နေ့စဉ်နေထိုင်မှုပုံစံများတွင် အာဟာရဖြည့်တင်းရခြင်းသည်လည်း အပါအဝင်ဖြစ်သည်။ ပုံမှန် မနက်နှင့် ညစာ စားသုံးရုံဖြင့် မလုံလောက်သောကြောင့် သွားရေစာဆိုသည့်အရာကိုပါ တွဲဖက်ရသည်။
မြန်မာ့ရိုးရာမုန့်များအပြင် ပြည်ပက တင်သွင်းသည့် မုန့်အမျိုးမျိုး၊ ခေတ်မှီစက်ကိရိယာများဖြင့် တွဲဖက်ထုတ်လုပ်သော မုန့်အမျိုးမျိုးသည် နေ့စဉ်ဘ၀ စားသုံးကြရသည့် သွားရေစာထဲတွင် ပါဝင်ပက်သက်နေကြပါသည်။ ထိုကဲ့သို့လုပ်ကိုင်ကြသည့်မုန့်များတွင် အချိုဓါတ် အနည်းနှင့်အများပါဝင်သည်။
အချိုအတွက် အဓိကကုန်ကြမ်းအဖြစ် သကြားကို အသုံးပြုရသည်။ မြန့်မာ့ရိုးရာ အချို့သောမုန့်များတွင် အချိုလေးလိုခြင်းနှင့် တာရှည်ထားရန်မလိုအပ်ခြင်းကြောင့် ထန်းလျက်ကိုအသုံးပြုကြသည်။ ရက်ကြာကြာ အသုံးခံရန်နှင့် အရသာပုံမှန်ရနေရန်အတွက် သကြားကိုသာ အသုံးပြုရသည်ကိုတွေ့ရသည်။ ဤသို့ဖြင့်မုန့်မျိုးစုံ လုပ်ငန်းများတွင်သကြားသည် မရှိ၍မဖြစ်သည့် အဓိကကုန်ကြမ်းဖြစ်လာသည်။ နေ့စဉ်လိုလို သောက်သုံးဖြစ်ကြသည့် လ္ဘက်ရည် နှင့် ကော်ဖီတွင်လည်း သကြားသည် အဓိကဇာတ်လိုက်ဆိုသည်မှာ အသေအချာဖြစ်သည်။ ဘီစကစ်လုပ်ငန်း၊ နို့ဆီချက်အလုပ်ရုံနှင့် အချိုရည်စက်ရုံများသည် သကြားမရှိလျှင်ရပ်တည်၍ မရကြောင်းမှာသေချာလှသည်။
သကြားဆိုသည့်အရာ
****
သကြားကိုလူများအသုံးပြုလာကြသည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်သွားပြီဟု သိရပါသည်။ မြန်မာ့စွယ်စုံကျမ်း၏အဆိုအရ ယေရှုခရစ်မွေးပြီး အေဒီ ၄၀၀ တွင် အိန္ဒိယနိုင်ငံ၌ ကြံပင်ကိုသကြားချက်လုပ်ခဲ့သည်ဟု သိရသည်။ အေဒီ ၅၀၀ ခန့်တွင် အိန္ဒိယမှတဆင့်အရှေ့အိန္ဒိယကျွန်းစု၊ တရုတ်နိုင်ငံ၊ ပါရှားနိုင်ငံ၊ ထို့နောက် အေဒီ ၇၀၀ တွင် စပိန်၊ အေဒီ ၈၀၀ တွင် ဥရောပတောင်ပိုင်းနိုင်ငံများနှင့် အာဖရိကမြောက်ပိုင်းနိုင်ငံများသို့ သကြားလုပ်နည်း ပျံ့နှံ့ရောက်ရှိခဲ့သည်ဟု တဆက်တည်းလေ့လာတွေ့ရှိရပါသည်။ ထို့နောက်ပိုင်းတွင် တစ်နေရာမှ နောက်တစ်နေရာသို့ ကူးစက်ရောက်ရှိပြီး တစ်ကမ္ဘာလုံး သကြားပြုလုပ်စားသုံးလာကြပါသည်။ မြန်မာနိုင်ငံကို သကြားရောက်လာချိန်သည် အခြားဒေသများထက် များစွာနောက်ကျသည်။
မှတ်တမ်းမှတ်ရာများအရ ၁၈၅၈ မှ ၁၈၇၈ အတွင်းမြန်မာဘုရင်မင်းတုန်းမင်း၏ ညီတော် အိမ်ရှေ့စံမင်းသားကြီး ကနောင်မင်းသားတည်ဆောက်ခဲ့သည့်စက်ရုံ ၅၀ တွင် သကြားစက်ရုံ ပါဝင်ခဲ့ပြီး ယင်းစက်ရုံကို မန္တလေးမြို့အနောက်မျက်နှာ ပိုက်ကျုံးတံခါးအထွက် လက်ဝဲဘက်နေရာတွင် တည်ဆောက်ခဲ့သည်ဟု မှတ်သားရသည်။
နည်းစနစ်များ တစ်ရက်ချင်းပြောင်းလဲ တိုးတက်လာခဲ့ပြီးနောက် နိုင်ငံတကာတွင် သကြားကို ကြံပင်တစ်မျိုးတည်းမှသာမက သကြားမုန်လာ၊ မေပယ်ပင်၊ စပျစ်သီး၊ ပြောင်းတို့မှတဆင့် ချက်လုပ်လာနိုင်ခဲ့ပါသည်။ မြန်မာနည်းပညာရှင်များအနေဖြင့် ထန်းလျက်ကို ပွက်ရည်ရောချက်သည့်နည်းဖြင့် သကြားကို ထန်းရည်မှ ထုတ်လုပ် နေကြပြီး ဈေးကွက်တွင် ထန်းသကြားအဖြစ်ထိုးဖောက်နေပါသည်။
သကြားအတွက်ကုန်ကြမ်း
****
မြန်မာ့သကြားထုတ်လုပ်ရန်အတွက်အဓိကကုန်ကြမ်းမှာ ကြံပင်ဖြစ်ပါသည်။ ဒေသအမျိုးမျိုး၊ ရာသီအမျိုးမျိုးတွင် ကြံပင် ရှင်သန်ပေါက်ရောက်နိုင်သည်ဆိုသော်လည်း အပင်စတင်ကြီးထွားချိန်၌ ရေများများရှိရန် လိုသလို အချိုရည် သိုလှောင်ချိန် (ရင့်ရွှမ်းချိန်) တွင်ခြောက်သွေ့နေဖို့လိုပါသည်။ စနစ်တကျပြုစုစိုက်ပျိုးပေးမှသာလျှင် သကြားထုတ်လုပ်နိုင်သော အရည်အသွေးပြည့် ကြံပင်ကိုရရှိမည်ဖြစ်သည်။ မြေစေး၊ နုန်းမြေသည် ကြံပင်ကြိုက်နှစ်သက်သော မြေအမျိုးအစားဖြစ်ပြီး ချောင်းနှင့်မြောင်းနံဘေးတွင် စိုက်ပျိုးခြင်းသည် ပိုမိုအောင်မြင်ဖြစ်ထွန်းသည်ကိုတွေ့ရသည်။ သကြား ထုတ်လုပ်ရန်အတွက် ကြံစိုက်ပျိုးခြင်းသည်မလုပ်မဖြစ် လုပ်ငန်းဖြစ်သည်။ ကြံစိုက်ပျိုးသူများကိုကြံတောင်သူ ဟု ခေါ်ဝေါ်ကြသည်။ ကြံတောင်သူများစိုက်ပျိုးထားသည့်ကြံများကို သကြားစက်ရုံများမှဝယ်ယူ၍ သကြားဖြစ်စေရန် ပြုလုပ်ရခြင်းဖြစ်သည်။
စက်ရုံအလုပ်ရုံများနှင့်ကြံတောင်သူတို့၏ ပူးပေါင်းအားနှင့်ထုတ်လုပ်လုပ်ကိုင်ရသော လုပ်ငန်း ဖြစ်သောကြောင့် စက်မှုနှင့် လက်မှု မဟာမိတ်လုပ်ငန်းဟုပြော၍ရသည်။ အချိုဓာတ်များပြီး ရင့်ရွှမ်းနေသောကြံကို ကြိတ်ခွဲနိုင်မှသာ ကောင်းမွန်သောသကြားကိုရရှိနိုင်မည်ဖြစ်သည်။ ၂၄ နာရီ ထိုထက်ပို၍ ၄၈ နာရီထက်ကျော်လွန် သွားလျှင် ကြံပင်သည်ခြောက်သွေ့၍ အရည်ခမ်းသွားတတ်သဖြင့် ခုတ်သိမ်းထားသောကြံများကို စက်ရုံသို့လျှင်လျှင် မြန်မြန်ပို့ဆောင်ပေးရသည်။
ထို့ကြောင့် ကြံခင်းများသည်စက်ရုံနှင့်နီးကပ်စွာရှိနေရန်လိုအပ်သည်။ သို့မဟုတ် ကြံခင်းများ အနီးတွင် စက်ရုံဆောက်ရန်လိုအပ်သည်။ ကြံရာသီရောက်ပြီဆိုသည်နှင့်သကြားစက်များသည် ၂၄ နာရီပိတ်ချိန်မရှိပဲ လာရောက်ပို့ဆောင်ပေးသည့် ကြံတောင်သူများ၏ကြံပင်များကို တဆက်တည်းကြိတ်ခွဲပေးကြရသည်။ ကြံရာသီ ဆိုသည်မှာကြံပင်ကြီးထွားရင့်သန်၍ ခုတ်သိမ်းချိန်ဖြစ်သည့် စက်တင်ဘာ၊ အောက်တိုဘာလ မှ မတ်၊ ဧပြီ အချိန်ကို ခေါ်သည်။ ထိုအချိန်များတွင် ကြံတောင်သူနှင့် ကြံစက်ရုံလုပ်သားများ များစွာအလုပ်များချိန်ဖြစ်သည်။
ဈေးကွက်ထဲမှသကြား
****
သကြားသည်တနိုင်ငံလုံး၏စားသုံးမှုလိုအပ်ချက်အတွက် ဈေးကွက်ထဲတွင်ပုံစံအမျိုးမျိုး ဈေးအမျိုးမျိုးဖြင့် ဝင်ရောက်နေရာယူလျှက်ရှိသည်။ စက်ကြီးသကြား၊ စက်ကလေးသကြား၊ နိုင်ငံခြားသကြား၊ ထန်းသကြား စသည်ဖြင့် အမျိုးအစားခွဲ၍ရောင်းချကြသည်။ အရည်အသွေးပေါ်လိုက်၍ ထိတ်စ၊ အလတ် နှင့် အညံ့စဟူ၍ သုံးမျိုးခွဲ ရောင်းချ ကြသည်ကိုတွေ့ရသည်။ နိုင်ငံပိုင်စက်များမှထုတ်လုပ်သောသကြားကို စက်ကြီးသကြားဟုခေါ်ကြပြီး ပုဂ္ဂလိကစက်များမှ ထွက်ရှိသည်ကိုစက်ကလေးသကြားဟုခေါ်ကြသည်။
စက်ကြီးသကြားကို စက်ကလေးသကြားထက် လူကြိုက်များကြောင်း တွေ့ရသည်။ အကြောင်းမှာ ကြံမှတိုက်ရိုက်ထုတ်လုပ်ခြင်းနှင့် ထန်းလျက်အရောကင်းသောကြောင့်ဖြစ်သည်။ နို့ဆီ၊ သကြားလုံး၊ ဖျော်ရည်နှင့် ဘီစကစ်စသော တာရှည်ခံ စားသောက်ကုန်များအတွက် စက်ကြီးသကြားသည် အသင့်တော်ဆုံး ဖြစ်သည်ဟုသိရသည်။ ယခုအခါလုပ်ငန်းရှင်များက ငွေအားပညာရှင်အား များစွာစိုက်ထုတ်လျှက် အစိုးရနည်းတူ စက်ကြီးသကြားများကိုထုတ်လုပ်ဖြန့်ဖြူးနိုင်ကြပြီဖြစ်သည်။ ငွေရည်ပုလဲနှင့် ဂရိတ်ဝေါလ် သကြားစက် များသည် ပုဂ္ဂလိကစက်များတွင် ထင်ရှားနာမည်ရသည့်စက်ကြီးများဖြစ်သည်။
မုန့်မျိုးစုံနှင့်အခြားစားသောက်ကုန်များအတွက် သကြားကိုမရှိမဖြစ်သုံးစွဲနေရခြင်းကြောင့် သကြားစက်ကြီးများ၏ထုတ်လုပ်နိုင်မှုသည် မလုံမလောက်ဖြစ်လာခဲ့ရသည်။ ထိုအခါ ပုဂ္ဂလိကလုပ်ငန်းသမားများကနည်းလမ်းရှာပြီး ကိုယ်ပိုင်စက်ကလေးများဖြင့် သကြားကိုထုတ်လုပ်ကြသည်။ စက်ကြီးသည် ကြံကိုတိုက်ရိုက်ကြိတ်သော်လည်း စက်ကလေးကကြံကို ကြိတ်၍ ချက်ပြီးမှရသော ပွက်သား (ပွက်ရည်) ဖြင့် ကြိတ်သည်။ ထန်းလျက်ရာသီတွင် အချို့ကလည်းပွက်ရည်ကို ထန်းလျက်ရောပြီး သကြားချက်ကြသည်။ ထန်းလျက်ရောထားသော သကြားကိုထန်းသကြားဟု ခေါ်ကြသော်လည်း ဈေးကွက်တွင် လူကြိုက်နည်းခြင်းကြောင့် အတွေ့ရနည်းသည်။ ကြံရာသီကုန်ဆုံးချိန်နှင့် သကြားတုံးချိန်ရောက်မှသာ အလုံးအရင်းနှင့် ဈေးကွက်တွင် နေရာယူသော ကုန်ပစ္စည်းမျိုးဖြစ်သည်။ ထန်းသကြားသည် မူလထန်းရည်သဘာဝကို မဖျောက်နိုင်ခြင်းကြောင့် အစိုပြန်လွယ်ခြင်း၊ ကဇော်ပေါက်ခြင်း၊ အနံ့ပေးခြင်း၊ တာရှည်မခံခြင်းတို့ကြောင့် လုပ်ငန်းသမားများက ရှောင်ကြသည်။ ချက်ချင်းလုပ်၊ ချက်ချင်းစားသောက်နိုင်သော မြန်မာမုန့်သမားများက အချိုလေးခြင်းနှင့်ဈေးသက်သာခြင်းကြောင့် ကြိုက်နှစ်သက်သည်ကို တွေ့ရသည်။
မြန်မာ့သကြားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရည်အသွေးမှီထန်းသကြားကို ထုတ်လုပ်နိုင်ရန် သကြားသမားများမှ ကြိုးပမ်းနေကြသည်ဟုသိရသည်။ အချိုရည်နှင့်မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်များကလည်း ထန်းသကြားကိုတာရှည်ခံ၍ အရည်အသွေးကောင်းသောသကြားအဖြစ် ထုတ်လုပ်နိုင်ပါက အားပေးအသုံးပြုနိုင်မည့်အကြောင်း လေ့လာမှုတစ်ခုမှသိခဲ့ရသည်။ သကြားကောင်းမကောင်းကို အမြင်နှင့် အတိအကျမသိရဘဲ ကျိုချက်၍စမ်းသတ်ကြည့်ရသေးသည်။ ပျော်နေသော သကြားရည်၏အရောင်မှာ မဲပြာနေလျှင် လုပ်ငန်းတွင်း အသုံးမပြုသင့်ဘဲ အရောင်မှာကြည်လင်၍ဝင်းနေလျှင် အရည်အသွေးကောင်းသည်ဟု သတ်မှတ်ကြသည်။ အိန္ဒိယသကြားနှင့် အစိုးရစက်ကြီးသကြားသည် ဖျော်ရည်လုပ်ငန်းအတွက် အသင့်တော်ဆုံးဖြစ်ကြောင်းနှင့် နိုင်ငံခြားမှ သကြားကို လိုအပ်ချက်အရသာဝယ်ယူသုံးစွဲနေရသော်လည်း မြန်မာ့သကြား၏ အရည်အသွေးကို လိုက်မမှီကြောင်း ဖျော်ရည်လုပ်ငန်းရှင် တစ်ဦးကပြောပြပါသည်။ မြန်မာကိုသကြားတင်ပို့နေသောနိုင်ငံများမှာ ယိုးဒယား၊ အိန္ဒိယ၊ တရုတ်နှင့် ဘရာဇီးနိုင်ငံ တို့ဖြစ်ပြီး တရုတ်သကြားမှာဈေးအပေါဆုံးနှင့် အရည်အသွေးအနိမ့်ဆုံးဖြစ်သည်။ တရုတ်သကြားသည် အရည်အသွေးနိမ့်သည်ဆိုသော်လည်း မြန်မာ့သကြားများပြတ်သွားချိန်တွင် မရှိသုံး သုံးရခြင်းဖြစ်ပြီး ထန်းရောနေသော သကြားများထက်မူ ပို၍ကောင်းသည်ဟု မန္တလေးမှ ထိုးမုန့်လုပ်ငန်းရှင်တစ်ဦး၏ မှတ်ချက်စကားအရ သိရသည်။ လုပ်ငန်းသမားများသည် ထန်းသကြားကိုများစွာ ရှောင်သောကြောင့် သကြားပွဲရုံများတွင် ''ထန်းလျက်မပါပါ'' ဟု စာရေးထားသည့် သကြားအိတ်များကို ရောင်းချပေးနေသည်ကို တွေ့ရသည်။
ထန်းသကြား၏အလားအလာ
****
မြန်မာပြည်အလယ်ပိုင်းဒေသများတွင် ထန်းသကြားကိုအများဆုံးလုပ်ကိုင်သည်ဟုကြားသိရသည်။ ထန်းရည် လှိုင်လှိုင်ထွက်သောအချိန်၊ ထန်းလျက်ပေါသောအချိန်၌ သကြားအဖြစ်ကြိုချက် လုပ်ကိုင်ကြခြင်းဖြစ်သည်။ သကြားစက်များရပ်သွားပြီး သကြားရှားချိန်နှင့်ကိုက်၍ ဈေးကွက်တွင်းသို့ပို့ဆောင်ရောင်းချကြသည်။ ထန်းသကြားသည် လေးပင်သောအရသာရှိ၍ဈေးသက်သာသည်။ အရောင်ညိုညစ်သည်။ ဓာတ်သဘာဝအရ ထန်းလျက်သည်အပူဖြစ်ပြီး၊ သကြားမှာ အအေးဓာတ်ဖြစ်သည်။ နို့ဆီ၊ သကြားလုံး၊ ဖျော်ရည် တို့သည် အအေးသဘာ၀ ဖြစ်သဖြင့် လုပ်ငန်း၌ ကိုက်ညီမှုမရှိသည်ကို တွေ့ရသည်။ ဖျော်ရည်ပုလင်းများသည် နှစ်ပေါက်အောင်ထားရခြင်းများလည်းရှိပြီး တာရှည်ခံရန် အဓိကလိုအပ်သည်။ ထန်းသကြားကို ဖျော်ရည်အတွက် သုံးမိပါက ဖျော်ရည်ပုလင်းဖုံးများတွန်းကန် ပေါက်ထွက်တတ်ခြင်း၊ ထန်း၏ပင်ကိုဗီဇအတိုင်း ကဇော်ပေါက်သောကြောင့် ဖျော်ရည်များပျက်စီးသွားခြင်းများ ကြုံရသည်။ ထို့ကြောင့် မြန်မာ့ထန်းသကြားလုပ်ငန်းသမားများသည် ထန်းရည်၏ ပင်ကိုပါလာသည့် ဓာတ်သဘောများကို ဖျောက်နိုင်ရန် အရေးကြီးလှသည်။ ထိုမှသာကြံသကြားကိုရင်ပေါင်တန်းလိုက်နိုင်မည်ဖြစ်သည်။ နို့ဆီလုပ်ငန်းကဲ့သို့သော သကြား အဓိကလုပ်ငန်းများကိုအသုံးပြုနိုင်အောင် အရည်အသွေးမြှင့်ပေးမည်ဆိုပါက ကြံသကြားနှင့်အပြိုင် ဈေးကွက် ခိုင်ခိုင် မာမာရလာနိုင်သည်မှာသေချာသည့် ကုန်ပစ္စည်းဖြစ်သည်။ ဈေးနှုန်းသင့်ပြီးသုံးစွဲသူနှစ်သက်သော အရည်အသွေးမျိုး ရအောင် ထန်းသကြားကိုလုပ်ကိုင်နိုင်လျှင် ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ပြည်ပမှမှာယူ တင်သွင်းနေရသည့် သကြားတန်ဖိုးငွေများကိုလည်း လျော့ချနိုင်မည်ဖြစ်သည်။
မြန်မာ့သကြား
****
မြန်မာ့သကြားစားသုံးမှုလုံလောက်စေရန် စစ်ကိုင်း၊ မန္တလေး၊ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဖြူး၊ တောင်ကြီး၊ သာယာဝတီ၊ တိုက်ကြီး၊ ဇေယျဝတီ၊ ပဲနွယ်ကုန်း၊ မြင်းခြံ၊ မြို့လှ၊ သာဂရ၊ ဆွာ စသည့်ပြည်နယ်၊ တိုင်း ဒေသ နေရာ အနှံ့တွင်သကြားစက်များကိုတည်ထောင်၍ သကြားထုတ်လုပ်လျှက်ရှိသည်။ မြန်မာ့ကြံလုပ်ငန်းအနေဖြင့်လည်း တစ်ဧက အထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ သကြားအထွက်ကောင်းသည့်ကြံအမျိုးအစားကောင်းများ စိုက်ပျိုးနိုင်ရေး၊ မိုးခေါင် ရေဝပ်သည့်ဒဏ်ခံနိုင်မည့်မျိုးများ စိုက်ပျိုးနိုင်ရေး၊ ဒေသနှင့်လိုက်လျောညီထွေအဆင်ပြေသည့်မျိုးများ ရရှိစိုက်ပျိုးရေး၊ ကြံများတွင်ဖြစ်ပွားတတ်သော အူနီရောဂါခံနိုင်သည့်မျိုးများရရှိနိုင်ရေးအတွက် သုတေသနပြုအကူအညီပေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အဆုံးသတ်အနေဖြင့် ပြည်တွင်းစားသုံးမှုတွင် သကြားသည်မရှိမဖြစ်ကုန်ပစ္စည်းဖြစ်ပြီး ပြည်ပမှမှာယူတင်သွင်းနေရသောကြောင့် နိုင်ငံခြားငွေကုန်ကျမှုများရှိနေခြင်းကို သက်သာစေရန်အတွက် ကြံတောင်သူများနှင့် သကြားလုပ်ငန်းရှင်များသည် ပူးပေါင်းညီညွတ်စွာထုတ်လုပ် လုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။