လက်မှုပညာလုပ်ငန်းများအနက်မှ မြန်မာ့ရိုးရာရွှေထီးလုပ်ငန်းကို လုပ်ကိုင်သူများလည်း ရှိကြသည်။
မြန်မာ့ရိုးရာရွှေထီးလုပ်ငန်းလုပ်ကိုင်သူများမှာ တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိသည်။ ရွှေထီးလုပ်ငန်းသည် အဓိကအားဖြင့် ဝါးများကို အခြေခံ၍ ပြုလုပ်ရသော လုပ်ငန်းဖြစ်သည်။ ရွှေထီးပြုလုပ်ရန် အဓိက တင်းဝါးကိုအသုံးပြုသည်။
တင်းဝါးများကို ပထမဦးစွာ လိုအပ်သည့်ပေအတိုင်းအတာများရအောင် ဖြတ်ပေးသည်။ အများအားဖြင့် ၁၄လက်မ၊ ၁၅ လက်မနှင့် ၁၆ လက်မမှစ၍ ၁၈ လက်မအထိ ရှိကြသည်။ ဝါးကိုဖြတ်ပြီးသည်နှင့် ဓားဖြင့်ခြမ်းသည်။
ထီးအလက်နှင့် ဒေါက်စိပ်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ် ကိုင်ရသည်။ ထီးအလက်နှင့်ဒေါက်များ ရရှိသည်နှင့်တပြိုင်နက် အပေါ်မှ ဝါးကြောများကို ဖယ်ထုတ် ပစ်ရသည်။
ဝါးကြောပါဝင်နေပါက ကော်မရှိသည့်အတွက် ဝါးကြောဖယ်ထုတ်ရခြင်းဖြစ်သည်။
ထိုအလက်နှင့်ဒေါက်များကို သရော်သား၊ လက်ပံသားတို့နှင့် ပြုလုပ်ပြီး ထီးအောက်ခံ အချာနှင့် ထီးခေါင်းတွင် ဒေါက်ပေါက်၊ အလက်ပေါက် များဖောက်ကာ ချိတ်ဆက်ပေးရသည်။ ၃၆ လက်၊ ၃၆ ပေါက်ရှိသည်။
ဒေါက်များအလက်များတပ်ပြီးပါက အပ်ချည်ကြိုးဖြင့် ချုပ်ပေးရသည်။ ငါးချောင်းခြားကာ ၂ ချောင်းပူး အနေအထားဖြင့် သီဖွဲ့ရက်လုပ်သည်။
ခေါင်းအထိုင်နှင့် အချောင်များကို ကြိုးများနှင့်ရစ်ပတ်ကာ ရက်လုပ်သည်။ ရွှေထီးပြုလုပ်ရာတွင် အကြမ်းထည် ပြုလုပ်ခြင်းနှင့် အနက်ထည်ပြုလုပ်ခြင်းဆိုသော လုပ်ငန်းပိုင်းနှစ်ပိုင်း ပြုလုပ်ရသည်။
လက်ရှိကာလတွင် ရွှေထီးအကြမ်းထည်လုပ်ကိုင်သူ တစ်ဦးကို တစ်နေ့လျှင် ထီးအလက် ၂၀ ကျော်ပြီးသည်။ တစ်လက်လျှင် ငွေကျပ် ၈၀၀ ဖြင့် ဖောက်သည်ပေးသည်။ အကြမ်းထည်သမားများက အနက်ထည်နှင့် ရွှေထီးများပြုလုပ်ကာ ရွှေချပြီး ပြန်လည်ရောင်းချရသည်။ မန္တလေးမြို့တွင် မြန်မာ့ရိုးရာရွှေထီးအကြမ်းထည် ပြုလုပ်သူများ တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိကြောင်း သိရှိရသည်။
Source: Mirror