ရိုးရာထန်းခေါက်တောင်းလုပ်ငန်း


05 February, 2021

စစ်ကိုင်းမြို့နယ်အတွင်းရှိသော ရိုးရာထန်းခေါက်တောင်းလုပ်ငန်းမှာ ယနေ့အထိ ဈေးကွက်တွင် နေရာရရှိဆဲဖြစ်သည်။

ထန်းခေါက်တောင်းလုပ်ငန်းသည် မြန်မာ့လက်မှုလုပ်ငန်းစစ်စစ်ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းတွင်ရှိသော ရွာများ တွင် အဓိကထားလုပ်ဆောင်ကြသည်။

ယခုအချိန်အထိ ရွာလုံးကျွတ်လုပ်ကိုင်ဆဲဖြစ်သည်။ စစ်ကိုင်းတိုင်း၊ တောင်ညို့ကျေးရွာတွင် အိမ်ခြေ ၂၄၂ အိမ်ရှိပြီး အိမ်ထောင်စုပေါင်း ၂၆၈ စုရှိ၍ လူဦးရေ တစ်ထောင်ကျော်ရှိသည်။

လူလတ်ပိုင်းနှင့် လူကြီးများက ထန်းခေါက်တောင်းရက်ခြင်းကို အဓိကထားလုပ်ကိုင်သည်။ ထန်းခေါက်တောင်းရက်လုပ်ရန် ထန်းပင်မှ ရရှိသည့် ထန်းလက်ကိုဦးစွာ ရေစိမ် နေပူလှန်းရသည်။

ထို့နောက် တောင်းရက်ရန် သင့်လျော်သော အနေအထားရှိသည့် ထန်းလက်အပါးများကို ခွာရသည်။ ရက်ရန် အသင့်အနေအထားရောက်မှ စတင်ရက်လုပ်ကြောင်း သိရသည်။

ယာရှိသည့်သူများက ယာတစ်လှည့် တောင်းတစ်လှည့်လုပ်ကိုင်ကြသည်။ အရင်းအနှီးရှိသည့်သူများက ကိုယ်တိုင်ရက်လုပ်ပြီး မရှိသူများက နေ့စားလုပ်ကိုင်ကြောင်း တစ်ရက်လျှင် ငွေကျပ် ၄၀၀၀ မှ ၅၀၀၀ အထိ ရရှိကြောင်း သိရသည်။

တောင်းရက်သူတစ်ဦးသည် တစ်ရက်လျှင် တောင်းအလုံးရေ ၅ တောင်းမှ ၆ တောင်းအထိ ပြီးကြောင်း တစ်တောင်းလျှင် ငွေကျပ် ၁၂၀၀ မှ ၂၀၀၀ အထိ အရွယ်အစားပေါ်မူတည်၍ ဈေးရရှိသည်။

ရက်လုပ်သောတောင်းများကို အနီးပတ်ဝန်းကျင်ဒေသရှိ ၁၂ ရာသီပွဲတော်များတွင် ရောင်းချကြသည်။

လူတွင်အဝတ် တောင်းတွင်အကွပ်ဆိုသော စကားအတိုင်း တောင်းချိုး၊ တောင်းသိမ်းနှင့် တောင်းအကွပ်များ ခိုင်ခံ့လှပလျှင် ထိုတောင်းမှာ ကြာရှည်ခံကြောင်းနှင့် ထိုသို့ တောင်းကွပ်လှပရန်အတွက် လုပ်ဆောင်ရာမှာ ခက်ခဲကြောင်း သိရသည်။

တောင်းများကို ထန်းလျက်၊ ပဲ၊ နှမ်းတို့ထည့်ရာတွင် ကြာရှည်ခံကြောင်း သိရပြီး တောင်းရက်လုပ်ခြင်းလုပ်ငန်း ဆက်လက်တိုးတက်အောင်မြင်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Source: Myawaddy

How To Read 2104 times