ဝယ်လက်များကို  စီးပွားရေး အချက်အချာကျသည့်နေရာမှာ တည်ရှိသည့် သူ့အိမ်ကို ခေါ်လာသည့်အခါ တင်းတင်းမာမာ ပြန်ပြောခဲ့သည်ကို သူက ပြန်ပြောပြပါသည်။
 “အဲဒီ တရုတ်လုပ်ငန်းရှင်တွေကို ဘယ်တော့မှ မရောင်းဘူးလို့ ကျွန်တော် အခိုင်အမာပြောခဲ့တယ်” ဟု သူက ပြောပြသည်။
.
“ထိုင်းအေးဂျင့်တွေက တရုတ်တွေကို ကျွန်တော့အိမ်ဆီ ခေါ်လာပြီး ရောင်းချင်လားလို့ မေးတာ အကြိမ်ပေါင်းများစွာ ရှိခဲ့ပါတယ်။  သူတို့က လုပ်ငန်းလုပ်ဖို့ အကွက်အကွင်း ကျတာကြောင့် ဈေးတန်တယ်လို့ ယူဆပြီး လိုချင်‌နေကြတာ” ဟု သူက ပြောသည်။
.
 အခြားတစ်ဖက်တွင်မူ တရုတ်ပြည်မမှ ရင်းနှီးမြှုပ်နှံသူများက တရုတ်တန်းထဲသို့ ငွေအရင်းအနှီးများ ထိုးသွင်းခြင်းသည် ဧရိယာကို အစဉ်အမြဲ သစ်လွင်နေစေသည်။ ဆိုင်အသစ်များနှင့် စည်ကားနေစေသည်ဟု သူက ပြောသည်။ မြို့ခံများအနေဖြင့် ဝင်ငွေတိုးရန် ဖန်တီးပေးသည်ဟု သူက ဆိုသည်။
.
ထိုင်းနိုင်ငံ၏ နိုင်ငံခြားစီးပွားရေးဥပဒေတွင် လယ်ယာထွက်ကုန်များ ရောင်းချသည့် စားသောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို ထိုင်းလူမျိုးများအတွက် သီးသန့်နီးပါး ကန့်သတ်ထားရန် ပြဋ္ဌာန်းထားသည်။
 ထိုကဲ့သို့သော စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံလိုပါက ထိုင်းနိုင်ငံသား စီးပွားဖက်များနှင့် ဖက်စပ်လုပ်ငန်းတွင်  အစုရှယ်ယာအနည်းစုကိုသာ  ပိုင်ဆိုင်ခွင့် ရရှိမည် ဖြစ်သည်။
သို့သော်လည်း ၎င်းဉပဒေကို ရှောင်ကွင်းရန် နည်းလမ်း ရှိနေသည်။
မကြာသေးမီက တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံသား အမည်ခံဖြင့် စာရင်းတင်သွင်းကာ လုပ်ငန်းတွင် အစုရှယ်ယာအများစုကို ရယူထားကြသည်။ 
.
ယခုနှစ်အစောပိုင်းတွင် ထိုင်းလူမျိုးအချို့သည် တရုတ်ပြည်မမှ အရင်းအနှီးငွေများ ဝင်ရောက်မှုနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များထံ တိုင်ကြားခဲ့ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ဖမ်းဆီးမှုအချို့ ရှိခဲ့သည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ အရာရှိများသည် Huai Khwang ရှိ တရုတ်စားသောက်ဆိုင်တစ်ခုဖြစ်သည့် Chowchan O-cha ကို ရှာဖွေခဲ့ပြီး ခွင့်ပြုသည့် စာရွက်စာတမ်း မရှိဘဲ အလုပ်လုပ်နေသော တရုတ်အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့သည်။
တာဝန်ရှိသူများက ၎င်းတို့နှင့် ဆိုင်ပိုင်ရှင်တို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်။  တရုတ်နိုင်ငံသားများကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် တရားစွဲခံရပြီး ၎င်းတို့အား ရုံးတင်စစ်ဆေးပြီးနောက် တရုတ်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် မကြာသေးမီက စီးပွားကူးသန်းဝန်ကြီးဌာနသည် Yaowarat နှင့် Huai Khwang တရုတ်တန်း ၂ ခုတွင် တရုတ်ပြည်မ ရင်းနှီးမြှုပ်နှံသူများနှင့် တရားမဝင် ချိတ်ဆက်မှုရှိသည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းနှင့် ကုမ္ပဏီပေါင်း ၂၀၀ ခန့်ကို စစ်ဆေးနေကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။
.
ဘန်ကောက်မြို့တွင် တရုတ်တန်းများမှာသာမက ကျောက်ဖရားမြစ်ပေါ်ရှိ Pak Khlong Talat မှ ဈေးသည်များသည်လည်း တရုတ်ပြည်မမှ ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးကြောင့် ထိခိုက်နေသည်။ 
.
တရုတ်နိုင်ငံမှ လာအိုနယ်စပ်အထိ ပုံမှန်ပြေးဆွဲနေသည့်  မြန်နှုန်းမြင့် မီးရထားလမ်းသစ်ကြောင့် တရုတ်နိုင်ငံမှ ပန်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များသည် ဈေးအနိမ့်ဖြင့် ထိုင်းဈေးကွက်များသို့ ဝင်ရောက်လာပြီး ဈေးကွက်ကို လွှမ်းမိုးထားကြောင်း မြို့ခံ ပန်းရောင်းသူတဦးက ပြောသည်။
“နမ်ဝန်း” ဟု ချစ်စနိုးခေါ်သည့် ပန်းသည်တစ်ဦးက လွန်ခဲ့သည့်လများအတွင်း တရုတ်ပိုင် ဆိုင်ခန်းပေါင်း ဒါဇင်များစွာကို ဈေးတွင် ဖွင့်လှစ်သည်ကို သူမ မြင်တွေ့ခဲ့ကြောင်း ပြောသည်။
.
 “တရုတ်နယ်စပ် ပြန်ဖွင့်ကတည်းက တရုတ်ပြည်မှ ပန်းတွေက ထိုင်းကို လွှမ်းသွားတယ်။ ထိုင်းပန်းတွေက ပိုလှတယ်။ ဒါပေမဲ့ ဝယ်ယူသူတွေက အရွယ်အစားကြောင့် တရုတ်ပြည်မမှ တင်သွင်းလာတဲ့ ပန်းတွေကို  ပိုနှစ်သက်ကြပါတယ်။ ဈေးချင်းအတူတူမှာ တရုတ်ပန်းတွေက ပိုကြီးတယ်။ ပိုကြာကြာ အထားခံတယ်။ ထိုင်းပန်းတွေ ယှဉ်နိုင်ဖို့ ခဲယဉ်းပါတယ်" ဟု “နမ်ဝန်း” က ပြောသည်။
 Source BenarNews
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 276 times