ဒဏ်ခတ်ပိတ်ဆို့ခံထားရသော မြန်မာတိုင်ကွန်း  စင်ကာပူတွင် ကွန်းခို


19 October, 2022

ဒဏ်ခတ်ပိတ်ဆို့ခံထားရသော မြန်မာတိုင်ကွန်း  စင်ကာပူတွင် ကွန်းခို

 စင်ကာပူတွင် မြန်မာသူဌေးကြီး ဦးတေဇ ရောက်ရှိနေသည့်အခါ  နေထိုင်သည့် Sentosa Island ရှိ သုံးထပ်အိမ်ကြီးရခိုင်‌ေရှ့တွင် တရုတ်စံပယ်ပင်များနှင့် အုန်းအလှပင်များ ရှိနေသည်။
သူဌေးများသာ နေထိုင်ကြသည့် Sentosa Island အိမ်ရာတွင် သူ့မိသားစုက အိမ် ၂ လုံး ပိုင်ဆိုင်သည်။ 
Marina Bay Sands ကာစီနိုနှင့် အလှမ်းမဝေးသောနေရာတွင် တည်ရှိသည်။ ငွေအပြည့်ပါသေ ရှုံ့ကြိုးဖြင့် ပိတ်ရသော အသားထူထူ အဝတ်အိတ်တစ်လုံးဖြင့် ဦးတေဇ လာရောက်လေ့ရှိသော ကာစီနို ဖြစ်သည်။ 
ဇွန်လ နေသာသောနေ့တစ်နေ့တွင် အိမ်ရှေ့တွင် အဝါရောင် Ferrari F8 Spider တစ်စီးနှင့် Mercedes တစ်စီးတို့ ရပ်ထားသည်။ 
..
စင်ကာပူသည် ဒဏ်ခတ် ပိတ်ဆို့ခံထားရသည့် ဦးတေဇ အပါအဝင် မြန်မာစီးပွားရေးသမားများအတွက် ကွန်းခိုရာတစ်ခု ဖြစ်နေခဲ့သည်မှာ ကြာပါပြီ။
 အမေရိကန်နှင့် အခြားနိုင်ငံများက ဦးတေဇကို  လက်နက်နှင့် စစ်ပစ္စည်းများ စစ်တပ်ကိုထောက်ပံ့ပေးနေသည်ဟု စွပ်စွဲထားသော်လည်း စင်ကာပူတွင် သူနေထိုင်ခွင့်၊ စီးပွားရေးလုပ်ကိုင်ခွင့်များ ဆက်လက် ရရှိနေဆဲဖြစ်သည်။ ၂၀၀၇ တွင် ပထမအကြိမ် အမေရိကန်၏ ပိတ်ဆို့အရေးယူခြင်း ခံရစဉ် စားအုန်းဆီ၊ ကျွန်းသစ်၊ လေကြောင်း လုပ်ငန်းများကို ကုမ္ပဏီ ၁၀ ခုခန့်ဖြင့် လုပ်ကိုင်ခဲ့သည်။ ဒီမိုကရေစီ ရွေးကောက်ပွဲ အပြီး ၂၀၁၆ တွင် အမေရိကန်၏ ပိတ်ဆို့အရေးယူခြင်းမှ သူ့ကို ပယ်ဖျက်ပေးခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်တွင် အမည်းစာရင်းထဲ ပြန်ထည့်ခံရသည်။ 
စင်ကာပူအပါအဝင် အာရှနိုင်ငံအများစုသည် ပိတ်ဆို့အရေးယူမှုများကို မထောက်ခံပေ။
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း က မြန်မာ ပြည်သူတွေကို ထိခိုက်စေပြီး တရုတ် နဲ့ ပိုမို နီးစပ်အောင် တွန်းအားပေးရာရောက်ကြောင်း ပြောကြားခဲ့သည်။
ဦးတေဇနှင့် စင်ကာပူ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ မေးမြန်းရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ၏ ယခင်ထုတ်ပြန်ချက်များအား ထောက်ပြခဲ့ပြီး အခြေအနေမှာ 'အဖြစ်ဆိုး'ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ၎င်း၏ ပဋိပက္ခများကို ပြည်တွင်းရေးအဖြစ်ဖြင့် ဖြေရှင်းရန် လိုအပ်ပြီး လူအများတို့အနေဖြင့် စင်ကာပူနိုင်ငံ၏ ဩဇာလွှမ်းမိုးနိုင်မှုကို ပိုပိုသာသာ လွန်ကဲပြီး မပြောဆိုသင့်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။
ထိုရပ်တည်ချက်ကို ဆက်ထိန်းထားဖို့ ပိုခက်ခဲလာသည်။ အမေရိကန်က စစ်အစိုးရအပေါ် ဖိအားတိုးမြှင့်သည်။ ကမ္ဘာ့ဘဏ္ဍာရေး ကြီးကြပ်သူများက မြန်မာနိုင်ငံကို အမည်းစာရင်းသွင်းသည်။ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အရေးကို ဝင်မစွက်ဖက်ဘူးဆိုသည့် မူဝါဒမှ စင်ကာပူ ဖယ်ခွာရသည်။ စစ်အစိုးရကို ပြစ်တင်ဝေဖန်ခဲ့သည်။မြန်မာနိုင်ငံသို့ ငွေကြေးစီးဆင်းမှုအပေါ်  စိစစ်မှု တိုးမြှင့်ရန် ဘဏ်များကို တောင်းဆိုခဲ့သည်။ လက်နက်မဲ့ အရပ်သားများကို အကြမ်းဖက်ရန် အသုံးပြုနိုင်သည့် မည်သည့်ပစ္စည်းကိုမဆို ပေးပို့ခွင့် ရပ်တန့်လိုက်သည်။
 သို့သော် စွပ်စွဲချက်များကို ငြင်းဆိုထားသည့် ဦးတေဇ အပါအဝင် ဒဏ်ခတ်ပိတ်ဆို့ထားသော လက်နက် ရောင်းဝယ်သူများသည် စင်ကာပူ မြို့နိုင်ငံ အတွင်း၌ အခြားစီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေပါသည်။
“စင်ကာပူက စစ်တပ်အစိုးရအပေါ်  ပိတ်ဆို့အရေးယူဖို့ အစပိုင်းမှာ အလွန်ဝန်လေးခဲ့ပါတယ်။ဘဏ္ဍာရေးကဏ္ဍအပေါ် သက်ရောက်မှုရှိမှာကို စိုးရိမ်တယ်။ စစ်ဘက်နှင့် နှီးနွှယ်နေတဲ့  ကော်ပိုရေးရှင်းအချို့ကို မြို့နိုင်ငံအတွင်း လုပ်ငန်း မလည်ပတ်အောင် စတင်အရေးယူခဲ့တယ်။ ဒါပေမဲ့ စင်ကာပူမှာ လုပ်ငန်းလည်ပတ်နေတဲ့ အရေအတွက် အများအပြား ကျန်ရှိနေပါသေးတယ်။ လက်နက်၊ ခဲယမ်းမီးကျောက်များနှင့် အပိုပစ္စည်းများအတွက် လမ်းကြောင်းအဖြစ်ဖြင့်အပြင် စစ်တပ်အတွက် ငွေကြေးဆိုင်ရာ အသက် သွေးကြောအဖြစ် ထောက်ပံ့ပေးပါတယ်"ဟု ၀ါရှင်တန်ရှိ National War College မှ အရှေ့တောင်အာရှ နိုင်ငံရေးကို အထူးပြုသူပါမောက္ခ Zachary Abuza က ပြောကြားသည်။
.
၂၀၀၇ ခုနှစ်တွင် ပေါက်ကြားခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေးနန်းများတွင် မြန်မာနိုင်ငံ ၏"နံပါတ်တစ် ခရိုနီ စီးပွားရေးသမား" ဦးတေဇ ဟု ခေါ်ဆိုထားသည်။ ရုရှားလေယာဉ်ထုတ်လုပ်သူများနှင့် အချိတ်အဆက် ရှိကြောင်း ဖော်ပြထားသည်။
ရန်ကုန်ရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ရေးသားပြီး WikiLeaks မှ ပေါက်ကြားပေးသည့် ကြေးနန်းစာများအနက် တစ်ခုတွင် ရုရှားသံအမတ်နှင့် သိကျွမ်းမှုကို အသုံးချပြီး မြန်မာနိုင်ငံသို့ လက်နက် ခဲယမ်းမီးကျောက်များ၊ MI-17 ရဟတ်ယာဉ်များ၊ MiG-29 လေယာဉ်များ ရောင်းချပေးသည့် ကုမ္ပဏီများအတွက် အရောင်းကိုယ်စားလှယ် လုပ်ကိုင်ကြောင်း ဖော်ပြထားသည်။ 
၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဦးတေဇအား ဗြိတိန်က ဒဏ်ခတ်အရေးယူခဲ့သည်။သူသည်  “ယခင်နှင့် လက်ရှိစစ်အစိုးရများနှင့် ကျယ်ပြန့်သော ချိတ်ဆက်မှုများမှတစ်ဆင့် စစ်တပ်နှင့် ဆက်စပ်နေပါသည်"ဟု ဆိုသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက သူ့ကို ဇန်န၀ါရီလတွင် ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ စစ်တပ်ကိုလက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်နဲ့ စစ်ပစ္စည်းကိရိယာတွေ ပေးသွင်းသည်ဟု ဆိုသည်။ ၂၀၂၁ ခုနှစ် မေလတွင် မြန်မာ့လေတပ်အကြီးအကဲနှင့်အတူ ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ဦးတေဇ၏သား ဦးပြည့်ဖြိုး‌ေတဇနှင့် ဦးထူးထက်‌တေဇတို့ကိုလည်း အမေရိကန်က ပိတ်ဆို့ အရေးယူထားသည်။
မြန်မာနိုင်ငံကို လက်နက်ရောင်းချရာတွင် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယ နေရာတွင် ရှိနေသည်။ ၂၀၁၆-၂၀၂၁ ကာလအတွင်း တိုက်လေယာဉ် ရုရှားမှ အစီး ၂၀ ၊ တရုတ်မှ ၁၀ စီး စုစုပေါင်း အစီး ၃၀ ဝယ်ယူရရှိခဲ့သည်ဟု Stockholm International Peace Research Institute Sipri က ဆိုသည်။
Siepri မှ အကြီးတန်း သုတေသီ Siemon Wezeman က မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများတွင် ဦးတေဇကဲ့သို့ ကြားလူ အသုံးပြုခြင်းသည် အဖြစ်များကြောင်း ပြောကြားခဲ့သည်။
“သူတို့မှာ အသိပညာ၊ အဆက်အသွယ်တွေရှိပြီး ချောမွေ့ဖို့ သူတို့က ဆီထည့်ပေးတယ်” ဟု ၎င်းက ဆိုသည်။  “သူတို့က ဉပဒေပြင်ပမှာ လုပ်ကိုင်နေတာ မဟုတ်ဘူး၊ အဆင်ပြေအောင် ကူညီပေးနိုင်ကြပါတယ်" ဟု သူက ပြောသည်။ 
ဦးတေဇအပေါ် ပိတ်ဆို့အရေးယူမှုများ ထိရောက်မှု မရှိခဲ့ပေ။ ၂၀၁၈ ခုနှစ်တွင် ၎င်း၏ Yangon Aircraft Engineering Co က မြန်မာလေတပ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ ATR 72 လေယာဉ်များကို ကုန်စည်နှင့် စစ်သားများ ပို့ဆောင်သည့် လေယာဉ်များအဖြစ်သို့ ပြောင်းလဲပေးဖို့ ဆွေးနွေးခဲ့ကြသည်။ တစ်စီးလျှင် ခန့်မှန်း ကုန်ကျစရိတ် $550,000 ရှိသည်။ 
ဦးတေဇ၏ Myanmar Avia Export Co သည် JSC Russian Helicopters နှင့် စီးပွားဖက် ပြုထားသည်။ 
ဦးတေဇ၏ Htoo Group သည် အကြီးဆုံး ခရိုနီ ကုမ္ပဏီများထဲတွင် ပါဝင်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ပြောကြားခဲ့သည်။ 
လက်နက်ကုန်သည် မဟုတ်ကြောင်း ဦးတေဇက ငြင်းဆိုသည်။

ကချင်ပြည်နယ် ပူတာအိုရှိ ၎င်းပိုင်ဆိုင်သည့် အပန်းဖြေစခန်းမှ  မိနစ် ၉၀ အွန်လိုင်း အင်တာဗျူးတစ်ခု ဖြေကြားခဲ့ရာတွင်  အသက် ၅၈ နှစ်ရှိသူ  စီးပွားရေးသမား ဦးတေဇကက စစ်တပ်ကို သယ်ယူပို့ဆောင်ရေးပစ္စည်းတွေကိုသာ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ လက်နက်မဟုတ်ကြောင်း ပြောကြားသည်။

ပိတ်ဆို့အရေးယူမှုများကြောင့် အာမခံ ထား၍ မရနိုင်တော့သဖြင့် ၎င်း၏လေကြောင်းလိုင်းကို ပိတ်လိုက်ရခြင်း အပါအဝင် ငွေကြေး အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။ ယခု ကျန်းမာရေးကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် အငြိမ်းစား ယူထားပြီ ဖြစ်ကြောင်း ပြောကြားသည်။ 
 “ကျွန်တော် လက်နက်မရောင်းပါဘူး။ ဘယ်တော့မှ ‌မရောင်းဘူးဆိုတာ တစ်ထောင်ရာခိုင်နှုန်း  ၁၀၀၀% သေချာတယ်" ဟု ၎င်းက ငြင်းဆိုသည်။ 
 အွန်လိုင်းအင်တာဗျူးတွင် သား ၂ ယောက်လည်း ပါဝင်ခဲ့သည်။ အသက် ၃၅ နှစ်ရှိသူ ပြည့်ဖြိုးက ရန်ကုန်မှ ပါဝင်သည်။ အသက် ၂၉ နှစ်ရှိသူ ထူးထက်က Sentosa ရှိ W Hotel မှ ပါဝင်သည်။ 
နှစ်ယောက်စလုံးက စင်ကာပူမှာ နိုင်ငံတကာကျောင်းတက်ပြီး အင်္ဂလိပ်လို အလွန်ကောင်းမွန်စွာ ပြောဆိုတတ်ကြသည်။ ရံဖန်ရံခါ ဖခင်အတွက် ဘာသာပြန်ပေးကြသည်။ 
“မီဒီယာတွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်ဆံရေးကို သရုပ်‌ဖော်ကြတယ်" ဟု သူက ပြောသည်။ ၂၀၁၁ အထိ စစ်တပ်နှင့် ဆက်ဆံရေး ကောင်းခဲ့ကြောင်း၊ အစိုးရနှင့် နီးစပ်မှုကို ပုံကြီးချဲ့ခံရကြောင်း သူက ပြောသည်။ 

ကပ်ရောဂါကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်ကြောင့် မနှစ်က မော်စကိုကို သူမသွား‌ကြောင်း သူက အခိုင်အမာ ပြောကြားသည်။ 

စင်ကာပူမှနေပြည်တော်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် သူ သွားခဲ့ပြီး စစ်အစိုးရ အကြီးတန်း အရာရှိများနှင့် တွေ့ဆုံသည်။ ထို့နောက် မော်စကိုသို့ လေတပ်အကြီးအကဲနှင့်အတူ သွားရောက်ကြပြီး စစ်ဘက်ဆိုင်ရာပြပွဲကို တက်ရောက်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
"အဲဒီစွပ်စွဲချက်တွေဟာ လုံးဝမမှန်ပါဘူး" ဟု ဦးတေဇက ငြင်းဆိုသည်။ 

အခြားမှတ်တမ်းတစ်ခုတွင် ဦးတေဇသည် Sentosa အိမ်ရာမှ ‌၂၀၂၁ မေလ ၁၇ ရက် နံနက် ၁ နာရီတွင် ထွက်ခွာခဲ့သည်။ အိမ်သို့ မေလ ၂၁ ရက် မွန်းလွဲ ၄ နာရီတွင် ပြန်ရောက်သည်။ မေလ ၂၀-၂၂ မော်စကို ပြပွဲ တက်ရောက်ဖို့  အချိန်လုံလောက်သည်။ သို့သော် ထိုစဉ်က စင်ကာပူတွင် ပြဋ္ဌာန်းထားသော ကိုဗစ် စည်းကမ်းများအရ မဖြစ်မနေ quarantine ၂၁ ရက် ဝင်ဖို့ ရက်မလုံလောက်ချေ။
"နောက်ထပ်မေးခွန်းတွေကို ဖြေဖို့ စင်ကာပူမှာ တွေ့ဆုံမယ်"ဟု ဦးတေဇက ပြောကြားခဲ့ပြီး ထပ်မံတွေ့ဆုံခြင်း မပြုတော့ချေ။

၎င်း၏ကုမ္ပဏီအတွက် ကိုယ်စားပြုသူတစ်ဦးမှ ၂၀၁၈ ခုနှစ်တွင်  လေယာဉ် ကုန်တင်ရန်ပြောင်းလဲခြင်း စီမံကိန်းသည် အရပ်ဖက်အတွက် ဖြစ်ပြီး ဆက်လက်မလုပ်ဖြစ်ခဲ့ကြောင်း အီးမေးလ်တစ်စောင်တွင် ပြောကြားခဲ့သည်။ Myanmar Avia Export သည် နိုင်ငံတကာ ကုမ္ပဏီတစ်ခု၏ စီးပွားဖက်မဟုတ်ကြောင်းလည်း ၎င်းက ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ ဟိုတယ် ၁၇ လုံးကို စီမံခန့်ခွဲရန်အတွက် စင်ကာပူအခြေစိုက် Banyan Tree Group နှင့် ဖက်စပ်လုပ်ကိုင်သည့်လုပ်ငန်း ရပ်ထားရသည်။ 
 Banyan Tree မှ ပြောရေးဆိုခွင့်ရှိသူက “လက်ရှိအခြေအနေအရ”  ရပ်တန့်ထားရကြောင်း ပြောကြားသည်။ 
 
 

 

Htoo Hospitality (ထူးဟိုတယ်လုပ်ငန်း) ဟု လူသိများသည့် Myanmar Treasure Hotel & Resort Group Company Limited သည် Banyan Tree Holdings Limited ၏လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Banyan Tree Hotel & Resorts နှင့် မြန်မာနိုင်ငံရှိဟိုတယ်စီမံခန့်ခွဲမှုလုပ်ငန်း “the JV” ကို အကျိုးတူဖက်စပ်ပူးပေါင်းကာ လက်တွဲအလုပ်လုပ်ဆောင်သွားရန် မတ်လ ၁၆ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

“the JV” သည် Htoo Hospitality (ထူးဟိုတယ်လုပ်ငန်း) လက်အောက်ရှိ ဟိုတယ်နှင့် အပန်းဖြေစခန်း ၁၇ ခု (လက်ရှိလည်ပတ်နေသော ၁၅ ခုနှင့် တည်ဆောက်ဆဲ ၂ ခု)ကို စီမံခန့်ခွဲသွားမည်ဖြစ်သည်။  
Htoo Hospitality ၏ ဟိုတယ်နှင့် အပန်းဖြေစခန်းများဖြစ်သည့် ပုဂံ၊ ငပလီနှင့် အင်းလေးဒေသများတွင်ရှိသော Aureum Palace ဟိုတယ်နှင့် အပန်းဖြေစခန်း၊ မလိခ Lodge တို့အပြင် တည်ဆောက်ဆဲဖြစ်သော ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နှင့် မြိတ်ကျွန်းစုတွင် အသစ်တည်ဆောက်မည့် ဟိုတယ်လည်း အပါအဝင်ဖြစ်သည်။  ဤစာရင်းတွင်ပါဝင်သော ဟိုတယ်နှင့်အပန်းဖြေစခန်းများကို အကျိုးတူဖက်စပ် ပူးပေါင်းလုပ်ကိုင်သော ဟိုတယ်နှင့် အပန်းဖြေစခန်းများကို အမည်သစ်ပေး၍ သော်လည်းကောင်း၊ Banyan Tree Holdings လက်အောက်ရှိ အမည်တစ်ခုအဖြစ်ဖြင့် အမည်ပေး၍သော်လည်းကောင်း တဖြည်းဖြည်းချင်းပြောင်းလဲသွားရန် အစီအစဉ် ရေးဆွဲထားသည်။
.
 ယခုနှစ်အစောပိုင်းတွင် အမေရိကန်အခြေစိုက် Las Vegas Sands ကော်ပိုရေးရှင်းမှ ပိုင်ဆိုင်သည့် Marina Bay Sands ကာစီနိုသည် ဦးတေဇ လာရောက်ပြီး လောင်းကစားရန် ခွင့်မပြုတော့ကြောင်း ပြောကြားခဲ့သည်။
ထိုပိတ်ပင်မှုသည် ထိုနေရာတွင် ဘေကာရက် ဖဲလောင်းကစား စားပွဲများတွင် ကန်ဒေါ်လာ သန်း ၇၀ ခန့် ဆုံးရှုံးခဲ့သော ဦးတေဇအတွက် ကောင်းဖို့ ဖြစ်နေနိုင်သည်။
ဗြိတိန်အစိုးရက ၎င်း၏ ပိုက်နက်နယ်မြေများသို့ ဦးတေဇ လာရောက်ခွင့် ပိတ်ပင်ထားသည်။
စင်ကာပူတွင် ဦးတေဇသည် မိမိနှစ်သက်သလို လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။  
ဦးတေဇ၏ မိသားစု အချိတ်အဆက်များသည် စစ်တပ်နှင့် စီးပွားရေးလောကတွင် ဦးတေဇကို လမ်းခင်းပေးခဲ့သည်။
ဖခင်ဖြစ်သူ ဦးမြင့်ဆွေသည် တပ်မတော် သုတေသနဌာနတွင် ထိပ်တန်းတာဝန်ယူခဲ့သည်။
အမေရိကန်နိုင်ငံ ဂျော်ဂျီယာရှိ Fort Benning တွင် လေ့ကျင့်ရေးသင်တန်း တက်ရောက်ခဲ့သည်။

 ဦးတေဇသည် ပြင်ဦးလွင် စစ်တက္ကသိုလ်မှ ကျောင်းထွက်ပြီးနောက် ၁၉၈၀ အစောပိုင်းတွင် ဒေါ်သီတာဇော်နှင့် လက်ထပ်ခဲ့သည်။ သူမ၏ မိသားစုက Htoo Group ကို ပိုင်ဆိုင်သည်။ ထိုစဉ်က ဆန်စက်လုပ်ငန်းကို အဓိက လုပ်ကိုင်သည်။
 ဦးတေဇသည် ကျွန်းသစ်ရောင်းဝယ်ရေး၊ လေကြောင်း၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ဘဏ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခဲ့သည်။

ပေါက်ကြားခဲ့သည့် အမေရိကန်ကြေးနန်းစာ တစ်ခုအရ ဦးတေဇသည် စစ်အစိုးရ၏ သားသမီးများကို အတွေ့အကြုံမရှိသော်လည်း အလုပ်ခန့်ကာ ၎င်း၏လုပ်ငန်းများတွင် အကြီးတန်းရာထူးများ ပေးခဲ့သည်။
 အပြန်အလှန်အားဖြင့် မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်နေချိန်က ဘိလပ်မြေ တင်သွင်းခွင့် အပါအဝင် သွင်းကုန် လိုင်စင်များ ရရှိခဲ့သည်။ အကျိုးအမြတ်များသော စီးပွားအခွင့်အလမ်းများလည်း ရရှိခဲ့သည်ဟု ၎င်းကြေးနန်းစာတွင် ဖော်ပြထားသည်။

ဦးတေဇသည် အရက်တင်သွင်းခွင့်ကို တသီးတသန့် ရရှိသောအခါတွင် လေတပ်ဦးစီးချုပ်ဟောင်းတစ်ဦး၏ အသက် ၂၀ အရွယ် သားဖြစ်သူအား လက်လီဆိုင်များတွင် လုပ်ကိုင်ရန် ဒေါ်လာ ၂၀၀,၀၀၀ ပေးခဲ့သည်ဟု ကြေးနန်းစာတွင် ဖော်ပြထားသည်။ 

အမေရိကန်သမ္မတ ဘီလ်ကလင်တန်သည် ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အမည်ပျက်စာရင်းသွင်းပြီးနောက် နှစ်နှစ်အကြာတွင် ဦးတေဇသည် စင်ကာပူတွင် ၎င်း၏ပထမဆုံးကုမ္ပဏီနှစ်ခုဖြစ်သည့် Pavo International Pte နှင့် Pavo Trading Pte တို့ကို ထူထောင်ခဲ့သည်။

ကုမ္ပဏီ၏ စာရွက်စာတမ်းများတွင် ၎င်းကုမ္ပဏီတို့သည် “သစ်လုံး၊ သစ်သား၊ အထပ်သားနှင့် ဆက်စပ်ပစ္စည်းများကို လက်ကားရောင်းချခြင်းအတွက်ဖြစ်သည်"ဟု ဆိုသည်။

၂၀၀၄ ခုနှစ်တွင် အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်သည် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းခွင့်ကို ပိတ်ပင်လိုက်ပြီး နောက်တစ်နှစ်တွင် ဦးတေဇသည် Air Bagan Holdings Pte ကို မှတ်ပုံတင်ခဲ့သည်။ စင်ကာပူအခြေစိုက် နောက်ထပ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Terrestrial Pte ကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည်။

စင်ကာပူသည် နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်သော အိုအေအစ် တစ်ခုဖြစ်သဖြင့် ချမ်းသာသောသူဌေး အများအပြားတို့နည်းတူ ဦးတေဇကိုလည်း စင်ကာပူက ဆွဲဆောင်ထားသည်။ သိုသိုသိပ်သိပ်ဖြင့် လူမသိသူမသိ နေထိုင်လုပ်ကိုင်နိုင်သည်။

“စင်ကာပူက ဒေသတွင်းမှာ စီးပွားရေးဗဟိုချက်နှင့် ဘဏ္ဍာရေးအချက်အချာအဖြစ် ဆက်လက်တည်ရှိနေပြီး ကော်ပိုရိတ်ဝန်ဆောင်မှုများမှာလည်း အမြင့်ဆုံးစံချိန်စံညွှန်း ရှိနေတယ်။ ဦးတေဇက စင်ကာပူ ဘဝစတိုင်ကို နှစ်သက်တယ်။ အစားအစာ၊ ပတ်ဝန်းကျင်တွေကို သူ ကြိုက်တယ်။ အချိန်ကြာလာတဲ့အခါ စင်ကာပူမှ မိတ်ဆွေ အပေါင်းအသင်းများနှင့် ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့တယ်" ဟု ဦးတေဇ၏ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ 

.

စင်ကာပူသည် ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ခွဲထွက်ပြီးကတည်းက နိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဖော်ဆောင်ခဲ့သော Lee Kuan Yew မှ ပူးတွဲတည်ထောင်ခဲ့သော ပါတီတစ်ခုတည်းက တောက်လျှောက်အုပ်ချုပ်ခဲ့သည်မှာ ယခုအထိ ဖြစ်သည်အထိ နိုင်ငံရေး တည်ငြိမ်သည်။

ဆွစ်ဇာလန်နှင့် ဟောင်ကောင်ပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံး ဘဏ္ဍာရေးဗဟိုဌာနအဖြစ် စင်ကာပူ ရပ်တည်နေသည်။ ငွေကြေးဓနကို နေရာအနှံ့မှ ဆွဲငင်ရယူနေသည်။ ၂၀၂၀ ပြည်နှစ် မှာ လုပ်ငန်းများ၏  ပိုင်ဆိုင်မှု ဒေါ်လာ ၃.၅ ထရီလီယံအထိ စင်ကာပူမှာ ရှိနေသည်။ လေးပုံသုံးပုံမှာ ပင်လယ်ရပ်ခြားမှ ဖြစ်သည်။ 
စီးပွားရေး လုပ်ငန်း အများအပြား စင်ကာပူတွင် လုပ်ကိုင်လျက်ရှိရာ ၂၀၂၂ ဇူလိုင်လတွင် မှတ်ပုံတင်ထားသည့်လုပ်ငန်း ၅၆၀,၀၀၀ ကျော် ရှိသည်။ 

.

 မလေးရှားရှေ့နေ အမျိုးသမီး  Serena Lee Chooi Li သည် ကုမ္ပဏီပေါင်း ၂၀၀ ကျော်၏ ကော်ပိုရိတ်အတွင်းဝန်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ ဦးတေဇ၏ Pavo Trading အတွက်လည်း လုပ်ကိုင်နေသည်မှာ ၁၉၉၉ ခုနှစ်ကတည်းက ဖြစ်သည်။
သူမသည် ဦးတေဇနှင့် သူ့မိသားစုနှင့် ဆက်စပ်နေသော အခြားကုမ္ပဏီ တစ်ဒါဇင်ခန့်ကိုလည်း တာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် တာဝန်ထမ်းဆောင်ခဲ့ပြီး အများစုမှာ Lee ၏ ကုမ္ပဏီတည်ရှိရာ Bharat အဆောက်အဦ၏ ၆ လွှာရှိ လုပ်ငန်းလိပ်စာတစ်ခုတည်း၌ မှတ်ပုံတင်ထားသည်။
Pavo Trading ကို ၂၀၀၈ ခုနှစ်ကတည်းက ဦးတေဇ၏ ဘဏ္ဍာရေးကွန်ရက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်မှာ စာရင်းဝင်ခဲ့သည်။
ယနေ့တွင် ကုမ္ပဏီသည် စင်ကာပူ၏ ကော်ပိုရိတ်မှတ်ပုံတင်စာရင်းတွင် သက်တမ်းရှိနေဆဲလုပ်ငန်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။ လုပ်ငန်းများ လုပ်ကိုင်နေဆဲ ဖြစ်သည်။ နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ကုမ္ပဏီတွင် ဦးတေဇသည် မန်နေးဂျင်းဒါရိုက်တာနှင့် အစုရှယ်ယာ အများစု ပိုင်ဆိုင်ထားသည်။ သူနှင့် တသီးတခြားနေထိုင်သူ ဇနီးသည် သီတာဇော်ကလည်း အစုရှယ်ယာများ ပိုင်ဆိုင်ပါသည်။

ကုမ္ပဏီအမည်မှာ သူအကြိုက်ဆုံး ဆေးပြင်းလိပ်အမှတ်တံဆိပ်တွေထဲမှ တစ်ခုဖြစ်သည့် El Pavo ကို အစွဲပြုပြီး နာမည်ပေးထားခြင်းဖြစ်ပါသည်။

ဦးတေဇအမည်‌ေပါက် အောက်တွင် စာရင်းသွင်းထားသော စင်ကာပူအခြေစိုက် ကုမ္ပဏီ ၁၀ ခုအနက်မှ ၂ ခုသာ သက်ဝင်လုပ်ကိုင်လျက်ရှိသည်။
အခြားကုမ္ပဏီတစ်ဒါဇင်ကို ၎င်း၏ဝန်ထမ်းများ သို့မဟုတ် မိသားစုဝင်များက ကိုင်တွယ်ပေးထားသည်။ 
ညီမဖြစ်သူ သီတာဆွေက Frontier Gold (Singapore) ကို ပိုင်ဆိုင်သည်။ 
၎င်း၏သားငယ် ထက်ထူးသည် စင်ကာပူရှိ ကုမ္ပဏီသုံးခု၏ ရှယ်ယာရှင်နှင့် ဒါရိုက်တာဖြစ်သည်။
ဝန်ထမ်းတစ်ဦးဖြစ်သည့် Teo Ah Peng သည် Bharat Building  ၆ လွှာ လိပ်စာတူသည့် ကုမ္ပဏီခြောက်ခုတွင် ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ဖူးသည်။
 
ဦးတေဇ၏ Sentosa အိမ်ရာကို မလေးရှားနိုင်ငံ၏ အကြီးဆုံးဘဏ်ဖြစ်သည့် Malayan Banking Bhd. ၏ စင်ကာပူယူနစ်ထံမှ အိမ်ရာချေးငွေဖြင့် ဝယ်ယူခဲ့သည်။ 
ဈေးနှုန်း အတိအကျ မသိရသော်လည်း အလားတူ အိမ်ကြီးရခိုင်သည် ယခုအခါ ပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၀.၅ သန်း ရှိသည်။ 
ကျွန်းပေါ်ရှိ ဂေါက်ကွင်းကို မျက်နှာမူထားသော နောက်ထပ်အိမ်တစ်လုံး၏ အမည်ပေါက်မှာ သူ့ညီမအမည်ဖြစ်ပြီး စင်ကာပူ၏ တတိယအကြီးဆုံးဘဏ် ဖြစ်သော United Overseas Bank Ltd ထံမှ အိမ်ရာချေးငွေဖြင့် ဝယ်ယူထားသည်။ ၂၀၁၂ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁၅.၃ သန်းဖြင့် ဝယ်ယူခဲ့သည်။ 

စင်ကာပူသည် ၁၉၈၉ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့ရာ ယခုအခါ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ရှိပြီး  မြန်မာနိုင်ငံတွင် အများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ပါသည်။
Source Bloomberg Asia
 

Laws and Regulations Local News Read 896 times