သယံဇာတကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်တော့မည်


15 January, 2019

ကျောက်စိမ်း၊ ကျောက်မျက်များ၊ သတ္တုတွင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအဝင် သယံဇာတကဏ္ဍနှင့် ဆက်စပ်နေသော ဝန်ကြီးဌာနများ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ(State Owned Enterprises-SOE) ရှိတာဝန်ရှိသူများအား ဖိတ်ကြားကာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပြုလုပ်သွားမည်ဖြစ်သည်။

ဦးစိုးဝင်းက”ဘာတွေအဓိကဆွေးနွေးမလဲဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး။ ဒီကိစ္စတွေက ထိလွယ် ရှလွယ်တဲ့ အတွက်ကြောင့်ပါ။ သို့သော် ဒီလိုဆွေးနွေးပွဲတွေက တစ်ဆင့် ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲတဲ့ စနစ်တစ်ခုကို ဦးတည်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်။

မန္တလေးမြို့တွင် ဇန်နဝါရီလ ၁၁ ရက်က မြန်မာနိုင်ငံ EITI အစီရင်ခံစားများဆိုင်ရာ လူထုဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲသို့ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်အချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့မှ “နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက ပွင့်လင်းမြင်သာမှုမရှိတာကိုတွေ့ရတယ်။ ထို့ပြင်နိုင်ငံတကာစံနှုန်းတွေနဲ့လည်း မမီဘူးဆိုတာ လေ့လာတွေ့ရှိရတယ်။ထို့ကြောင့် ဒီကဏ္ဍကိုသာ ကောင်းကောင်းစီမံခန့်ခွဲနိုင်မယ်ဆိုရင် နိုင်ငံဝင်ငွေက သိသိသာသာပြောင်းလဲသွားမှာ”ဟုပြောကြားထားကြောင်းသိရသည်။

သယံဇာတကဏ္ဍတွင် လုပ်ကိုင်နေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းလုပ်ကိုင်ရန် နည်းဥပဒေရေးဆွဲခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း၊ လိုင်စင်ချထားပေးခြင်း၊ အကျိုးတူများငှားရမ်းချထားခြင်း၊ အခွန်ကောက်ခံခြင်းနှင့်ရရှိအခွန်ခွဲဝေခြင်းတို့ကို ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် အဆိုပါစနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟုလည်း ပြောကြားသည်။

မန္တလေးတိုင်းသပိတ်ကျင်းဒေသရှိ ရွှေလုပ်ကွက် အများစုတွင် မြန်မာစီးပွားရေးဦးပိုင်က လုပ်ပိုင်ခွင့်ရရှိထားပြီး ယင်းကုမ္ပဏီမှ ပုဂ္ဂလိကတူးဖော်ရေး ကုမ္ပဏီအချို့သို့ ပြန်လည် အငှားလုပ်ကိုင်ခွင့်ပြုခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ဒေသအကျိုးစီးပွားအတွက် ဆောင်ရွက်မှုမရှိသလောက် နည်းသည်ဟု အဆိုပါဒေသမှ ဒေသခံများကပြောကြသည်။

ထို့သို့လုပ်ပိုင်ခွင့်စီမံအုပ်ချုပ်ခွင့် အပြည့်အဝရှိနေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရက ဥပဒေကြောင်းအရ စောင့်ကြည့်အရေးယူခြင်း အားနည်းခဲ့ပြီး ယခုအစိုးရလက်ထက်တွင်သာ မိုးထိမိုးမိ ရွှေလုပ် ကွက်နှင့် ပတ်သက်၍ ပထမဆုံး အရေးယူခြင်း ရှိခဲ့သည်ဟု ဒေါ်မိုးမိုးထွန်း က ပြောသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုတွင်း ဦးစီးဌာနမှ ဒု ညွှန်ကြား ရေးမှူးချုပ် ဦးကျော်သက်က “အရင်တုန်းကတော့ SOE တွေနဲ့ ပတ်သက်ပြီး အထူး အခွင့်အရေး ပေးခဲ့ရတာတွေ ရှိ တယ်။ ဒါပေမယ့် အခုတော့ အခွန် ကိစ္စတွေ၊ သူတို့ ရပ်တည်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့တော့ လိုလာ ပါပြီ” ဟု ပြောဆိုသည်။

ထို့ကြောင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား ပြုပြင်ပြောင်းလဲမှု လုပ်ရန်နှင့် သယံဇာတ ကဏ္ဍတွင် ပိုမို ပွင့်လင်းမြင် သာမှု ရှိရန် အတွက် ထိုသို့ စီစဉ်ခြင်း ဖြစ်ပြီး ပဏမ ဆွေးနွေးပွဲကို ယခုလ အတွင်း ဆောင်ရွက်သွားရန် ရှိသည်ဟု သိ ရသည်။

ဒုတိယ အကြိမ်နှင့် တတိယ အကြိမ် EITI အစီရင်ခံစာကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းက ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင် ခံစာတို့တွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများက ကောက်ခံရရှိသော အခွန်များနှင့် ယင်းလုပ်ငန်းများမှ နိုင်ငံတော် ဘတ်ဂျက် (ရသုံး မှန်းခြေ ငွေစာရင်း) သို့ ထည့်ဝင်သော ဘဏ္ဍာငွေ စီးဆင်းမှု အပေါ် တိုက်ဆိုင် စစ်ဆေးခြင်း စသည့် အကြောင်းအရာ တို့ကို ထည့်သွင်းခဲ့သည်ဟု ယင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

Irrawaddy

Events & Exhibition Read 479 times