နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲ ကျင်းပ


23 March, 2019

နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ မှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို မတ် ၂၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါပြပွဲမှာ အိမ်သုံးနဲ့ လက်မှုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းလုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ချည်မျှင်နဲ့ အထည်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ စက်မှုဝန်ကြီးဌာနတွေမှ ပြခန်းစုစုပေါင်း ၂၇၀ ခန်း ပါဝင်ပြသထားပါတယ်။

MSMEs ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲရဲ့ ဆက်စပ်အခမ်းအနားတွေအဖြစ် '' မြန်မာ့ကုန်စည် ကမ္ဘာဆီသို့ '' ခေါင်းစဉ်နဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ Panel Discussion ဆွေးနွေးပွဲတွေ၊ ဟောပြောပို့ချတာတွေ ပြုလုပ်ကြပါတယ်။

ဒါ့ပြင် Knowledge Sharing ပြုလုပ်ခြင်း၊ City Mart၊  Gandamar Wholesale စတဲ့ အသင်းအဖွဲ့တွေက လုပ်ငန်းရှင်တွေနဲ့ Business Matching ချိတ်ဆက်ခြင်း စတဲ့အခမ်းအနားတွေကိုလည်း ဆက်လက်ကျင်းပသွားဦးမှာဖြစ်ပါတယ်။

ဒီပြပွဲပြိုင်ပွဲတွေကို ဒေသအလိုက်ကနေ နိုင်ငံတော်အဆင့်ထိ ပြုလုပ်ရတာဟာ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒအရ အလုပ်အကိုင်ရရှိရေး၊ MSME တွေဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ဒေသအသီးသီးရှိ ထုတ်လုပ်မှုကဏ္ဍတွေနဲ့ ရောင်းဝယ်မှုကဏ္ဍတွေ အချင်းချင်း ချိတ်ဆက်မှုဖြစ်လာစေရေး၊ MSME တွေရဲ့ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာစေရေး၊ သွင်းကုန်အစားထိုးထုတ်ကုန်တွေ ပိုမိုများပြားလာစေရေးနဲ့ ဆန်းသစ်တဲ့ထုတ်ကုန်တွေ ထုတ်လုပ်လာနိုင်စေရေးတွေကို မျှော်မှန်းပြီးကျင်းပတာဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံအနှံ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကိုးခုမှာ ဆုရရှိခဲ့တဲ့ MSME တွေကို အခုပြိုင်ပွဲမှာ နိုင်ငံတော်အဆင့်ရွေးချယ်ချီးမြှင့်သွားပြီး ဆုရရှိခဲ့တဲ့ ထုတ်ကုန်တွေကို လုပ်ငန်းကော်မတီရဲ့ အသိအမှတ်ပြု အမှတ်တံဆိပ် ( MSME Logo ) အသုံးပြုခွင့်ပေးသွားမှာဖြစ်ပါတယ်။

ဒီ MSME Logo အသုံးပြုခွင့်ရရှိတဲ့ လုပ်ငန်းတွေအနေနဲ့လည်း ဈေးကွက်ကတုံ့ပြန်လာတဲ့ အကြံပြုချက်တွေကို လက်ခံပြီး စားသုံးသူတွေအကြိုက် အရည်အသွေးပြည့်မီတဲ့ ကုန်ပစ္စည်းတွေ ဖြစ်လာစေဖို့ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ စဉ်ဆက်မပြတ်ကြိုးစားသွားရမှာဖြစ်ပါတယ်။

MSMEs လုပ်ငန်းတွေရဲ့ ဒေသတွင်းထုတ်ကုန်ပစ္စည်းပြပွဲနဲ့ ပြိုင်ပွဲတွေကို အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီရဲ့ ဦးဆောင်မှုနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ကျင်းပခဲ့တာပါ။ မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူူး၊ ရန်ကုန်၊ မော်လမြိုင်နဲ့ မြိတ်မြို့တွေမှာ စုစုပေါင်း (၉) ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လုပ်ငန်းတွေကို အမျိုးအစားလိုက်ရွေးချယ်ကာ ဆုချီးမြှင့်ခဲ့ရာမှာ အသေးစားလုပ်ငန်းစုစုပေါင်း ၃၉ ခု၊ အငယ်စားလုပ်ငန်း စုစုပေါင်း ၄၃ ခု၊ အလတ်စားလုပ်ငန်းစုစုပေါင်း ၄၀ တွေမှ လုပ်ငန်းရှင်စုစုပေါင်း ၁၂၂ ဦးတို့ကို ဆုများချီးမြှင့်နိုင်ခဲ့ပါတယ်။

The Mirror Daily

Events & Exhibition Read 510 times