မြန်မာ-စင်ကာပူ နှစ်နိုင်ငံကုန်သွယ်မှု ၁၁ လအတွင်း ဒေါ်လာသန်း ၂၆၇၀ ကျော် တင်သွင်းထား


08 October, 2021

နှစ်အလိုက် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ ကုန်သွယ်မှုစာရင်းတွင် စင်ကာပူမှ သွင်းကုန်တင်သွင်းမှု များပြားခဲ့ပြီး လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ သန်း ၂၆၇၀ ကျော်ရှိကာ စင်ကာပူက သွင်းကုန် ဒေါ်လာသန်း ၂၄၈၀ နီးပါးအထိ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

နှစ်အလိုက် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ ကုန်သွယ်မှုအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၅၃ ဒသမ ၄၉၅ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၀၈၄ ဒသမ ၆၃၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၃၈ ဒသမ ၁၂၆ သန်း ရရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ  မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၉၀ ဒသမ ၄၂၉ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈၀၆ ဒသမ ၈၂၉ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၉၉၇ ဒသမ ၂၅၈ သန်း ရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ  ၃၄၄ ဒသမ ၇၄၀ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၁၆၂ ဒသမ ၅၁၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၅၀၇ ဒသမ ၂၅၀ သန်း ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၅၃ ဒသမ ၁၁၄ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၀၅၂  ဒသမ ၁၉၄ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၀၅ ဒသမ ၃၀၇ သန်း ရရှိခဲ့သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း လုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

“ NES ၂၀၂၀-၂၀၂၅ ဟာ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနဲ့ အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကကဏ္ဍတို့ အတူတကွ ပူးပေါင်း လုပ်ဆောင်လာနိုင်မည့်  အခွင့်အရေးတစ်ခုပင် ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှ အာရှတိုက်ကို အာရုံစိုက်လာခြင်းသည်လည်း မြန်မာနိုင်ငံအတွက် အခွင့်အရေးအသစ်တွေနဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။  NES ကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ ကမ္ဘာကြီး၏ တန်ဖိုးမြှင့်တင်မှု ကွင်းဆက်တွင် ပါဝင်နိုင်ရန် နည်းလမ်းအဖြေများ ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏  မိုက်ခရို၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်၌ လက်ရှိ တင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည် ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လေးလအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၆၀၀ ကျော်အထိ ကုန်သွယ်မှု ပြုလုပ်ထားပြီး မြန်မာဘက်မှ ကုန်သွယ်မှု အသာစီးရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇန်နဝါရီအထိ လေးလအတွင်း မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၉၁၉ ဒသမ ၇၁၅ သန်းရှိပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၇၀၀ ဒသမ ၄၆၃ သန်းရှိကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆၂၀ ဒသမ ၁၇၇  သန်း ရှိသည်။

Source: news-eleven.com

Local News Read 807 times