ရှစ်လအတွင်း မြန်မာနှင့်ထိုင်း ကုန်သွယ်မှု


21 August, 2021

လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၁၉၄၀ ကျော်ရှိပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာသန်း ၁၁၈၀ ကျော် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မေလအထိ ရှစ်လအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၉၄၈ ဒသမ ၅၁၇ သန်း၊ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၁၁၈၆ ဒသမ ၂၈၅ သန်းဖြင့်ကုန်  သွယ်မှုပမာဏ ဒေါ်လာ ၃၁၃၄ ဒသမ ၈၀၁ သန်းရရှိခဲ့သည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ သန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်းတင်သွင်းထား သည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်းတင်သွင်းထားသည်။


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၂၂၂၈ ဒသမ ၆၄၁ သန်းတင်သွင်းထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၁၂ ဒသမ၂၃၄သန်း တင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်းထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနှင့် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

“NES ၂၀၂၀-၂၀၂၅ ဟာ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနဲ့ အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကကဏ္ဍတို့ အတူတကွပူးပေါင်းလုပ်ဆောင်လာနိုင်မည့် အခွင့်အရေးတစ်ခုပင်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှ အာရှတိုက်ကို အာရုံစိုက်လာခြင်းသည်လည်း မြန်မာနိုင်ငံအတွက် အခွင့်အရေးအသစ်တွေနဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ NES ကို အကောင်အထည် ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ ကမ္ဘာကြီး၏ တန်ဖိုးမြှင့်တင်မှု ကွင်းဆက်တွင် ပါဝင်နိုင်ရန် နည်းလမ်းအဖြေများ ဖော်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏ မိုက်ခရို၊အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်းနှင့်ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

 

news-eleven.com

 

Export, Import Read 604 times